【 ဆောင်းပါး 】မိဝေးဖဝေး ဘီလူးကျွန်းသားလေးတွေ

【 ဆောင်းပါး 】မိဝေးဖဝေး ဘီလူးကျွန်းသားလေးတွေ

၂၀၀၅ခုနစ်လောက်မှာ ဘီလူးကျွန်းကနေ ထိုင်းကိုသွားကြတာ ဖုံထောင်းထောင်းထနေသဖြင့် ရွာတိုင်း လိုလိုမှာ လူငယ်ဆိုတော်တော့်ကိုရှားသွားသည်။လင်မယားတွေ လည်းသွား၊အပျိုစင်များပင် အအုပ် အထိန်းကောင်းသူ(သို့မဟုတ်)စိတ်ချရသူရှိလျှင် သွားကြတာဆိုတော့ ဘီလူးကျွန်းသည် အသားအရေမစိုပြေ တော့သူပမာ ခြောက်ကပ်လွန်းလှသည်။

မှတ်မိသေးသည်။ထိုအချိန် ကျနော်လူပျိုဘဝ၊သင်္ကြန်ပိတ်ရက် ဘီးလူးကျွန်းသို့ပြန်လျှင် အင်မတန် ယောင်ချာချာနိုင်လှသည်။တွေ့စရာသူငယ်ချင်းလည်းမရှိ၊ကြည့်စရာကောင်မလေးတွေလည်းမရှိ။လက်ဖက်ရည်ဆိုင်ထောင့်ကွေးမှာ စာအုပ်တစ်အုပ်နဲ့ မတင်နုဆေးလိပ်ကြီးကို မဲဖွာလို့။ကျနော့်ငယ်သူငယ်ချင်းများမှာ ကျနော့်လို ရန်ကုန်သို့မဟုတ် ရေကြည်ရာမြက်နုရာတစ်ရပ်တစ်နယ် ရောက်နေသူခပ်နည်းနည်းနဲ့ ထိုင်း ရောက်နေသူခပ်များများ။ကိုယ်ကအဘွား၏အငွေ့အသက်နှင့် ဆွေမျိုးများရှိလို့သာသွားရသည်၊သိပ်အဆင်မပြေလှ။

ဘီလူးကျွန်းကရွာတိုင်းတွင် အထိုင်ကျနေပြီးသောလူလတ်ပိုင်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေး တို့ကိုသာ တွေ့ရသည်။ကလေးများမှာ ခါးခွင်ချိတ်ချီသွားလို့ရသည့်အရွယ်ကစလို့ အသက်၁၈နှစ်အောက်အ ရွယ်ထိ။သူတို့မိဘများက ထိုင်းတွင်အလုပ်သွားလုပ်နေကြသဖြင့် ကလေးများက အဘိုးအဘွားတို့နဲ့အတူနေ နေရခြင်းဖြစ်သည်။ပေါက်စနကလေးများဆို ဘွားအေကြီးသွားရာနောက်တကောက်ကောက်။

အဘိုးအဘွားများက မြေးထိန်းတဲ့အလုပ်လုပ်။ထိုင်းရောက်နေသောသူတို့သားသမီးများပို့လာသည့် ငွေနှင့်မျှတအောင်စီမံသုံးစွဲ။ဘွားအေကြီးတို့ထုံးစံအတိုင်း မိဘနဲ့အတူမနေရတဲ့မြေးများမို့ အလိုလိုက်ကြသည်။ လက်ထဲတွင်စားဖို့သောက်ဖို့မပူပင်ရသောပုံမှန်ဝင်ငွေလည်းရှိနေခြင်းနှင့်အတူ မပူမပင် စိတ်အကြည်ဓာတ်က လည်းရနေခြင်းကြောင့် မြေးများကိုအလိုလိုက်ဖို့ရာလည်း အဆင်သင့်ဖြစ်နေခဲ့သည်။

တစ်ခါက မရမ်းကအမျိုးတစ်ယောက်အိမ်သွားလည်တော့ ‘ဒီမြေးတွေကျေးဇူးနဲ့ ချွေးမထွက်ရဘဲ စားနေရတာ’ဟု ဘွားတော်တစ်ဦးက သူ့မြေးကိုပြလည်းပြပြောလည်းပြောနေသဖြင့် ကြံဖန်ကျေးဇူးတင် တတ်သည့်စိတ်ကိုလေးစားမိသည်။

