【 ဆောင်းပါး 】တောင်ပတ်လည်ဝိုင်းကာ အေးချမ်းလှတဲ့ ကွေ့ကျိုးပြည်နယ်

【 ဆောင်းပါး 】တောင်ပတ်လည်ဝိုင်းကာ အေးချမ်းလှတဲ့  ကွေ့ကျိုးပြည်နယ်

ကွေ့ကျိုးပြည်နယ် (Guizhou) ဟာ တောတောင်များကြောင့် နာမည်ကျော်ကြားပြီး တောတောင်များကြောင့်ပင် သာယာလှပနေပါတယ်။

ကွေ့ကျိုးပြည်နယ်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ တည်ရှိပြီး တောင်တန်းတွေ ပတ်လည်၀ိုင်းနေတဲ့ အေးချမ်းတဲ့မြို့လေးပဲ ဖြစ်ပါတယ်။

ပြည်နယ်တစ်ခုလုံးမှာ လူဦးရေသန်း (၄၀)ခန့်ရှိပြီး အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၁၇၆၁၆၇ ကျယ်ဝန်းပါတယ်။ ကွေ့ကျိုးပြည်နယ်မှာ မြို့ပေါင်း (၉)မြို့ရှိပြီး အဓိကစီးပွားရေးဟာ စိုက်ပျိုးရေး ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိပ္ပံနည်းပညာတွေ တိုးတက်ထွန်းကားလာတာဖြစ်တာကြောင့် ကွေ့ကျိုးပြည်နယ်ရဲ့အဓိကစီးပွားရေးဟာလည်း သိပ္ပံနည်းပညာဖြစ်လာတယ်လို့ သိရပါတယ်။

ကွေ့ကျိုးပြည်နယ်အတွင်းမှာ အဓိကအနေနဲ့ စိုက်ပျိုးရေးမှာ ဆန်စပါးနဲ့ ပြောင်းဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံက ရှမ်းပြည်နယ်လို တောင်တန်းများစွာရှိပြီး  လက်ဖက်စိုက်ပျိုးရန် သင့်လျော်တဲ့  အပူလျော့ပိုင်း မုတ်သုံရာသီဥတုရှိတာကြောင့်  တောင်ပေါ်ဒေသ အများအပြားမှာ လက်ဖက်ပင်တွေကို များစွာစိုက်ပျိုးထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လက်ဖက်စိုက်ခင်းအများအပြားကိုတော့ ကွေ့ကျိုးပြည်နယ်ရဲ့သူးလွင်မြို့၊ မေထန်မြို့နဲ့အများအပြားမှာ လက်ဖက်ပင်များစိုက်ပျိုးထားတာကိုလည်း တွေ့ရှိရမှာဖြစ်တဲ့အပြင် ပြည်နယ်ရဲ့ တောင်ပိုင်းမြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာလည်း စိုက်ပျိုးကြပါတယ်။

တရုတ်နိုင်ငံထဲမှာ နွေရာသီဆို အပူချိန်မြင့်မားတဲ့  မီးဖိုမြို့တင်စားခေါ်ဝေါ်တဲ့ မြို့  (၄)မြို့ ရှိပါတယ်။ အဲဒီမြို့တွေကတော့ ချန်ဆားမြို့၊ နန်ချန်းမြို့၊ ချုံချင့်မြို့နဲ့ ဝူဟန့်မြို့တို့ပဲ ဖြစ်ကြပါတယ်။ ချုံချင့်မြို့ဟာ  ကွေ့ကျိုးပြည်နယ် ကြွင်းယိမြို့နားမှာတည်ရှိတဲ့အတွက် နွေရာသီမှာ ချုံချင့် မြို့သူမြို့သားတွေက ကြွင်းယိမြို့ကို နွေရာသီအပူရှောင်ရင်း အပမ်းဖြေအနားယူလာကြတာဖြစ်တာကြောင့် ကြွင်းယိမြို့ ရဲ့ခရီးသွားလုပ်ငန်းကို ချုံချင့်မြို့သူ မြို့သားတွေ အများအပြားလာရောက်လည်ပတ်ကြတယ်လို့သိရပါတယ်။

ကြွင်းယိမြို့ဟာ မြန်မာနိုင်ငံက ပြင်ဦးလွင်ကဲ့သို့ ပုံသဏ္ဍန်ဆင်တူနေပြီး  လှပတဲ့ တောင်တန်းတွေကြားမှာ အလွန်အေးချမ်းလို့  မြန်မာနိုင်ငံက ပြင်ဦးလွင်မြို့လိုပဲ ပန်းမျိုးစုံကို အများအပြားစိုက်ပျိုးကြတာဖြစ်ပါတယ်။နွေဦးရာသီမှာ စိုက်ပျိုးထားတဲ့ပန်းမျိုးစုံကို တစ်မြို့လုံးကိုလွမ်းခြုံထားတာကြောင့် မြို့သူမြို့သားတွေကိုသာမက  လာရောက်အပန်းဖြေလည်ပတ်ကြတဲ့ ခရီးသွားတွေရဲ့ စိတ်နှလုံးကိုပါ ပျော်ရွင်ချမ်းမြေ့မှု ဖြစ်စေပါတယ်။

