【 ဆောင်းပါး 】နှစ်နိုင်ငံကြားက ကျန်းမာရေးနှင့်ဆေးပညာကဏ္ဍကို လှစ်ဟကြည့်ခြင်း

【 ဆောင်းပါး 】နှစ်နိုင်ငံကြားက ကျန်းမာရေးနှင့်ဆေးပညာကဏ္ဍကို လှစ်ဟကြည့်ခြင်း

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ကိုဗစ် - ၁၉ ကပ်ရောဂါသည်  တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်ခဲ့ပြီး အခြားတစ်ဖက်တွင်  ကမ္ဘာ့နိုင်ငံများအကြား နီးကပ်မှုကိုဖေါ်ဆောင်စေခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါ ဆိုးဝါးပျံ့နှံ့လာချိန်တွင် ကမ္ဘာ့နိုင်ငံများသည် ကိုဗစ်ကို လူသားတို့၏ဘုံအရေးအဖြစ် ခံယူခဲ့ကြကာ ရောဂါကိုတားဆီးရန် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကူကြ၊လှူကြဖြင့် ဖေးမခဲ့ကြသည်။ ယင်းတွင် မြန်မာ -တရုတ် နှစ်နိုင်ငံကြား ကပ်ရောဂါကာလ ပူးပေါင်းဆောင်ရွက်မှု၊ ဖေးမမှုများသည်လည်း မြင်သာစွာ ပါဝင်လျက်ရှိနေပြီး အထူးသဖြင့် ကျန်းမာရေးကဏ္ဍအတွက် ဆေးပညာဆိုင်ရာ ပူးပေါင်းမှုများတွင် မြင်တွေ့ခဲ့ကြ သည်လည်းဖြစ် သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကပ်ရောဂါကာလနီးကပ်ခဲ့မှုသည် သိပ္ပံဆေးပညာနှင့် တိုင်းရင်းဆေးပညာ နှစ်ရပ်လုံးတွင် ပတ်သက်မှုရှိနေခဲ့သည်။ ကပ်ရောဂါကာလ ရောဂါတိုက်ဖျက်ရေးဖြစ်စဉ်များ၏ ၂၀၂၀ ခုနှစ်ကို ပြန်ကြည့်လျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ဆေးပညာရှင်အဖွဲ့များ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခဲ့ကာ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသထိန်းချုပ်ရေးတွင် ကုသရေးအတွက် နည်းလမ်း၊အတွေ့အကြုံ အကူအညီပေး ပါဝင်ဆောင်ရွက်မှုများရှိခဲ့ပြီး ကပ်ရောဂါကိုအတူခုခံခဲ့ကြသည်လည်းဖြစ်သည်။

ယင်းကာလတွင် တရုတ်ဆေးပညာရှင်များသည် ရောဂါစစ်ဆေးစမ်းသပ်ရေးပစ္စည်းကိရိယာများ၊ ဆေးဘက်သုံး N95 နှာခေါင်းစည်းများ၊ ဆေးဘက်သုံး တစ်ခါသုံး နှာခေါင်းစည်းများ၊ PPE ကာကွယ်ရေး ဝတ်စုံများအပြင် တရုတ်တိုင်းရင်းဆေးများအပါအဝင် ဆေးဝါးများပါယူဆောင်လျက် ရက်အတန်ကြာနေထိုင်ကာ တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများအား မျှဝေကာ မြန်မာကပ်ရောဂါအရေးတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဆေးပညာပူးပေါင်းမှုအဖြစ် ကပ်ရောဂါဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြရာတွင် ရောဂါထိန်းချုပ်ကုသရေးတို့အပြင် တရုတ်-မြန်မာ ဖက်စပ် ကိုဗစ်ဆေးဝါး ထုတ်လုပ်ခြင်းကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ ပြည်တွင်းတွင်ယင်းကို  'Myancopharm' ဟုသိကြပြီး ယင်းကာကွယ်ဆေးတွင် Myan သည် မြန်မာနိုင်ငံကိုယ်စားပြုကာ ပူးတွဲရည်ညွှန်းသည့် ဆေးဝါးမှာ Sinopharm ဖြစ်တာကြောင့် ပေါင်းစပ်လိုက်ခြင်းဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာမှုနှင့် နှစ်နိုင်ငံ၏ ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်တစ်ခုအဖြစ်လည်း ရှိခဲ့သည်ဟု လေ့လာသူများက ဆိုကြသည်။

