【 ဆောင်းပါး 】မကာအိုရှိထင်ရှားသောဘာသာရေးကျောင်းများ ( အပိုင်း၁)

【 ဆောင်းပါး 】မကာအိုရှိထင်ရှားသောဘာသာရေးကျောင်းများ ( အပိုင်း၁) 

မကာအိုဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှာတည်ရှိတဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်ပါတယ်။ မကာအိုမြို့ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးမြို့တစ်မြို့ဖြစ်တဲ့အပြင် သမိုင်းဝင်ဘာသာရေးဆိုင်ရာ ဘုရားကျောင်းလည်းများစွာရှိလို့နေပါတယ်။မကာအိုမှာ တရုတ်နဲ့ ပေါ်တူဂီယဉ်ကျေးမှုတွေ ရောစပ်ထားပြီး  ခရစ်ယာန်ဘာသာဟာ  မကာအိုရဲ့  အဓိကဘာသာတရားတစ်ခုဖြစ်ပြီး ဒေသတွင်းမှာ  ဘုရားကျောင်းများစွာ ရှိပါတယ်။ အဲ့ဒီအထဲကမှ သမိုင်းကြောင်းအရ လူသိများထင်ရှားတဲ့ ဘုရားကျောင်းအချို့ကိုဖော်ပြလိုက်ပါတယ်။

စိန့်ဒိုမီနစ်ဘုရားကျောင်း

စိန့်ဒိုမီနစ်ဘုရားကျောင်း( St. Dominic's Church)ဟာ  တရုတ်နိုင်ငံ၊ Macaoမြို့ရဲ့  São Lourenço ရပ်ကွက်မှာ တည်ရှိတဲ့ သမိုင်းဝင် ဘုရားကျောင်းဖြစ်ပါတယ်။ အဆိုပါဘုရားကျောင်းကို ၁၅၈၇ ခုနှစ်မှာ  စပိန်ဒိုမီနီ ကန် ဘုန်းတော်ကြီး သုံးဦးက တည်ထောင်ခဲ့ပြီး မကာအိုမှာ  ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ကျောင်း အပါအဝင်ဖြစ်ပါတယ်။ မူလဘုရားကျောင်းဟာ ရိုးရှင်းတဲ့  သစ်သားအဆောက်အအုံဖြစ်ပေမယ့်  ၁၇ ရာစုအစောပိုင်းမှာ ကျောက်တုံးတွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ပြီး ထပ်မံပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စိန့်ဒိုမီနစ်ဘုရားကျောင်း(St. Dominic's Church) ရဲ့  ဗိသုကာလက်ရာဟာ မကာအိုရဲ့ ဝိသေသဖြစ်တဲ့ အနောက်တိုင်းနဲ့ အရှေ့ပိုင်းယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့  အပြင်ပိုင်းကို အနုစိတ်လက်ရာတွေနဲ့  အလှဆင်ထားပြီး အတွင်းပိုင်းမှာတော့  လှပသော နံရံဆေးရေးပန်းချီတွေ၊  ရုပ်တုတွေနဲ့ အလှဆင်ထားပါတယ်။အဆိုပါ ဘုရားကျောင်းဟာ မကာအိုသမိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်တာဖြစ်ပြီး ဒေသခံလူထုအတွက် ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ဘဝဗဟိုချက်တစ်ခုဖြစ်ပါတယ်။

စိန့်ဒိုမီနစ်ဘုရားကျောင်း (Macao St. Dominic's Church) ဟာ  ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ သမိုင်းဝင် ဗိသုကာလက်ရာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာဖို့ ကမ္ဘာတစ်ဝှမ်းက  ခရီးသွားတွေကို ဆွဲဆောင်ထားတာကြောင့် ကမ္ဘာ့လှည့်ခရီးသည်တွေလာရောက်လည်ပတ်မှုများတယ်လို့သိရပါတယ်။

