【 ဆောင်းပါး 】ပြန်လည်အသက်ဝင်လာသည့် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်များ

【 ဆောင်းပါး 】ပြန်လည်အသက်ဝင်လာသည့် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်များ

သုံးနှစ်ကျော်ကြာ ရပ်နားထားခဲ့ရသော တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်များကို မြန်မာနိုင်ငံအတွင်းမှ ပြည်တွင်းခရီးသွားလုပ်ငန်းအချို့မှ ပြန်လည်စတင်လာပြီဖြစ်သည်။ကိုဗစ်-၁၉ကပ်ရောဂါကို နိုင်ငံအချို့တွင် သာမန်ရာသီတုပ်ကွေးရောဂါအဖြစ် အဆင့်သတ်မှတ်လျော့ချလာရာ မြန်မာနိုင်ငံတွင်လည်း ပြည်ပခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်လာခဲ့သည်။

တရုတ်နိုင်ငံတွင်လည်း ကပ်ရောဂါကြောင့် ၂၀၁၉ခုနှစ်မှစ၍ နိုင်ငံတွင်းနှင့် ပြည်ပ ခရီးသွားလုပ်ငန်းများ အားလုံးကို ရပ်နားထားခဲ့ပြီး ကပ်ရောဂါလျော့ကျလာသည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၈ရက်တွင် တရုတ်အစိုးရက ပြည်ဝင်/ပြည်ထွက်ခွင့်နှင့် နိုင်ငံတွင်း လည်ပတ်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့သည်။

ထိုကာလက တရုတ်နိုင်ငံအတွင်း ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဟု ကြေညာပြီးနောက် ပြင်ပလေယာဉ်လက်မှတ် ကြိုတင်မှာယူမှုမှာ ၂၅၄% တိုးလာကြောင်း Trip.com Group အချက်အလက်များအရသိရသည်။

တရုတ်ခရီးသွားများစွာက ပြည်ပနိုင်ငံများသို့ သွားရောက်ကြသလို ပြည်ပမှ ဧည့်သည်များကလည်း ယခင်အတိုင်း တရုတ်နိုင်ငံအတွင်း လည်ပတ်စရာနေရာများကို သွားရောက်လည်ပတ်မှုများရှိခဲ့သည်။

တရုတ်နိုင်ငံမှ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျော့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားမှာလည်း ဇန်နဝါရီလမှ ဧပြီလအထိ ၄လအတွင်း တရုတ်ခရီးသွားဧည့်သည် စုစုပေါင်း ၈၆၁၄၉ဦး အထိရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ထိုသို့ လျော့ချပြီးနောက် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းများလည်း ပြန်လည်ပြေးဆွဲခဲ့သည်။

ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ မန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသော Ruili Airline ကိုပြန်လည် စတင်ပြေးဆွဲခဲ့သလို တစ်ပတ်လျှင်သုံးကြိမ်ဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ  ရှမန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်ကိုလည်း ယခုနှစ် ဧပြီလအတွင်းက ပြန်လည်ပြေးဆွဲခဲ့သည်။

ရှန်ဟိုင်းသို့ ရန်ကုန်မြို့မှ တိုက်ရိုက်လေကြောင်းဖြစ်သည့် China Eastern Airlines ကလည်း ပြေးဆွဲပေးလျက်ရှိသည်။ထိုသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လာသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အများဆုံးသွားရောက်လည်ပတ်လေ့ရှိသည့် ပေကျင်း-ရှန်ဟိုင်း ခရီးစဉ်ကိုလည်း ခရီးသွားလုပ်ငန်းအချို့မှ စတင် မိတ်ဆက်ကြေညာလာသည်။

အဆိုပါခရီးစဉ်ကို လာမည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း Nice Style Travel and Tour ကကြေညာထားသည်။အလည်အပတ်ခရီးစဉ် ဘေကျင်း-ရှန်ဟိုင်းခရီးစဉ်အတွင်း မြို့နှစ် မြို့၏ အထင်ကရ လည်ပတ်စရာ နေရာများကို အဓိကရောက်ရှိမည်ဖြစ်ပြီး ၆ညအိပ်၊ ၇ရက်ခရီးစဉ် ဖြစ်သည်။