ယင်းကဲ့သို့နွေးထွေးသောအပြုအမူသည် တရုတ်နိုင်ငံ၀ူဟန်မြို့တွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ မြန်မာမှလည်း တရုတ်နိုင်ငံသို့ ကူညီမှုရှိခဲ့ခြင်းဖြင့် တိုးပွားလာသော နှစ်နိုင်ငံကြားက ရင်းနှီးသောဆွေမျိုး - ပေါက်ဖေါ် ဆက်ဆံရေးအဖြစ် အများကနားလည်ခဲ့ကြသည်။ ယင်းကဲ့သို့ မြန်မာ - တရုတ်နှစ်နိုင်ငံကြား ဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် ကိုဗစ်ကာလမှာ မြင်သာသော နှစ်ပြည်ထောင်ကြား ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းမှုဖြစ်ခဲ့သော်လည်း တကယ်တမ်းတွင် ကိုဗစ်အခြေအနေမဟုတ်သည့်အခြားသော  ပူးပေါင်းမှုများရှိနေပါသည်။  

နှစ်နိုင်ငံကြားတွင် သိပ္ပံဆေးပညာအပြင် တိုင်းရင်းဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများလည်းရှိနေခဲ့ပြီး  မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ယူနန် တိုင်းရင်း ဆေး တက္ကသိုလ်တို့ ပူးပေါင်း၍ နှစ်နိုင်ငံတိုင်းရင်းဆေးပညာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် “China-Myanmar Traditional Medicine Collaboration Center” ကို ၂၀၁၉ ခုနှစ် ဩဂုတ်လပိုင်းက စတင်ဖွင့်လှစ်နိုင်ခဲ့ကြသည်။ ထို့အတူ တရုတ်တိုင်းရင်းဆေးပညာနှင့် တရုတ်အပ်စိုက်ကုပညာ ဆရာဖြစ်သင်တန်းများကို ပို့ချမှုများလည်း ရှိခဲ့သည် ။

ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Shanghai Cooperation Organization) ၏ တိုင်းရင်းဆေးပညာရှင်များ နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများလည်း လုပ်ဆောင်လျှက်ရှိနေပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊တရုတ်၊ရုရှား၊ကာဇက်စတန်၊ ကာဂျစ်စတန်၊တာဂျီကစ္စတန်၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ တိုင်းရင်းဆေးပညာရှင်များသည် ယခုနှစ်အစောပိုင်းတွင် တိုင်းရင်းဆေးကဏ္ဍအတွက် ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသေးသည်။

ယင်းတို့တွင် နိုင်ငံအလိုက် တိုင်းရင်းဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းဆေးပညာသင်ကြားမှုနှင့် သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပါအဝင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကဏ္ဍ တိုးတက်ရေး၊တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ဆွေးနွေးမှုများပြုခဲ့ကြကြောင်း သတင်းဖေါ် ပြမှုများ ရှိခဲ့သည်။

ထို့အတူ တရုတ်-အာဆီယံသွားဘက်ဆိုင်ရာဆေးပညာကဏ္ဍတွင်လည်း မြန်မာ - တရုတ်တို့ကြား ဆက်နွယ်မှုများရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်ဖေါ်ပြခဲ့သောသတင်းများတွင် မြန်မာနိုင်ငံသွားဘက်ဆိုင် ရာဆေးတက္ကသိုလ်-မန္တလေး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်နှင့် Guangxi Medical University Hospital ၊ College of Stomatology တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက် ရှိနေကြောင်း ဖေါ်ပြထားကြသည်။ ယင်းတို့အနေဖြင့် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကာ နှစ်နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များအကြားတွင် ဆေးပညာရပ်ပိုင်းပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်လျက်ရှိနေခဲ့သည်။ လက်ရှိတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်သည် တရုတ်ကွမ်ရှီး-အာဆီယံကျွမ်းကျင်ပညာရှင် အကြံပေးကော်မတီတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ရာ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု တစ်ခုလည်းဖြစ်ပါသည်။ ဒါ့အပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်အစိုးရ၏ ပညာတော်သင် ခေါ်ယူမှုအစီအစဉ်များတွင်လည်း မြန်မာကျောင်းသားများအား လက်ခံပေးလျှက်ရှိနေရာ နှစ်နိုင်ငံကြား ပညာရပ်ဆိုင်ရာ ချိတ်ဆက်မှုများသည် စဉ်ဆက်မပြတ် အားကောင်းလျှက်ရှိနေကြောင်း ဆိုကြပါသည်။

မိုးသား

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုပညာရှင်အဖွဲ့သည် ကူမင်းမှ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ် (၈.၄.၂၀၂၀)

ဓာတ်ပုံ -  YUNNAN ATEWAY