မိဘအထိန်းအကွပ်လည်းမရှိ၊မိဘမေတ္တာဆိုတာကလည်း တစ်ခါတစ်ရံ တစ်နှစ်မှတစ်ခါတောင် မရ၊ သုံးနိုင်သည့်ငွေလေးကရှိ၊ဘွားအေတို့ကလည်းအလိုလိုက်သဖြင့် အရွယ်ရောက်ခါစ လူငယ်လေးတို့မှာ ဂျစ် ကပ်ကပ် ပေစောင်းစောင်းလေးများအဖြစ်သို့ရောက်လာသည်။

တချို့အဆင်ပြေသောမိဘများက မိဘများနှင့်အနေဝေးနေသောသားမို့ သနားသောစိတ်ဖြင့် သူတို့နိုင်သလောက်ငွေပုံပေးသုံးစွဲစေခြင်းကြောင့် ကလေးများထင်ရာစိုင်းနိုင်အောင် လောင်စာဖြည့်ပေးနေသလိုပင်ဖြစ် သည်။

 ၂၀၁၀ပြည့်နှစ်မတိုင်မီ နှစ်တစ်နှစ်တုန်းက ကျနော်ဘီလူးကျွန်းပြန်ရောက်ခိုက်လူပျိုပေါက်စအရွယ် ကလေးများကိုလက်ဖက်ရည်ဆိုင်တွင် တွေ့ရသည်။သူတို့၄-၅ယောက်တစ်ဝိုင်း၊ခပ်တည်တည်ခပ်တင်းတင်း ဟောင်ဖွာဟောင်ဖွာလည်းလုပ်နေသဖြင့် သတိထားကြည့်လိုက်တော့ တစ်ယောက်သောလူပျိုပေါက်လေး၏ အိတ်ကတ်ထဲတွင် ငွေအထပ်လိုက်။ကိုယ့်အိတ်ကတ်ထက်ပင် ပြည့်လျှံဖောင်းကားလို့။ကလေးတစ်ယောက်နဲ့ မလိုက်ဖက်သောငွေကိုကိုင်သုံးနေရသဖြင့် မော်မော်ကြွားကြွား။

သူတို့ရဲ့စကားဝိုင်းကိုနားစွင့်ကြည့်တော့ ငွေကိုင်သုံးနိုင်တဲ့ကလေးက သူ့မိဘ ထိုင်းကပြန်ရောက်လာသဖြင့် ထောနေခြင်းဖြစ်ကြောင်းသိရသည်။ပြီးတော့ သူတို့ကလေးအရွယ်များ၏ စကားဝိုင်းတွင် ငွေသံကြေး သံတွေလည်း လျှံလို့။

မိဘတွေက သူတို့သားသမီးတွေကို ထိုင်းခေါ်ထားလို့မရဘူးလားလို့ စပ်စုကြည့်တော့ သူတို့တောင်တရားမဝင်နေရတာဆိုတော့ အဆင်မပြေ။ပြီးတော့ ထိုင်းနိုင်ငံနယ်စပ်မြို့များတွင်သာ မြန်မာကလေးများအတွက် စာသင်ကျောင်းခပ်နည်းနည်းရှိပြီး ကျန်မြို့များတွင်မရှိ။နောက်ထပ်အခြေအနေတစ်ရပ်က မိဘနှစ်ပါးအလုပ်သွားသည့်အချိန်တွင် ကလေးများကို ထိန်းကျောင်းပေးမည့်သူမရှိခြင်းဖြစ်သည်။ထို့ကြောင့် လုံးဝအဆင်မပြေ။

ထို့ကြောင့်ပင် ကျနော်တို့ဘီလူးကျွန်းသူအိမ်ရှင်မတို့မှာ ကိုယ်ဝန်မရရေးအတွက် တားဆေးသုံးရ ကောင်းမှန်းသိလာခဲ့သည်။ကိုယ်ဝန်ကြီးတကားကားနဲ့ အလုပ်လုပ်ဖို့ရာမလွယ်။ထိုအချိန်ကထိုင်းရောက်မြန်မာတရားမဝင်လုပ်သားတို့မှာ မည်သည့်အခွင့်အရေးမှမရှိ။(ယနေ့ထိတိုင်လည်း တရားမဝင်ဆို ဘာအခွင့်အရေးမှမရှိ)ထိုင်းစကားကိုလည်း ထိုင်းတွေနားပေါက်အောင်မပြောတတ်သလို ထိုင်းမှာမီးဖွားဖို့ဆိုတာလည်း ခက်လှ။ထို့ကြောင့် တချို့က ကိုယ်ဝန်ရင့်လာလျှင် ဘီလူးကျွန်းပြန်မွေးကြသည်။ကလေးမွေးပြီးတော့ ၆လပင်မကြာ၊ဘဝပေးက ရှိနေသေးသဖြင့် လသားအရွယ်သားသမီးများကို ဘွားအေနဲ့ထားခဲ့ကာ ထိုင်းသို့ပြန်ရသည်။

