【 ဆောင်းပါး 】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၃)

【 ဆောင်းပါး 】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၃)

ပေကျင်းဗဟိုဝင်ရိုးကြောင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း(၅)ကတော့ ကျင်ရှန်းရဲ့မြောက်တံခါးကနေ ခေါင်းလောင်းစင်၊ စည်တော်စင်အထိ ဖြစ်ပါတယ်။ ဒီအပိုင်းဟာ ၇ ဒသမ ၈ ကီလိုမီတာရှည်တဲ့ ဗဟိုဝင်ရိုးလမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်းပဲဖြစ်ပါတယ်။ ပေကျင်း စည်တော်နဲ့ ခေါင်းလောင်းစင်နှစ်ခုဟာ အရှေ့၊ အနောက် တည်ရှိပြီး မီတာ ၁၀ဝ ကွာဝေးပါတယ်။ ယွမ်၊ မင်နဲ့ ချင်းခေတ်သုံးခေတ်ရဲ့အချိန်ကြေညာတဲ့ ဗဟိုချက်လည်း ဖြစ်ခဲ့ပါတယ်။

ပေကျင်းစည်တော်စင်က နှစ်ထပ်ပါရှိပြီး ၄၆ ဒသမ ၇ မီတာမြင့်ကာ မျက်နှာပြင်ဧရိယာစတုရန်းမီတာ ၇၀ဝဝ ခန့် ရှိပါတယ်။ အတွင်းမှာစည်တော်ကြီး ၂၅ လုံးကို ထိန်းသိမ်းထားပြီး ဒီထဲမှာ ၂၄ လုံးက ပုံစံတူဆောက်လုပ်ထားခြင်းဖြစ်ကာ ကျန်ရှိနေတဲ့ ၁ လုံးကတော့ ဗဟိုစည်တော်ဖြစ်ပါတယ်။

အလားတူ ခေါင်းလောင်းစင်ဟာလည်း  နှစ်ထပ်ပါရှိပြီး  ၄၇ ဒသမ ၉ မီတာမြင့်ကာ မျက်နှာပြင်ဧရိယာ စတုရန်း မီတာ ၆၀ဝ၀ လောက်ရှိပါတယ်။ ခေါင်းလောင်းစင်အတွင်းမှာ အဋ္ဌဂံပုံသစ်သားခေါင်းလောင်းစင်ကြီးရှိပြီး အပေါ် မှာ ကြေးခေါင်းလောင်းကြီး ၁ လုံးချိတ်ဆွဲထားပါတယ်။

အကျယ်ဆုံးအချင်း ၃ ဒသမ ၄ မီတာနဲ့အလေးချိန် ၆၃ တန်လောက်ရှိပြီး ဒီခေါင်းလောင်းကြီးကို မင်ခေတ်ယုံလဲ့ ၁၈ ခုနှစ် ၁၄၂၀ ခုနှစ်မှာသွန်း လောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတွေ့ရှိတဲ့ ကြေးခေါင်းလောင်းထဲမှာ အလေးဆုံးဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀ဝ ကျော်ကြာ အချိန်ကြေညာရာမှာ စည်တော်အရင်တီးပြီး ခေါင်းလောင်းနောက်က လိုက်တီးတဲ့ပုံစံကိုအမြဲတမ်းပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် လူတို့ရဲ့ ရှေးခေတ်ပေကျင်းအပေါ် အမှတ်တရတစ်ခုအဖြစ် ရှိနေပြီး ခေတ်တစ်ခေတ်ရဲ့ရိုးရာယဉ်ကျေးမှုထူးခြားချက်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးကြောင်းဟာ ဒီနေ့အချိန်ထိတည်ရှိနေဆဲဖြစ်ပေမယ့် အရာအားလုံးက အလုံးစုံပြောင်းလဲမှုတွေဖြစ်သွားခဲ့ပါပြီ။ဘုရင်ဆိုတာမရှိတော့ဘဲ တော်ဝင်မိသားစု တားမြစ်နယ်မြေဖြစ်တဲ့ နန်းတော်နဲ့ အစောင့်အကျပ်တင်းကျပ်တဲ့ ရုံးကန္နားတွေ၊ အလုံပိတ်ထားတဲ့ အနောက်ဆင်ခြေ ဖုံးတော်ဝင်မင်းဥယျာဉ်တွေကလည်း အခုဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေအဖြစ် ပြောင်းလဲလာပါတယ်။

နန်းတော်ကြီးက “ရှေးဟောင်းနန်းတော်ပြတိုက်” ဖြစ်သွားသလို တော်ဝင်မင်းဥယျာဉ်က “မြို့နေပြည်သူ့ ဥယျာဉ်” အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အရင်တုန်းကတော်ဝင်မိသားစု ပိုင်ဆိုင်ခဲ့တဲ့ ထိုက်မြောက်ဘုံကျောင်း၊ ရှဲ့ကျိထန်၊ ရှေးဟောင်းနန်းတော်နဲ့ အနောက်ဆင်ခြေဖုံးဥယျာဉ်တွေဆိုတာကလည်း အများပြည်သူတွေ သွားရောက်လည်ပတ်တဲ့နေရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးကြောင်းက နှစ်ပေါင်း (၆၀ဝ) ကျော်ပြီးနောက် ၁၇ ကီလိုမီတာလောက် ထပ်မံရှည်လျားသွားပြီး ပေကျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘာသူ၊ ကမ္ဘာသားတွေကိုပြသခဲ့ပါတယ်။

အခုဆိုရင် ပေကျင်းဗဟိုဝင်ရိုးကြောင်း ထိန်းသိမ်းကာကွယ်စီမံချက်တွေကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ၂၀၂၃ ခု နှစ်၊ ဇန်နဝါရီလမှာ ပေကျင်းဗဟိုဝင်ရိုးကြောင်း ထိန်းသိမ်းကာကွယ်စီမံအုပ်ချုပ်ရေးစီမံချက်(၂၀၂၂ ခုနှစ် -၂၀၃၅ ခုနှစ်)ကို ကြေညာခဲ့ပါတယ်။ ဒါကလည်း ကမ္ဘာ့အမွေအနှစ်အဖြစ်လျှောက်ထားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့  လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီစီမံချက်က အမွေအနှစ်နေရာ ၁၅ ခုကို သေချာစေခဲ့ရုံသာမက အမွေအနှစ်နယ်မြေ၊ ကြားခံနယ်မြေတွေကိုလည်း ခွဲခြားခဲ့ပြီး ဗဟိုဝင်ရိုးကြောင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အဓွန့်ရှည်စေမှာ ဖြစ်ပါတယ်။

 ခန့်မောင်