【 ဆောင်းပါး 】ပေကျင်းမြို့မှ ရုက္ခဗေဒဥယျာဉ်

【 ဆောင်းပါး 】ပေကျင်းမြို့မှ ရုက္ခဗေဒဥယျာဉ်

ပေကျင်းမြို့သည် တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး နှစ်ပေါင်းသုံးထောင်ကျော် သက်တမ်းရှိတဲ့မြို့တစ်မြို့ဖြစ်ကာ နိုင်ငံတကာနဲ့ အပြိုင်ခေတ်မီတိုးတက်သော မြို့တစ်မြို့ ဖြစ်ပါတယ်။ 
ပေကျင်းမြို့တော်မှာ ဒီကနေ့ထိ ရှေးလက်ရာတိုင်းကျန်ရစ်ခဲ့သည့် နန်းတောင်များထဲမှ ကမ္ဘာ့အကြီးဆုံးနန်းတော်ဖြစ်တဲ့ ကုကုန်း( The Imperial Palace)၊ အလှပဆုံး ဘုရင့်ဥယျာဉ်တော် ရိဟော်ယွမ့်( The Summer Palace) နဲ့ ကမ္ဘ့ာအံ့ဖွယ်စာရင်းဝင် မဟာတံတိုင်း(Great Wall)တို့ တည်ရှိပါတယ်။
ပေကျင်းမြို့မှာ ပြည်စုံကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ထူးခြားဆန်းပြားတဲ့ အစားအသောက်များ၊ အဆင့်မြင့်ပြီး သန့်ရှင်းသပ်ရပ်တဲ့ ဟိုတယ်များ စတာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို စိတ်ကျေနပ်စေပါတယ်။
ပေကျင်းမြို့ဟာ ခရီးသွားများအတွက် ခရီးသွားရန် အသင့်တော်ဆုံးမြို့တစ်မြို့ဖြစ်ပြီး စံတင်လောက်သည့် ခရီးသွားနေရာများမှာတော့ တီယန်ရင်ပြင်၊ ကုကုန်း(ရှေးဟောင်းနန်းတော်)၊ ကျင့်ဆန်းပန်းခြံ၊ ပေဟိုင်ပန်းခြံ၊ နွေရာသီနန်းတော်၊ မဟာတံတိုင်း၊ နိဗ္ဗာန်ဘုံ၊ ယုံးဟိုကုန်း(The Lama Temple) တို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ ပေကျင်းမြို့မှာ လည်ပတ်စရာများထဲမှနေရာတစ်ခုဖြစ်သည့် ရုက္ခဗေဒ ဥယျာဉ်သည် ပန်းမျိုးစုံ အရောင်အသွေး ကာလာအစုံဖြင့် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိသော ပေကျင်းရုက္ခဗေဒဥယျာဉ်သည် ရှမ်းစမ်းတောင်ခြေမှာတည်ရှိပြီး ၁၉၅၆ ခုနှစ်မှာ စတင်တည်ဆောက်ထားသော ရုက္ခဗေဒ ဥယျာဉ်တစ်ခုဖြစ်ပါတယ်။
ပေကျင်းရုက္ခဗေဒ ဥယျာဉ်ထဲတွင်ပြသထားတာတွေကတော့ အပင်ပေါင်း တစ်သောင်းကျော်ရှိပြီး ရှေးဟောင်းသမိုင်းဝင်နေရာအများကြီး ရှိသလို ထန်ခေတ်( ၆၁၈- ၉၀၇ ခုနှစ်) က ရွှေသာလျောင်းဘုရားကျောင်းကြီးလည်း ရှိတယ်လို့ သိရပါတယ်။
ရုက္ခဗေဒဥယျာဉ်ထဲမှာ ပန်းအမျိုးမျိုးသော ပန်းပြပွဲများပြုလုပ်ပြီး နွေဦးရာသီကာလမှာ ကျင်းပသည့် ချယ်ရီပန်း ပြပွဲဟာ အလွန်နာမည်ကြီးပြီး စိတ်ကြည်နှုးပျော်ရွှင်မှုကိုရရှိစေပါတယ်။
ရုက္ခဗေဒ ဥယျာဉ်ဖွင့်ချိန်တွေကတော့ ရာသီချိန်ဆိုရင် နံနက် ၆နာရီ မှ ည ၈နာရီ ထိဖွင့်ပြီး ရာသီပါးချိန်ဆိုရင်တော့ နံနက် ၇:၃၀ မှ ည ၆နာရီ ထိဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
နှစ်သစ်ကူး ကြားရက် အားလပ်ရက်များမှာ လူငယ်၊လူကြီး အရွယ်စုံ လာရောက်အပန်းဖြေကြပြီး ကလေးများ ပြေးလွှားဆော့ကစားနေသည့် မြင်ကွင်းဟာလည်း အလွန်ကြည်နူးစရာတစ်ခုဖြစ်ပါတယ်။  
ပေကျင်းမြို့မှာ ရုက္ခဗေဒဥယျဉ်ဟာ အထင်ကရ လည်ပတ်စရာနေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ပြင်ဦး လွင်မြို့ရှိ အမျိုးသားကန်တော်ကြီးရုက္ခဗေဒဥယျာဉ်လိုပဲ  ပန်းမျိုးစုံ အရောင်အသွေးအစုံအလင်ဖြင့် အလွန်နာမည်ကြီးလှပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ နှစ်ပေါင်း ၁ဝဝ ခန့် သက်တမ်းရှိပြီ ဖြစ်သော ကန်တော်ကြီး အမျိုးသား ရုက္ခ ဗေဒ ဥယျာဉ်ကတော့  တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားပြီး  အမျိုးသား ရုက္ခဗေဒ ဥယျာဉ်ရဲ့ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ၄၃၇ ဧက ခန့်ရှိကာ နှစ်စဉ် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်ဦးရေ သန်းနှင့်ချီ လာရောက် အပန်းဖြေလေ့ရှိပြီး ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြားသော ရုက္ခဗေဒဥယျာဉ်တစ်ခု ဖြစ်ပါတယ်။
ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်တွင် ပေကျင်းရှိရုက္ခဗေဒဥယျာဉ်တွေလို ဒီဇင်ဘာကာလရောက်တိုင်း ပန်းမန်ပွဲတော် ကျင်းပလေ့ရှိပြီး ထိုပွဲတွင် ပန်းမျိုးစိတ် ၁၆မျိုး၊ ပြည်ပပန်းမျိုးစိတ် ၇၀မျိုးပါဝင်သည့် ပန်းပေါင်း ၇ သန်းကျော်ကို ခင်းကျင်းပြသထားပါတယ်။
ပြင်ဦးလွင်မြို့ရှိ အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် ပန်းမျိုးစိတ် ထောင်ကျော်ရှိပြီး မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး သားရိုင်းတိရစ္ဆာန်များဖြစ်သည့် တာကင်ခေါ် သားမင်း၊ ရွှေသမင်၊ ကြယ်လိပ်၊ဒေါင်း၊ရစ်၊ ငန်းအ၊ ငန်းနက်၊ မန်ဒါရင်ဘဲများကိုလည်း မွေးမြူထားပါတယ်။
 
ဇွန်မိုး