နောက်ပိုင်း ထိုင်းမှာတင်ကလေးမွေးသူများလာတော့ ကလေးပြန်ပို့သည့်ဈေးကွက်ပင် တော်တော် ကြီးထွားလာခဲ့သည်။ထိုင်းနယ်စပ်ကနေ လသားအရွယ်ကလေးများကို ကားဖြင့်ပြန်ပို့ခြင်းဖြစ်သည်။လသားအ ရွယ်ကလေးများကို ကျန်းမာရေးမထိခိုက်ဘဲ မှိန်းနေသောဆေးတစ်မျိုးပေးပြီး ပြန်ပို့ခြင်းဟုဆိုသည်။ကလေးကို သောက်ဆေးကျွေးတာလား၊ဆေးထိုးပေးတာလားတော့မမှတ်မိ။ကလေးကို ၂ရက်လောက် မငိုမညည်းမှိန်းနေ အောင်ပြုလုပ်ထားသည်တဲ့။ဘယ်လိုဆေးအမျိုးအစားလဲမသိ၊ကျန်းမာရေးထိခိုက်မှု ဘယ်လောက်ရှိသလဲမသိ။ခရီးကြာချိန်အပေါ် မူတည်ကာ ၁ရက်မှိန်း၊၂ရက်မှိန်း၊၃ရက်မှိန်း စသည်ဖြင့် ဆေးအပြင်းအပျော့ပင်ရှိသေးသည်ဟု ကြားခဲ့ဖူးသည်။

ကလေးမှားခြင်းပြဿနာ လုံးဝမရှိရလေအောင် ကလေးမိဘနာမည်၊ကလေးလာယူမည့်သူအမည်၊ မှတ်ပုံတင်စသည်ဖြင့် သေချာသည့်အထောက်အထားခိုင်လုံစွာဖြင့် ပို့ဆောင်ခြင်းဟု ကြားခဲ့ဖူးသည်။လမ်းခရီးတွင် တစ်စုံတစ်ယောက်က ကလေးယူချီတာမျိုးမဖြစ်အောင်လည်း သေချာစီမံထားသည်တဲ့။

၂၀၁၀ပြည့်တိုင်မတိုင်မီက သတင်းဂျာနယ်တစ်စောင်ကရေးသော ကလေးပို့ဈေးကွက်အကြောင်း အဲဒီလိုဖတ်ခဲ့ဖူးသလို ဘီလူးကျွန်းက ရပ်ဆွေရပ်မျိုးတစ်ဦး၏သားဆိုရင်လည်း ထိုသို့နည်းဖြင့် ဘီလူးကျွန်းရောက် လာသည်ဟု သိရသည်။

ထိုအချိန်က ဘီလူးကျွန်းတံတားမရှိသေး။ကလေး၏အဘွားက မော်လမြိုင်က သတ်မှတ်နေရာတွင် ကလေးသွားရွေး။ကလေးရရချင်းမှာပဲ လာပို့သူခေါ်ပေးသည့် ဖုန်းဖြင့် ထိုင်းကသမီးထံ ကလေးရပြီဖြစ်ကြောင်း နဲ့ ကိုယ့်ကလေး ဟုတ်တာ ဘယ်လောက်အထောက်အထားတွေအရ သေချာကြောင်းပြောပြ။ ထိုအခါကျမှ ထိုင်းကအေးဂျင့်ထံ ကလေးပို့ခငွေကျန်တစ်ဝက်ထပ်ချေ။

ထိုကလေးငယ်လေး ရွာရောက်တော့ ထိုင်းကနေ မှိန်းပြီးရောက်လာသည့်ကလေးကို အထူးအဆန်း ဖြစ်နေသဖြင့်လာကြည့်ကြတာမှ တစ်ရွာလုံး အုံးအုံးထလို့။

ကျနော်တို့ဘီလူးကျွန်းဘဝများသည် ထိုသို့မိဝေးဖဝေး။ယနေ့ထိတိုင် ဘီလူးကျွန်းတွင်အလုပ်အကိုင် အခွင့်အလမ်းမကောင်းသေးသဖြင့် ထိုင်းအလုပ်သည်ရှင်သန်ဆဲ။ကျနော်တို့ကလေးများသည်လည်း မိတကွဲ သားတကွဲဖြစ်မြဲ။

 

ငြိမ်းဆက်       

Photo Credit:facebook