【 ဆောင်းပါး 】ယူနန်ပြည်နယ်က ဆင်ဥယျာဉ်

【 ဆောင်းပါး 】ယူနန်ပြည်နယ်က ဆင်ဥယျာဉ်

တရုတ်နိုင်ငံအတွင်းက ယူနန်ပြည်နယ်ဟာ သဘာဝအလှတရားတွေ စုစည်းတည်ရှိရာ ဒေသတစ်ခုဖြစ်သလို သဘာဝအရင်းအမြစ်တွေ ထိန်းသိမ်းထားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ဗီယက်နမ်၊ လာအိုနိုင်ငံတို့နဲ့လည်း နယ်မြေချင်း ထိစပ်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။   

သဘာဝအလှတရားတွေကို  မြတ်နိုးတတ်တဲ့ ခရီးသွားတွေအများစုဟာလည်း ယူနန်ပြည်နယ်ကို လာရောက်လည်ပတ်ကြလေ့ရှိပါတယ်။

ဒီထဲမှာ ယူနန်ကိုရောက်လာတဲ့ခရီးသွားတွေ အများစုသွားလေ့ရှိတဲ့နေရာကတော့ ယူနန်ပြည်နယ်အတွင်း ကျင်းဟုန်မြို့မှာရှိတဲ့ အာရှဆင်ထိန်းသိမ်းရေးဥယျာဉ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အဲဒီဆင်ဥယျာဉ်ဟာ ကျင်းဟုန်မြို့နဲ့ ကီလိုမီတာ (၅၀)လောက်ပဲဝေးပြီး ဆင်ဥယျာဉ်ကိုသွားတဲ့လမ်းတစ်လျှောက် စိမ်းစိုနေတဲ့သစ်ပင်တွေ တောအုပ်တွေကို ဖြတ်ရမှာ ဖြစ်ပါတယ်။  

ဆင်ဥယျာဉ်ကို ၁၉၉၀ ခုနှစ်က ရှုခင်းကြည့်တောဥယျာဉ်အနေနဲ့ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ခရီးသည်တွေကို လာရောက်ကြည့်ရှုဖို့ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ၂၀၀၈ ခုနှစ်မှာ အာရှတောဆင်ထိန်းသိမ်းရေးနဲ့မွေးမြူရေးစခန်းကို တည်ဆောက်ခဲ့တာမို့ အခုအချိန်မှာတော့ နာမည်ကျော်နေရာတစ်ခုအဖြစ် လူအများလာရောက်လည်ပတ်မှုအများဆုံး နေရာတစ်ခုဖြစ်နေပြီလို့ သိရပါတယ်။

ဥယျာဉ်ထဲမှာ ဆင်အက ဆင်အလှ ဆင်လိမ္မာစွမ်းရည်ပြသပွဲတွေကို ကြည့်ရှုနိုင်သလို  တောဆင်ဥယျာဉ်ထဲမှာလည်း မှန်တံတားလိုနေရာမျိုး၊ သစ်ပင်ပေါ် ဟိုတယ်နေရာမျိုး၊ တောထဲလမ်းလျှောက်နိုင်တဲ့ သစ်သားတံတား လိုနေရာမျိုး၊ ကောင်းကင်ကေဘယ်လ်စီးလို့ရတဲ့ နေရာမျိုးတွေကိုလည်း ဖန်တီးထားပါတယ်။

ကေဘယ်လ်စီးရင်း သစ်ပင်သစ်တောတွေရဲ့သဘာဝအလှကို ခံစားနိုင်မှာဖြစ်သလို တောထဲကိုဖြတ်ပြီး ကေဘယ်လ်စီးရတာမို့ တိရစ္ဆာန်လေးတွေရဲ့ အသံလေးတွေကိုကြားရမှာ ဖြစ်ပါတယ်။

ကေဘယ်လ်ပေါ်ကနေ သစ်ပင်တောတောင်တွေနဲ့ စမ်းချောင်းတွေကိုမြင်တွေ့ရမှာဖြစ်သလို တောထဲလမ်းလျှောက်နေတဲ့ သူတွေကိုလည်း အပေါ်စီးကနေ တွေ့ရမှာ ဖြစ်ပါတယ်။ တွေ့ ရသေးတယ်။ တစ်ခါတလေမှာ တော့ တောထဲမှာလျှောက်သွားနေတဲ့ တောဆင်တွေကိုလည်း ကေဘယ်ပေါ်ကနေတွေ့နိုင်ပါတယ်။

တချို့ခရီးသွားတွေကတော့ ကေဘယ်ကို အသွားတစ်ကြောင်းပဲစီးပြီး အပြန်ကိုတော့ တောထဲမှာဆောက်ထားတဲ့ လမ်းလျှောက်တံတားကနေ ပြန်ကြပါတယ်။ ဒါကြောင့် ဒီခရီးစဉ်မှာ မတူညီတဲ့ခံစားမှုရသနှစ်မျိုးကို ခံစားရမှာဖြစ် ပါတယ်။

