【 ဆောင်းပါး 】နယ်စပ်ကုန်သွယ်ရေးကို အဓိကမောင်းနှင်ပေးနေတဲ့ မူဆယ်နယ်စပ်ဂိတ်

【 ဆောင်းပါး 】နယ်စပ်ကုန်သွယ်ရေးကို အဓိကမောင်းနှင်ပေးနေတဲ့ မူဆယ်နယ်စပ်ဂိတ်

အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုကို စခန်း ၅ ခုကနေ ကုန်သွယ်မှုပြုလုပ်နေတာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ လွယ်ဂျယ်၊ကျိုင်းတုံစတဲ့ နယ်စပ် စခန်းတွေကနေ နှစ်စဉ်ကုန်သွယ်မှုပြုနေကြတာပါ။

ဒီထဲမှာ ပို့ကုန်၊ သွင်းကုန်အများဆုံး ကုန်သွယ်နေတဲ့ စခန်းကတော့ မူဆယ် ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းပဲ ဖြစ်ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ  မူ ဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့အထိ ကုန်သွယ်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မူဆယ် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်ဟာ လားရှိုးမြို့မှ (၁၀၅) မိုင်ခန့် ကြူကုတ် (ပန်ဆိုင်း) မြို့မှ ၁၂ မိုင် ခန့်နှင့် မူဆယ်မြို့မှ  ခုနစ်မိုင်ခန့်အကွာ မိုင်းယုကျေးရွာတွင်တည်ရှိပြီး နယ်စပ်ကုန်သွယ်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော် ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ စခန်းဖြစ်ပါတယ်။

ကိုဗစ်မတိုင်ခင်ကာလ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အားကောင်းခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ နယ်စပ်စခန်း ၅ခုရဲ့ စုစုပေါင်းကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာသန်း ၆၀၀၀ နီးပါးရှိခဲ့ရာမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းရဲ့ ကုန်သွယ်မှုပမာဏက ကန်ဒေါ်လာသန်း ၄၉၀၀ ကျော်ရှိခဲ့ပါတယ်။

အလားတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း နယ်စပ်စခန်း ၅ခုရဲ့ စုစုပေါင်းကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ သန်း ၅၈၀၀ ကျော်ရှိခဲ့ရာမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းရဲ့ ကုန်သွယ်မှု ပမာ ဏက ကန်ဒေါ် လာသန်း ၄၉၀၀ နီးပါးရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ရဲ့ မြန်မာ-တရုတ် နယ်စပ်စခန်းအားလုံးကုန်သွယ်မှု ပမာဏဟာ ကန်ဒေါ်လာ သန်း ၅၀၀၀ ကျော်ရှိခဲ့ရာမှာလည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းရဲ့ ကုန်သွယ်မှု ပမာဏက ကန် ဒေါ်လာသန်း ၄၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ် ၁၉ ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုရဲ့ စုစုပေါင်းကုန်သွယ်မှုပမာဏဟာ လျော့နည်းကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget)ရဲ့ ၆ လအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်စခန်းအားလုံးကုန်သွယ်မှု ပမာဏဟာ ကန်ဒေါ်လာ သန်း ၈၅၀ ကျော်သာရှိခဲ့ပြီး ဒီထဲမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းရဲ့ ကုန်သွယ်မှုပမာဏကလည်း ကန်ဒေါ်လာသန်း ၇၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

အသွားအလာကန့်သတ်ချက်တွေနဲ့ နယ်စပ်စခန်းတွေကို မကြာခဏဆိုသလို ပိတ်ခဲ့ရတာတွေကြောင့်လည်း နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုက ရပ်တန့်လုနီးပါးဖြစ်ခဲ့ရတာပါ။ လက်ရှိမှာတော့ မြန်မာ-တရုတ်နယ်စပ်က ကုန်သွယ်ရေးစခန်းတွေအာလုံးကို ပြန်လည်ဖွင့်လှစ်ပြီး နှစ်ဖက်ကုန်သွယ်မှုတွေကို ပုံမှန်အတိုင်း ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလအတွင်းက ချမှတ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ပယ်ဖျက်ထားပြီးဖြစ်တာကြောင့် နယ်စပ်ကုန်သွယ်မှုက ပုံမှန်နီးပါးပြန်ဖြစ်လာနေပြီလို့ ဆိုရမှာပါ။

ဒါကြောင့်ပဲ လက်ရှိဘဏ္ဍာနှစ်ရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာလည်း အရင်လိုအခြေနေမျိုးမဟုတ်သေးပေမယ့် တဖြေးဖြေးနဲ့ ပြန်တိုးလာနေတာ တွေ့ရပါတယ်။ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၁၀လခွဲကျော် ကာလအတွင်းမှာ နယ်စပ်စခန်း ၅ခုရဲ့ စုစုပေါင်းကုန်သွယ်မှု ပမာဏဟာ ကန်ဒေါ်လာသန်း ၂၅၀၀ ကျော်ရှိလာပြီး ဒီထဲမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စုစုပေါင်း ကုန်သွယ်မှုက ကန်ဒေါ်လာသန်း ၂၀၀၀ ကျော်ထိရှိခဲ့တာ တွေ့ရပါတယ်။

လက်ရှိမှာတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံအတွင်းသို့ အများဆုံးတင်ပို့နေရတဲ့ ပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း၊ မြေပဲဆံ၊ ဆန်ကွဲ၊ ဆန်၊ ဝါဂွမ်း၊ သခွားမွှေး၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ ပဲယင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ တရုတ်ဘက်မှ အများဆုံးသွင်းနေရတဲ့ ကုန်ပစ္စည်းများမှာ စာရေးစက္ကူ၊ လိမ္မော်သီး၊ ပန်းသီး၊ သံချောင်း၊ ဘတ္ထရီ၊ ကော်မှုန့်၊ ဝါယာကြိုး၊ အသီးထည့်တဲ့အိတ်၊ ပန်းသစ်တော်သီး၊ ပြည်တွင်းတပ်ဆင်ရေး လုပ်ငန်းတွင်အသုံး ပြုသော SKD စနစ်ဖြင့် တင်သွင်းတဲ့ ဆိုင်ကယ်အင်ဂျင်အပိုပစ္စည်းတို့ ဖြစ်ပါတယ်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချ ရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်း နိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာပဲ Form E အစောင်ရေ ၄၅၀ ကျော် ထုတ်ပေးခဲ့တယ်လို့လည်း စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်း ဖြစ်တဲ့ ကဏန်း၊ ငါးရှဉ့်တို့ကိုလည်း ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ယခုနောက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ နေ့စဉ်ပို့ကုန်ယာဉ်စီးရေ ၃၀၀ ကျော်နဲ့ သွင်းကုန်ယာဉ်စီးရေ ၁၀၀ ခန့်ဟာ ပုံမှန်ဝင်ထွက်နေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အထိနာခဲ့ရတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာလည်း ဖြေလျော့မှုတွေပြုုလုပ်ပေးပြီး နောက်ပိုင်းမှာ ပြန်လည်အသက်ဝင်လာပြီဖြစ်ပါ တယ်။

ထို့အတူ မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဟာလည်း ပို့ကုန်၊ သွင်းကုန် အဝင်အထွက်တွေနဲ့ ပြန်လည်အသက်ဝင်နေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။

ခန့်မောင်