ကွေ့ကျိုးပြည်နယ်၊ မေထန်ခရိုင်မှာ မြို့ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ လက်ဖက်ရည်အိုးနဲ့ ရေနွေးခွက်ပုံစံ အဆောက်အဦးဟာဆိုရင် မြို့ရဲ့မြင့်မားတဲ့နေရာမှာတည်ရှိပြီး အဆောက်အဦးထဲတွင် များပြားလှသော ဆိုင်ခန်းများ၊ ပြခန်းများ၊ နိုင်ငံအလိုက် လက်ဖက်ရည်ကြမ်းသုံးဆောင်ပုံ ယဉ်ကျေးမှုပြခန်းတွေကိုအပါဝင် မြောက်များစွာသောပြခန်းတွေပါဝင်ပြီး ခေတ်မီအပြင်အဆင်တွေနဲ့  ခမ်းနားထည်ဝါစွာတည်ဆောက်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ဖက်ရည်အိုးကြီးရဲ့ အမြင့်ဟာ (၄၉)မီတာ မြင့်ပြီး၊ အချင်း (၂၄)မီတာ၊ အကျယ်အဝန်း စတုရန်း မီတာ (၅၀၀၀)ကျယ်ဝန်းပါတယ်။

လက်ဖက်ရည်အိုးနဲ့ ဆက်စပ်အဆောက်အဦးများတည်ဆောက်တဲ့နေရာ အကျယ်အဝန်းကတော့ စတုရန်းမီတာ (၆၀၀၀၀)ရှိပါတယ်။ အဲ့ဒီအဆောက်အဦးကို မေထန်ခရိုင်ရဲ့ အရပ်မျက်နှာ အဖက်ဖက်မှမြင်တွေ့ရပြီး ကွေ့ကျိုးပြည်နယ်ရဲ့ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုကို ပေါ်လွင်စေတဲ့ ပြယုဂ်တစ်ခုလဲဖြစ်ပါတယ်။ မေထန်ခရိုင်မှာ တည်ရှိတဲ့၊ မြောက်လတ္တီတွဒ် (၂၇)ဒီဂရီစင်တီဂရိတ် လက်ဖက်ခြံဟာဆိုရင် မြောက်လတ္တီ တွဒ် (၂၇)ဒီဂရီမှာတည်ရှိတဲ့အတွက် လက်ဖက်စိုက်ပျိုးဖို့ အသင့်တော်ဆုံး ရာသီဥတုနေရာဖြစ်သောကြောင့် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးထားတဲ့  လက်ဖက်စိုက်ခင်းဧကပေါင်းများစွာရှိနေပါတယ်။

မေထန်ခရိုင်မှာတည်ရှိတဲ့ လက်ဖက်ခြောက်စက်ရုံဟာဆိုရင် စွင်းကျွန်းခေတ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ရှေးယခင်လူကြီးများ၏ လက်ဖက်ခြောက်ပြုလုပ်ပုံအဆင့်ဆင့်နှင့် လက်ဖက်ခြောက်ပြုလုပ်ရာတွင် အသုံးပြုသော စက်ပစ္စည်းများကိုလေ့လာသိရှိရန်အတွက် ယခုအခါပြတိုက်အဖြစ် စနစ်တကျထိန်းသိမ်းထားရာ နေရာ တစ်ခုအဖြစ် ရှိနေပါတယ်။ မေထန်ခရိုင်မှာတည်ရှိတဲ့ သူးယွင်မြို့မှာလည်း  များပြားကျယ် ဝန်းလှတဲ့ လက်ဖက်စိုက်ခင်းတွေကို တောင်တန်းများတစ်လျှောက် မျက်စိတဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ သူးယွင်မြို့မှာဆိုရင် လက်ဖက်စိုက်ခင်းများ၊ လက်ဖက်ခြောက်စက်ရုံများနဲ့ ဒေသခံတောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်ဟာ တောင်တန်းတွေကြားက အေးချမ်းလှပတဲ့ တောင်ပေါ်ဒေသဖြစ်ပါတယ်။ လက်ဖက်ခြောက် လုပ်ငန်းကိုအထူးအလေးထားသည့်အပြင် လက်ဖက်ရည်ကြမ်းယဉ် ကျေးမှုကိုလည်း တန်ဖိုးထားကြောင်း ကွေ့ကျိုးပြည်နယ်ရှိမြို့အသီးသီးမှ လက်ဖက်စိုက်ခင်းတွေနဲ့ လက်ဖက်ရည်အိုး၊ ရေနွေးခွက်ပုံအဆောက်အဦးတွေက သက်သေပြနေပါတယ်။

ကွေ့ကျိုးပြည်နယ် (Guizhou) ဟာ တောတောင်များကြောင့် နာမည်ကျော်ကြားပြီး တောတောင်များကြောင့်ပင် သာယာလှပသလို ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်သော ဖန့်ကျင့်တောင် (Fanjing)၊ လိပေါကောင်တီ (Libo) ရှိ ထုံးကျောက်တောင်များ၊ ကြီးကျယ်ခမ်းနားလှကာ ချိဆွေမြို့ (Chishui) ရှိ Danxia (ခေါ်) ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်ရှုခင်းနေရာများလည်း ရှိပါတယ်။

ဒီဒေသမှာ အာရှတိုက်၏ အကြီးဆုံးရေတံခွန်ဖြစ်သော ဟွမ်ကောစုရေတံခွန် (Huangguoshu) ၊ ကျယ်ပြောလှသော ဝမ့်ဖုန်းသစ်တော (Wanfeng) ၊ ရှေးဆန်၍ ငြိမ်သက်အေးချမ်းသော မြောင်လူမျိုး (Miao) နှင့် တုန့် လူမျိုး (Dong) တို့၏ ဌာနေနှင့် အသွင်စုံလင်ခမ်းနားသော လူနည်းစုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကို တွေ့မြင်ခံစားနိုင်ပြီး သာယာလှပသော တောတောင်ရေမြေ ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေကာ မြင်မြင်ရသမျှက ရင်သပ်ရှုမောဖွယ်ရာများပင် ဖြစ်နေပါတော့တယ်။

ကရင်လေး (အိမ်မဲ)