【 ဆောင်းပါး 】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၂)

【 ဆောင်းပါး 】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၂)

တောင်ကနေမြောက်ထိ ၇ ဒသမ ၈ ကီလိုမီတာရှိတဲ့ ပေကျင်းဗဟိုဝင်ရိုးကြောင်းရဲ့ အပိုင်း(၂)ကတော့ ထျန်းချောင် ကနေ ကျန့်ယန်တံခါးထိ ဖြစ်ပါတယ်။ဒီအပိုင်းမှာတော့ ပေကျင်းမြို့ရဲ့စီးပွားရေးအငွေ့အသက် အပြည့်ဝဆုံးနဲ့ မြို့နေလူထုအငွေ့အသက်အများဆုံးသော ဧရိယာဖြစ်ပါတယ်။ အဲဒီထဲမှာ နန်းရှေ့တံခါးလမ်းမကြီးက ပေကျင်းမှာနာမည်ကျော်ကြားတဲ့ စီးပွားရေးလမ်းမကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။

လမ်းမကြီးအရှည် ၈၄၅ မီတာ၊ ကားလမ်းအကျယ်မီတာ ၂၀ရှိတဲ့ နန်းရှေ့လမ်းမကြီးက ပေကျင်းဗဟိုဝင်ရိုးကြောင်းပေါ်မှာတည်ရှိတာဖြစ်ပြီး မင်နဲ့ချင်းကနေ ကူမင်တန်ခေတ်အထိ ကျန့်ယန်တံခါးလမ်းမကြီး လို့ခေါ်ခဲ့ကြကာ ၁၉၆၅ ခုနှစ်မှာ နန်းရှေ့လမ်းမကြီးလို့ တရားဝင်နာမည်ပေးခဲ့တာဖြစ်ပါတယ်။

သမိုင်းကြောင်းရှည်ကြာလှတဲ့ နန်းရှေ့လမ်းမကြီးက များပြားလှစွာသော ရှေးရိုးရာဆိုင်ကြီးတွေကိုဖြစ်ပေါ်လာစေခဲ့ပြီး ခရီးသွားတွေအတွက် ပေကျင်းအစားအစာနဲ့ တရုတ်ယဉ်ကျေးမှုကို ခံစားဖို့နေရာကောင်းတစ်ခု ဖြစ်ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးရဲ့ အပိုင်း(၃)မှာတော့ ကျန့်ယန်တံခါးရဲ့မြို့ရိုးကနေ မြောက်ဘက်နန်းတော်ရဲ့အလယ် တံခါးထိ ဖြစ်ပါတယ်။ ဒီအပိုင်းက မင်ခေတ်ရဲ့ပေကျင်းမြို့ နန်းမြို့ရဲ့ခြေဆင်းနဲ့ ပြင်ဆင်အပိုင်းဖြစ်ပြီး နန်းမြို့ရဲ့အရှေ့ဧရိယာလည်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်းအထိ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့်ပွဲတော်တွေနဲ့ အများပြည်သူဆိုင်ရာပွဲတော်တွေ ကျင်းပတဲ့ နေရာအဖြစ် ထျန်းအန်းမင်ရင်ပြင်ကလည်း ပေကျင်းဗဟိုဝင်ရိုးလမ်းကြောင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

ထျန်းအန်းမင်ရင်ပြင်အဆောက်အအုံစုကတော့ ပေကျင်းဗဟိုဝင်ရိုးကြောင်းပေါ်မှာတည်ရှိတဲ့ ထျန်းအန်းမင်ရင်ပြင်၊ အမျိုးသားသူရဲကောင်းအမှတ်တရကျောက်တိုင်၊ ဥက္ကဋ္ဌကြီးမော်အမှတ်တရပြတိုက်၊ တရုတ်အမျိုးသား ပြတိုက်နဲ့ ပြည်သူ့လွှတ်တော်အဆောက်အအုံတို့ အတူတကွတည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။

