【 ဆောင်းပါး 】ဒစ်ဂျစ်တယ်ငွေကြေးနှင့် မြန်မာပြည်အလည်လာသည့် တရုတ်ခရီးသွားများ

【 ဆောင်းပါး 】ဒစ်ဂျစ်တယ်ငွေကြေးနှင့် မြန်မာပြည်အလည်လာသည့် တရုတ်ခရီးသွားများ

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက်တွင် မြန်မာနိုင်ငံသည် လည်ပတ်စရာနေရာများစွာရှိသလို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များလည်း အများအပြား လာရောက်လည်ပတ်လေ့ရှိကြသည်။

ကိုဗစ်မတိုင်ခင် ၂၀၂၀ ပြည့်နှစ် အရှေ့ပိုင်းကလည်း နှစ်စဉ်ကမ္ဘာလှည့်ဧည့်သည်များ လာရောက်မှုအခြေအနေမှာ နှစ်စဉ်လိုလို တိုးလာခဲ့သလို ယင်းအနက်တွင် တရုတ်ခရီးသွားဧည့်သည်များလည်း အပါအဝင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသွား ၂ ဒသမ ၉၀ သန်း လာရောက်လည်ပတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်းထိ တိုးကာ လာရောက်လည်ပတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလ ၂၀ ရက်မှစတင်ကာ ကမ္ဘာလှည့်ခရီးသည်များအပေါ် မြန်မာနိုင်ငံဘက်မှ Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသွားများ အများအပြားဝင်ရောက်လာခဲ့သည်။ မေ လ ၂၄ ရက်မှ စတင်ကာ ဇွန် ၉ ရက်အထိ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတကာ လေကြောင်းလိုင်း ရှစ်ခုမှလည်း နေ့စဉ်ဆင်းသက် ပျံသန်းပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္တာလှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ e-Visa Tourist အမျိုးအစား လျှောက်ထားမှုများကို ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှစတင်ကာ တိုးမြှင့်ခွင့် ပြုပေးခဲ့သည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရန် အတွက် Online e-Visa (Business) လျှောက်ထားမှု လုပ်ငန်းစဉ်များကိုလည်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ လေကြောင်းလိုင်းခရီးစဉ်များကို ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည့်အတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှာ အများအပြား ဝင်ရောက်နေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ လာရောက်သည့်အခါ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ပတ်သက်၍ ရွေးချယ်စရာ အမျိုးမျိုးရှိနေသည်။ အကြွေးကတ်များဟူ၍ လူသိများကြသော Visa၊ Mastercard နှင့် American Express များမှာ မြန်မာနိုင်ငံရှိ ကုန်သည်များအချင်းချင်းကြားတွင် ငွေပေးချေနိုင်သော်လည်း ဆိုင်ငယ်များ၊ လမ်းဘေးစျေးသည်များနှင့် လုပ်ငန်းအချို့၌ ပေးချေအသုံးပြု၍ ရနိုင်မည်တော့ မဟုတ်သေးပေ။ သို့သော်လည်း မိုဘိုင်းပိုက်ဆံအိတ်ဟု လူပြောများသော Wave Money၊ KBZPay နှင့် OK Dollar ကဲ့သို့သော Mobile Application များကို အသုံးပြုနိုင်သလို ယင်း Application များအသုံးပြု၍ ငွေလွှဲခြင်း၊ ဘေလ်ပေးချေခြင်း၊ မိုဘိုင်းစက်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ အွန်လိုင်းငွေပေးချေမှု စနစ်များဖြစ်သည့် PayPal နှင့် 2C2P အပါအဝင် အချို့သော အွန်လိုင်းငွေပေးချေမှုစနစ်များကိုလည်း မြန်မာနိုင်ငံတွင် အသုံးပြုရရှိနိုင်ပြီး ယင်းစနစ်များကို သုံးစွဲသူများအနေဖြင့် ခရက်ဒစ် သို့မဟုတ် ဒက်ဘစ်ကတ်ကို အသုံးပြု၍လည်းကောင်း၊ သို့မဟုတ် ဘဏ်အကောင့် တစ်ခုကို ချိတ်ဆက်ခြင်းဖြင့် အွန်လိုင်းငွေပေးချေမှုကိုလည်းကောင်း လုပ်ဆောင်နိုင်ကြသည်။