ဒီဆင်ဥယျာဉ်ထဲမှာ တောဆင်အုပ်စု (၅၀)ရှိပြီး ဆင်အကောင်ရေ (၃၀၀)ကနေ (၃၅၀)ထိရှိတယ်လို့ သိရပါတယ်။ ဒီဆင်ဥယျာဉ်ဟာ နိုင်ငံတော်အဆင့် (A) လေးလုံးရတဲ့ အဆင့်မြင့်ဥယျာဉ်ဖြစ်ပြီး သဘာဝထိန်းသိမ်းရေးဇုန်နဲ့ တောဆင်ထိန်းသိမ်းရေးဇုန်အဖြစ် ယူနက်စကိုမှာ စာရင်းဝင်ထားတဲ့နေရာ ဖြစ်ပါတယ်။

ယူနက်စကိုစာရင်းဝင်နေရာဖြစ်တာကြောင့် ဒီဥယျာဉ်ထဲမှာ အာရှဆင်သုတေသနစင်တာ၊ တောမွေးလိပ်ပြာစင် တာ၊ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးသုတေသနစခန်းတွေ ထားရှိထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီဆင် ဥယျာဉ်ထဲမှာ တောဆင်၊ တောကျွဲ၊ ဒေါင်း၊ မျောက်တွေလည်း ရှိပါတယ်။

ဥယျာဉ်ထဲမှာ ဆင်တွေထားတဲ့ အဆောက်အဦးနေရာတွေကလည်း တကယ့်အမြင့်ကြီးဖြစ်လို့ ဆင်တွေကို သေချာထိန်းသိမ်းပေးထားတယ်ဆိုတဲ့ ပုံစံပေါ်အောင်ပြင်ဆင်ထားတာတွေ့ရပါတယ်။

ဆင်ဥယျာဉ်ထဲမှာ ဆက်လက်လေ့လာစရာနေရာတစ်ခုအဖြစ် ဆင်ပြတိုက်ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဆင်ပြတိုက်မှာတော့ ဆင်အရိုးစုတွေ၊ ဆင်တွေနဲ့သက်ဆိုင်တဲ့ ဆင်အရေခွံ၊ ဆင်ရိုး၊ ဆင်စွယ်၊ ဆင်အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရမှာဖြစ်သလို လူတွေကြောင့်သေဆုံးသွားရတဲ့ ဆင်တွေအကြောင်း ရုပ်လုံးသွင်းပြီး ပြသထားပါတယ်။

ဒီဆင်ဥယျာဉ်ကို ၂၀၁၅ ခုနှစ် မတ်လ (၄)ရက်နေ့က အင်္ဂလန်နိုင်ငံရဲ့တော်ဝင်မင်းသား မင်းသားဝီလျှံကိုယ်တိုင် လာရောက်လည်ပတ်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ပြခန်းထဲမှာ မှတ်တမ်းအဖြစ် ပြသထားတာတွေ့ရမှာ ဖြစ်ပါ တယ်။

ဒ့ါအပြင် ပြတိုက်ထဲက မှတ်တမ်းတွေထဲမှာလည်း  ဆင်မွေးမြူထားတဲ့ နိုင်ငံတွေ စာရင်းပြတဲ့ ဓာတ်ပုံလေးတွေနဲ့ ဖော်ပြထားပါတယ်။

အဲဒီဓာတ်ပုံစာရင်းအရဆိုရင် အိန္ဒိယနိုင်ငံက (၂၂၁၂ဝ)၊ မြန်မာနိုင်ငံက (၁၀၀၀၀)၊ သီရိလင်္ကာနိုင်ငံက (၃၂၀၀)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက (၃၅၀)၊ ဘူတန်က (၁၅ဝ)၊ တရုတ်နိုင်ငံက (၃၀၀)၊ နီပေါနိုင်ငံက (၉၀)၊ ဗီယက်နမ်နိုင်ငံက (၃ဝဝဝ)၊ ကမ္ဗောဒီးယားနိုင်ငံက (၂ဝဝဝ)၊ ထိုင်းနိုင်ငံက (၂ဝဝဝ)၊ မလေးရှားနိုင်ငံက (၃ဝဝဝ)၊ စသဖြင့် ဆင်မွေးမြူထားတဲ့ စာရင်းတွေကို နိုင်ငံအလိုက် ဖော်ပြထားပါတယ်။

လက်ရှိမှာ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ဆင်တွေကို အခုလိုမျိုး နိုင်ငံတော်အဆင့် ဆင်ဥယျာဉ်ထိန်းသိမ်းရေးစခန်းတွေထားရှိဖော်ဆောင်နေတာကို ကြိုဆိုရမှာဖြစ်ပါတယ်။

ဒီဆင်ဥယျာဉ်တွေကို ခရီးသွားလုပ်ငန်းနဲ့ပါ ချိတ်ဆက်ထားတော့ တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရှာဖွေပေးနိုင်မှာဖြစ်ပြီး ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း အထောက်အကူပြုနိုင်တယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။ 

ခန့်မောင်