【 ဆောင်းပါး 】မြန်မာ့ထောပတ်သီး၏ တရုတ်ဈေးကွက်အလားအလာ

【 ဆောင်းပါး 】မြန်မာ့ထောပတ်သီး၏ တရုတ်ဈေးကွက်အလားအလာ

ထောပတ်သီးကို ကြိုက်နှစ်သက်သူများလာပြီး စီးပွားရေးဈေးကွက် ပိုတွင်ကျယ်လာသည်။ ကမ္ဘာတစ်ဝန်းတွင် ထောပတ်သီးကို နည်းမျိုးစုံဖြင့် စားသုံးကြသည်။ ထောပတ်သီးက အာဟာရဓါတ်များစွာ ပေးသည့်အပြင် အလှကုန်ပစ္စည်းများတွင်လည်း အသုံးပြုကြသည်။

ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ ဖယ်ခုံ၊ လွိုင်ကော်တို့တွင် စိုက်ပျိုးကြသကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့တွင်လည်း စိုက်ပျိုးကြသည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြသည်။

ပြည်တွင်းဈေးကွက်တွင် ဆောင်းရာသီကို ရောက်ပြီဆိုလျှင် ထောပတ်သီးကို လှိုင်လှိုင်ပေါစွာ တွေ့ရှိရသည်။ ထောပတ်သီးကို နို့ဆီ၊ သကြားများနှင့် ရော၍စားသုံးကြသည်။  ထောပတ်သီးတွင် ကယ်လိုရီ နှင့် အဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဗီတာမင်စီ၊  ဗီတာမင်အီး၊ သတ္ထုဓာတ် နှင့် သံဓာတ်များလည်းပါဝင်သည်ဟု သိရသည်။

ဇူလိုင်တတိယပတ်က တရုတ်ပြည်၊ တက်ဟုန်းပြည်နယ်၊ ပြည်နယ်ခွဲမှ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ခွင့်ပြုထားသော သစ်သီးဝလံကိုးမျိုးကို တရုတ်နိုင်ငံသို့ တင်ပို့နေရာတွင် တောင်သူများ၏ ဈေးကွက်ရရှိမှု အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တက်ဟုန်းပြည်နယ်အစိုးရမှ ကူညီဆောင်ရွက်ပေးရန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

မြန်မာ့ထောပတ်သီးသည် ပြည်ပဈေးကွက်များကို ထိုးဖောက်အောင်မြင်နေသော်လည်း တရုတ်နိုင်ငံ၏ GACC ခွင့်ပြုထားသော သီးနှံစားရင်းတွင် မပါရှိသေးပေ။ မြန်မာ့ထောပတ်သီးကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးများကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တန်ချိန် ၁၀၀၀ ကျော်တင်ပို့ခဲ့ပြီး အခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃၀၀၀ ခန့်တင်ပို့ခဲ့သည်ဟု  မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ယခုနှစ်တွင် မလေးရှားနိုင်ငံသို့ တန်ချိန် (၅၀ ) စမ်းသပ်တင်ပို့ထားပြီး လာမည့်နှစ်များအတွင်း ထောပတ်သီး ရာသီချိန်၌ တန်ချိန် ၅ဝဝဝအထိ ပိုမိုထွက်ရှိရန် ဆောင်ရွက်နေသည်ဟု သိရသည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ့ထောပတ်သီး တန်ချိန် ၃၀၀၀ ပမာဏ ထွက်ရှိခဲ့သည်။  တရုတ်နိုင်ငံသို့ G to G စနစ်ဖြင့်  တရားဝင် တင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

ပြည်တွင်းမှ ထောပတ်သီးကို နယ်သာလန်၊ ပြင်သစ်၊ ဒူဘိုင်းသို့လည်း ထောပတ်သီးနမူနာများ စမ်းသပ်တင်ပို့ထားပြီး အိန္ဒိယနိုင်ငံသို့လည်း တင်ပို့နိုင်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့ရန်နှင့် ထောပတ်သီးကဏ္ဍ၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ထောပတ်သီးစိုက်တောင်သူများ စုပေါင်းပြီး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့်စက်ရုံကို ငွေကျပ်သိန်း ၈၀၀၀ ကျော်အကုန်ကျခံကာ ထောပတ်သီး ရာသီအမှီ တည်ဆောက်နိုင်ရန်အတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်းမှ စီစဉ်နေသည်။ယင်းစက်ရုံကို တရုတ်နိုင်ငံမှ ပညာရှင်များက အကူအညီပေးမည်ဟု သိရသည်။

၂၀၂၂ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတွင် ထောပတ်သီးကို ပြသခဲ့ပြီး နိုင်ငံအစုံက ကုမ္ပဏီပေါင်း ၁၀၀ ကျော်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။

ထောပတ်သီးတွင် Hass ထောပတ်မျိုး၊ Bacon ထောပတ်မျိုး၊ lamb hass ထောပတ်မျိုး စသဖြင့် မျိုးပေါင်းများစွာရှိသည်။ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို အဓိကတင်ပို့သည်။  Hass အမျိုးအစားထောပတ်သီးကို နယ်သာလန် TLR ဓါတ်ခွဲခန်းတွင် မတ်လအတွင်းက ဓါတ်ခွဲစစ်ဆေးရာတွင် အဆီဓါတ် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိ၍ ဥရောပနိုင်ငံများမှ စိတ်ဝင်စားခဲ့သည်။ ထို့ပြင် ဒေသမျိုးရင်း အမ္မရာကိုလည်း ပြည်တွင်းစားသုံးသူများ ကြိုက်နှစ်သက်သည့်အပြင် ပြည်ပမှလည်း ကြိုက်နှစ်သက်ကြသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) စနစ်ဖြင့် စိုက်ပျိုးထွက်ရှိပြီး (GAP) လက်မှတ်ရထုတ်ပိုးစက်ရုံမှ ထုတ်လုပ်ကာ ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေးကိုလည်း စနစ်တကျလုပ်ဆောင်ရန် လိုအပ်မည်ဟု သိရသည်။ ထောပတ်သီးကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးပြီး ထုတ်ပိုးစက်ရုံ ထူထောင်ကာ ပြန်လည်တင်ပို့နိုင်ရေး လုပ်ဆောင်နိုင်ရန်အတွက် တရုတ်၊ ထိုင်းနှင့် မလေးရှားမှ သစ်သီးကုမ္ပဏီအုပ်စုကြီးများနှင့် ဆွေးနွေးနေကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် အာဖရိကနှင့် လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ထားပြီး ကင်ညာနိုင်ငံမှ ထောပတ်သီးများကို အဓိက တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်၍ GACC ခွင့်ပြုချက်ရရှိပြီး တင်ပို့ခွင့်ရ သီးနှံစာရင်းတွင် ထောပတ်သီးလည်း ပါဝင်နိုင်တော့မည် ဖြစ်သည်။

အမွန်