မြန်မာနိုင်ငံရောက်သည့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့်လည်း ဘဏ်ငွေလွှဲခြင်းနည်းလမ်းဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန် အသုံးပြုနိုင်ကြပြီး ယင်းစနစ်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော မူဝါဒများ၊ သတ်မှတ်ချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များအပေါ် လိုက်နာ၍ လုပ်ဆောင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် ရွေးချယ်စရာ နည်းလမ်းများစွာ ရှိနေသော်လည်း အခြားနိုင်ငံများကဲ့သို့ တွင်ကျယ်အောင်တော့ အသုံးပြုနိုင်မည် မဟုတ်သေးပေ။ ထို့ကြောင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်များ ရှိနေမှုအပြင် ငွေသားကိုပါ ဆောင်ထားမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွားများအနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများစွာအနက်မှ နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်သုံးစွဲနိုင်သော အခြေအနေမျိုးရှိနေသည်။ ယင်းနည်းလမ်းများ အနက် UnionPay ၊ Alipay ၊ WeChat Pay ၊ Visa, Mastercard ၊ KBZPay (KPay) များမှာ ရွေးချယ်သုံးစွဲနိုင်သည့် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများ ဖြစ်သော်လည်း ယင်းနည်းလမ်း အမျိုးအစားတစ်ခုချင်းအလိုက်တွင် သတ်မှတ်ချက်များလည်း အသီးသီးရှိနေကြသည်။

တရုတ်နိုင်ငံတွင် ရေပန်းစားသော ငွေပေးချေဝန်ဆောင်မှု တစ်ခုဖြစ်သည့် UnionPay သည် မြန်မာနိုင်ငံတွင် တွင်ကျယ်စွာ လက်ခံသုံးစွဲနေ‌ပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဈေးဝယ်စင်တာများအပါအဝင် ကုန်သည်အများအပြား၌ ငွေပေးငွေယူဆိုင်ရာ ငွေရှင်းရာအတွက် UnionPay ကတ်များဖြင့် အသုံးပြုနိုင်ကြသည်။ ထို့ အပြင် မြန်မာနိုင်ငံအတွင်းရှိ ATM စက်အများအပြားတွင်လည်း ငွေသားထုတ်ယူရန်အတွက် UnionPay ကတ်များကို အသုံးပြုနိုင်ကြပြီး လက်ရှိငွေကြေးမူဝါဒ အခြေအနေများနှင့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအရ ငွေဖြည့်သွင်းထားသော ATM စက်၌ အသုံးပြုနိုင်ကြမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် Alipay သည်လည်း မြန်မာနိုင်ငံရှိ ကုန်သည် အချို့နှင့် တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးသော လုပ်ငန်းအများအပြားက လက်ခံလေ့ရှိရာ ယင်းစနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ထို Alipay ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက်မူ Application ကို Download လုပ်ပြီး မိမိ၏ ဘဏ်အကောင့် သို့မဟုတ် ခရက်ဒစ်ကတ်သို့ လင့်ခ်ချိတ်ရန် လိုအပ်သည်။ ထို့နောက် ငွေပေးချေသည့်အခါ QR ကုဒ်များကို Scan ဖတ်၍ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ရေပန်းစားသည့် မိုဘိုင်းငွေပေးချေမှု နောက်တစ်မျိုးဖြစ်သည့် WeChat Pay ကိုလည်း မြန်မာနိုင်ငံက ကုန်သည်များအချင်းချင်းကြားတွင် ငွေပေးချေရာ၌ အသုံးပြုနိုင်ပေသည်။ ၎င်းစနစ်သည်လည်း Alipay အသုံးပြုသလို Application ကို Download လုပ်ပြီး မိမိ၏ ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကတ်တို့နှင့် ချိတ်ဆက်ရန် လိုအပ်သလို QR ကုတ်များ Scan ဖတ်၍ ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၊ လုပ်ငန်းများ ကြား၌ Visa, Mastercard များကို အသုံးပြုနိုင်သော်လည်း ယင်းဝန်ဆောင်မှုလုပ်ငန်းတိုင်း အားလုံးတော့ လုပ်ဆောင်နိုင်မည် မဟုတ်သည့်အတွက် သတိပြုရန်လည်း အရေးကြီးသည်။ ထို့ကြောင့် ငွေသားများကို အရန်အဖြစ် ဆောင်ထားရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံအတွင်း လူသုံးများသည့် မိုဘိုင်း Application တစ်ခုဖြစ်သည့် KBZPay (KPay) သည်လည်း တရုတ်ငွေပေးချေဝန်ဆောင်မှုကို မလုပ်ဆောင်နိုင်သော်လည်း မြန်မာနိုင်ငံအတွင်း နေထိုင်စဉ်ကာလ၌ ငွေပေးချေမှု လုပ်ဆောင်သည့်အခါ ဘဏ်အကောင့် (သို့မဟုတ်) အကြွေးဝယ် ကတ်တို့ဖြင့် Link ချိတ်သုံးစွဲနိုင်သော အခြေအနေမျိုးရှိသည်။ ထို Application ကိုအသုံးပြုရန် Download လုပ်၍ သုံးစွဲနိုင်ခြင်းဖြစ်ပြီး ဘေလ်ပေးဆောင်ခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း တို့အတွက် အသုံးပြုနိုင်ခြင်းလည်း ဖြစ်သည်။