အဆောက်အအုံစုရဲ့ စီမံနေရာချထားမှုနဲ့ အဆောက်အအုံဒီဇိုင်းတွေကလည်း ပေကျင်းခေတ်မီမြို့ပြဖွံ့ဖြိုးတိုးတက်ရေးမှာ ပေကျင်းဗဟိုဝင်ရိုးကြောင်းကထားရှိတဲ့ စည်းကမ်းနဲ့ရှုခင်းသာတွေအပေါ်အလေးထားမှုနဲ့ ဆက်ခံမှုကိုပြသနေတာဖြစ်ပါတယ်။  ဒီဘက်ခေတ်အဆောက်အအုံတွေနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရိုးရာပုံစံအဆောက်အအုံတွေ သဟမျှတစွာ တည်ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ထျန်းအန်းမင်ရင်ပြင်မှာကျင်းပတဲ့ နိုင်ငံတော်အဆင့်ပွဲတော်တွေ၊ အများပြည်သူဆိုင်ရာ ပွဲတော်တွေနဲ့အတူ ဘုရင့်အာဏာသည်အမြင့်ဆုံးဆိုတဲ့သင်္ကေတကနေ ပြည်သူသည်သာအဓိကဆိုတဲ့ အများပြည်သူဆိုင်ရာရင်ပြင်အဖြစ် ပြောင်းလဲတည်ရှိနေတာ ဖြစ်ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးရဲ့ အပိုင်း(၄)ကတော့ အလယ်တံခါးကနေ ကျင်ရှန်းအထိဖြစ်ပြီး ခမ်းနားထည်ဝါနေတဲ့ နန်းတော်အဓိကအဆောက်အအုံတွေက ဒီအပိုင်းမှာရှိနေတာကြောင့် ဗဟိုဝင်ရိုးကြောင်းတစ်ခုလုံး အဆောက်အအုံတွေရဲ့အထွတ်အထိပ်နေရာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာရှိတဲ့ ရှေးဟောင်းနန်းတော်ကြီးက ကမ္ဘာပေါ်မှာလက်ရှိတည်ရှိနေတဲ့ အတိုင်းအတာအကြီးမားဆုံး၊ ထိန်းသိမ်းထားမှုအပြီးပြည့်စုံဆုံးသော သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့နန်းတော်ကြီး (၅) ခုရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။

ရှေးဟောင်းနန်းတော်ရှန်ဝူတံခါးရဲ့လမ်းတစ်ဖက်မှာတော့ နှစ်ပေါင်း ၈၀ဝ ကျော်သမိုင်းကြောင်းရှိတဲ့ ကျင်ရှန်းဥယျာဉ်ရှိပြီး ယွမ်၊ မင်နဲ့ ချင်းခေတ် သုံးခေတ်ရဲ့တော်ဝင်မင်းဥယျာဉ်တော်ဖြစ်ခဲ့ပါတယ်။

မင်နဲ့ ချင်ခေတ်ဘုရင်နဲ့ မိဘုရားခေါင်ကြီးတို့ ဘိုးဘေးတွေကိုပူဇော်တဲ့ အဓိကနေရာဖြစ်ပြီး ရှို့ဟွမ်နန်းဆောင်၊ ကွမ်သယ်နန်းဆောင်၊ ဟုကော်ကျုံးယိဘုံကျောင်း၊ ယီဝမ့်ပြဿဒ်စတဲ့ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေကို ထိန်းသိမ်းထားရှိတာဖြစ်ပါတယ်။

ကျင်ရှန်းဥယျာဉ်ကို ၁၉၂၈ ခုနှစ်မှာ အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀ဝ၁ ခုနှစ်မှာ နိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးမှုထိန်းသိမ်းကာကွယ်ရေး နေရာအဖြစ်ထည့်သွင်းကာ နိုင်ငံတော်အဆင့် AAAA အဆင့် ရှုခင်းသာနေရာ ဖြစ်လာခဲ့ပါတယ်။

ဥယျာဉ်ထဲရှိ ကျင်ရှန်းတောင်ပေါ်က ဝမ့်ရှုပ်ဇရပ်ဟာ ပေကျင်းမြို့အလယ်ဝင်ရိုးကြောင်း အမြင့်ဆုံးနေရာမှာရှိနေပြီး အဲဒီပေါ်ကိုတက်လိုက်ရင် ရှေးဟောင်းနန်းတော်တစ်ခုလုံးကို အပေါ်စီးကမြင်တွေ့နိုင်မှာဖြစ်သလို ခမ်းနားထည်ဝါတဲ့ နန်းတော်အဆောက်အအုံတွေအားလုံးကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ခန့်မောင်

(ဆက်လက်ဖော်ပြပါမည်)