ရှန်ဟိုင်းမြို့အတွင်းတွင် ရှေးဟောင်းတရုတ်လူမျိုးများ၏ အနုပညာလက်ရာများကို မြင်တွေ့ရမည့် Shanghai Historical Museum ကဲ့သို့ အထင်ကရ လည်ပတ်စရာနေရာအပါအဝင် နာမည်ကျော် ကစားကွင်း Shanghai Disney Land သို့ လည်ပတ်မည့်အစီအစဉ်လည်း ပါဝင်ကြောင်း ခရီးစဉ်မိတ်ဆက်တွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း ရှန်ဟိုင်းမှ ပေကျင်းသို့ တရုတ်နိုင်ငံ၏ တိုးတက်မှု ပြယုဂ်ဖြစ်သော မြေအောက်အမြန်ရထား စီးနင်းရမည့် အစီအစဉ်လည်း ပါဝင်ပြီး  ပေကျင်းမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Great Wall မဟာတံတိုင်းအပါအဝင်၊ တရုတ်မင်းဆက်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော နန်းတော် စသဖြင့် ထူးခြားသည့် လည်ပတ်စရာ နေရာများ ခရီးစဉ်အတွင်း ပါဝင်သည်။

ယခု ကြေညာထားသည့် ပေကျင်းနှင့် ရှန်ဟိုင်းမြို့ ခရီးစဉ်များအပြင် တရုတ်နိုင်ငံတွင် အခြားသော အထင်ကရ လည်ပတ်စရာနေရာများစွာလည်းရှိနေသည်။

တရုတ်နိုင်ငံ ဟန်းတောင်ရှိ တောင်နံရံတွင် ကပ်၍ တည်ဆောက်ထားသော ရွှမ်ကုန်းဘုရားကျောင်း၊ အနောက်ဖက် စီချွမ်ပြည်နယ်၊ လီရှန်မြို့၏ အရှေ့ဘက် အီမဲတောင်၏ မြစ်ကမ်းပါးပေါ်တွင် တောင်နံရံမှ ကျောက်သားကို ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထွင်းထုထားသည့် လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီး၊ ရှီအန်းမြို့အရှေ့ဘက် လင်ထုံခရိုင် အတွင်းရှိ လီရှန်တောင်ပေါ်တွင်ရှိသည့် ဘီစီ ၂၁၀ကပင် ထုလုပ်ခဲ့သော ချင်အင်ပါယာ၏ တာရာကိုတာစစ်သည်တော်များ စသဖြင့် လည်ပတ်စရာနေရာများ ပေါများလှသည်။

ဇူလိုင်လတွင် သွားရောက်မည့် ပေကျင်း-ရှန်ဟိုင်း ခရီးစဉ်ကို လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ ဖြင့် လည်ပတ်နိုင်မည်ဖြစ်သည်။ ၂၀၁၉ခုနှစ်ကပင် အဆိုပါခရီးစဉ်နှုန်းမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။         

ခရီးစဉ်အတွင်း တရုတ်အစားအစာများ မြည်းစမ်းကာ တရုတ်နိုင်ငံ၏ ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်များတွင် တည်းခို၍ တရုတ်နိုင်ငံ၏ လူနေမှုအဆင့်အတန်းကို တစေ့တစောင်း လေ့လာအကဲဖြတ်နိုင်မည်ဖြစ် သည်။မြန်မာနိုင်ငံသို့လည်း တရုတ်ခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်လျက်ရှိပြီး အများစုမှာ ရန်ကုန်မြို့မှ ရွှေတိဂုံစေတီတော်နှင့် မြန်မာနိုင်ငံ၏ အထင်ကရ ပုဂံဒေသသို့ အများဆုံး လာရောက်လည်ပတ်လေ့ရှိ ကြသည်။

နှစ်နိုင်ငံအကြား အပြန်အလှန် ခရီးစဉ်များသွားလာလည်ပတ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို ဖော်ဆောင်လျက်ရှိပြီး ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ယဉ်ကျေးမှု ဖလှယ်ပွဲများ စသဖြင့် ဖော်ဆောင်ခြင်းဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေမည်ဖြစ်သည်။

မေ