တရုတ်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် ရွေးချယ်စရာ ယင်းကဲ့သို့သော နည်းလမ်းများစွာ ရရှိနိုင်သော်လည်း လုပ်ငန်းနယ်ပယ် နေရာများအားလုံး၌မူ လက်ခံနိုင်မည် မဟုတ်သေးသည့်အတွက် မိမိဝယ်ယူသော ကုန်ပစ္စည်းနှင့်ပတ်သက်၍ဖြစ်စေ၊ စားသောက်ဖွယ်ရာများ စားသုံးခြင်းများအတွက် ငွေပေးချေမှုများနှင့် ပတ်သက်၍ဖြစ်စေ ဝယ်ယူစားသုံးခြင်းမပြုမီ ယင်းဆိုင်၊ လုပ်ငန်းများမှ လက်ခံသုံးစွဲနိုင်ခြင်းမျိုး ရှိမရှိကို အရင်စုံစမ်းမေးမြန်းရမည်သာဖြစ်သည်။ အချို့သော ဆိုင်၊ လုပ်ငန်းများဘက်က ယင်းငွေပေးချေမှုနည်းလမ်းများတွင် ငွေလွှဲခများကို သတ်မှတ်ခြင်းများ ရှိနိုင်ကြသလို အသုံးပြုခြင်းမပြုမီ ရောင်းသူနှင့် ဝယ်သူကြား၊ ငွေပေးချေသူနှင့် ငွေလက်ခံမည့်သူကြားတွင် အချက်အလက်များ မှန်ကန်အောင် စိစစ်နိုင်ရန်လည်း အရေးကြီးသလို ငွေသားအချို့ကိုလည်း အရန်အဖြစ် အမြဲဆောင်ထားရန်လည်း အရေးကြီးပေသည်။ ဟိုတယ်နှင့် တည်းခိုစရာနေရာအချို့မှလည်း ဒစ်ဂျစ်တယ်ငွေပေးချေစနစ်ဖြင့် ပေးချေခြင်းကို လက်ခံလာကြသော်လည်း ကျယ်ပြန့်စွာလက်ခံအသုံးပြုမှုအပိုင်းတွင် အားနည်းချက်များရှိနေခြင်းက သတိပြုရမည်ဖြစ်သည်။

ကိုဗစ်ရောဂါကူးစက်မှု လျော့ပါးသည့်နောက်ပိုင်းတွင် တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကြသလို ယခု နောက်ပိုင်းတွင် လာရောက်မှုပိုမိုများပြားလာခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလမှစတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမရှစ်လတာ ကာလအတွင်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၁၇၀,၀၀၀ ကျော် လာရောက်ခဲ့‌ပြီး လွန်ခဲ့သော ယခင်ဘဏ္ဍာနှစ် အလားတူကာလက နိုင်ငံတကာခရီးသွား ဧည့်သည်ပေါင်း ၈၂၀၄၈ ဦးသာ လာရောက်ခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်မှုမှာ ပိုမိုမြင့်တက်လာခဲ့သည်ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ဆိုထားသည်။ ထိုခရီးသွားများအနက်တွင် တရုတ်ခရီးသွားဧည့်သည်များလည်း အများအပြား ရှိနေပြီး ဆက်လက်၍လည်း များပြားလာနိုင်ဦးမည့် အခြေအနေများစွာလည်း ရှိနေသေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ကြသည့် တရုတ်ခရီးသွားများအနေဖြင့် ငွေကြေးအသုံးပြုရာတွင် မြန်မာနိုင်ငံအတွင်း၌ ရွေးချယ်စရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများစွာရှိသည့်အတွက် မိမိနှစ်သက်ရာ နည်းလမ်းကို အဆင်ပြေစွာရွေးချယ်အသုံးပြုနိုင်သော်လည်း အခါအားလျော်စွာထုတ်ပြန်လာသည့် မူဝါဒများနှင့် သတ်မှတ်ချက်များကြောင့် အခက်အခဲမျိုး မကြုံစေရန် ငွေသားများကို မဖြစ်မနေဆောင်ထားရန်အရေးကြီးကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်