မားကျော့/မားကျူမယ်တော်ကျောင်း 

မားကျော့မယ်တော်ကျောင်းကို မားကယ်ကျောင်း လို့လည်းခေါ် ကြပါတယ်။ မကာအို ကျွန်းဆွယ် အနောက်တောင်ဘက်ခြမ်းမှာ တည်ရှိပြီး မကာအိုရဲ့နာမည်အကြီးဆုံး ရှေးဟောင်းနေရာ တစ်ခုလည်းဖြစ်ပါတယ်။ မင်မင်းဆက် ဟုန်ကျစ်ဧကရာဇ်  နန်းတက်နှစ် ၁၄၈၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ဒီနေ့မှာ နှစ်ပေါင်း ၅၀ဝ ကျော်သမိုင်းသက်တမ်းရှိနေခဲ့ပါပြီ။ ကျောင်းအတွင်းမှာ တာအိုဘာသာဂိုဏ်းရဲ့မားကျော့နတ်သမီးကို အဓိကကိုးကွယ်ကြပါတယ်။ ကံကောင်း၊ ကံဆိုးခြင်းကို ဟောကြားနိုင်ပြီး ပင်လယ်ပြင်မှာကုန်သည်တွေနဲ့ ရေလုပ်သားတွေကို အန္တရာယ်က လွတ်မြောက်အောင်အမြဲတမ်းလိုလို ဖြေရှင်းပေးခဲ့တာကြောင့် ဖူကျန့်လူမျိုးနဲ့ မကာအိုဒေသခံတွေဟာ ဒီနေရာမှာ ဘုံကျောင်းနတ်ကွန်း တည် ဆောက်ပြီး ပူဇော်ကန်တော့ဖို့ဆုံးဖြတ်ခဲ့ကြတာလို့ ပြောကြပါတယ်။ “မားကျော့”ဟာ ဖူကျန့်စကားထဲမှာ “မိခင်” လို့အဓိပ္ပာယ်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးနဲ့ တရုတ်ပြက္ခဒိန် ၃ လပိုင်း ၂၃ ရက်နေ့၊ မားကျော့မွေးနေ့ကိုရောက်တိုင်း မားကယ်ကျောင်းမှာ ရှိခိုးပူဇော်သူတွေ အင်မတန်များပါတယ်။ လာရောက်ပူဇော်ကန်တော့ကြပြီး ဆုတောင်းကြတဲ့ ယုံကြည်ကိုးကွယ်သူတွေ မနည်းလှပါဘူး။

မားကယ်ကျောင်းရဲ့တံခါးမကြီးဟာ မုခ်ပေါင်းကူးတစ်ခုတည်း ပုံစံဖြစ်ပြီးနှမ်းဖတ်ကျောက်နဲ့ တည်ဆောက်ထားပါတယ်။ ကျောင်းတံခါးဝမှာ ခြင်္သေ့ကျောက်ရုပ်တုနှစ်ခုရှိပြီး ပန်းပုလက်ရာအနုစိတ်လှပကာ အသက်ဝင်လှပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ဝ ကျော်တုန်းက ချင်းမင်းဆက် (မန်ချူး) ခေတ်က ပန်းပုပညာရှင်ရဲ့လက်ရာပဲဖြစ်ပါတယ်။ ကျောင်းဝင်းအတွင်းက “ပင်လယ်ကူးသင်္ဘောကျောက်တုံး” (Yang Shi Chuam ) ဆိုတဲ့ ဧရာမကျောက်တုံးကြီးပေါ်မှာရှေးခေတ် ကပင်လယ်ကူးသင်္ဘောတစ်စီးပုံကို ထွင်းထုထားပါတယ်။ ကျောင်းဝင်းအနောက်ကကျောက်နံရံပေါ်မှာ ကျောက်ကမ္ပည်းစာတွေရှိနေပြီး ခေတ်အဆက်ဆက်က နာမည်ကျော် အစိုးရအမှုထမ်းနဲ့ စာပေပညာရှင်တို့ ရေးသားထားတဲ့ စာတွေရှိနေပါတယ်။

မားကယ်ကျောင်းဟာ ဒဏ္ဍာရီအရောင်အသွေးများရှိတဲ့ ဘုံကျောင်းတစ်ခုပါ။ ၂၀ ရာစုနှစ် ၁၉၈၀ ခေတ် ကာလမှာ မားကယ်ကျောင်းဟာ မီးလောင်ခဲ့ဖူးပါတယ်။ အဲဒီနေ့က ကျောင်းဝင်းအတွင်း မှာ ညဉ့်သန်းခေါင်ယံမီးလောင်ခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပြိုကျခဲ့ပါတယ်။ နတ်စင်အလယ်က မားကျော့နတ်ရုပ်တုဟာ မီးခိုးငွေ့ကြောင့်သာ မည်းသွားခဲ့ပြီး နတ်ရုပ်ရှေ့မှာအမိုးပေါ်က ထုပ်တန်းပြုတ်ကျနေခဲ့တယ်။ နတ်ရုပ်ကတော့ထိခိုက်ပျက်စီးခြင်း လုံးဝမရှိပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ဝ ကျော်တုန်းက ပေါ်တူဂီလူမျိုးတွေ မကာအိုကိုကမ်းကပ်ခဲ့တုန်းက ဘုံကျောင်းအရှေ့က ပင်လယ်ကမ်းခြေကနေ ကမ်းပေါ်တက်ခဲ့တာလို့ ရှေးလူတွေကပြောပြခဲ့ပါတယ်။ ပေါ်တူဂီ လူမျိုးတွေက ဒေသခံပြည်သူတွေကို ဒီနေရာက ဘယ်နေရာလဲလို့ မေးမြန်းတဲ့အခါ ဒေသခံတွေက မားကယ်ကျောင်းကို မေးတယ်လို့ထင်ပြီး “မားကယ်” လို့ ဖြေခဲ့မိတယ်။ ပေါ်တူဂီလူမျိုးတွေက ဒီအသံကို “MACAU”လို့ အသံထွက်ယူခဲ့ပြီး ပေါ်တူဂီနာမည်ကနေ မကာအို အဖြစ် တဖြည်းဖြည်းဆင်းသက်လာခဲ့တာဖြစ်ပါတယ်။

ကရင်လေး-အိမ်မဲ