【 ဆောင်းပါး 】ရှန်ဟိုင်းရဲ့ဗင်းနစ်

【 ဆောင်းပါး 】ရှန်ဟိုင်းရဲ့ဗင်းနစ်

တရုတ်နိုင်ငံမှာရှိတဲ့ ရှန်ဟိုင်းမြို့ဟာ ရှေးဟောင်းရိုးရာအမွေအနှစ် အငွေ့အသက်များ ဖုံးလွှမ်းနေသော နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်မြို့ဖြစ်ပါတယ်။ ရှန်ဟိုင်းတွင် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုတို့သည် တစ်ခုနှင့် တစ်ခု ရောယှက်နေပါတယ်။ ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဗဟိုဌာနအဖြစ် ရပ်တည်လာသည်မှာ နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်း ရှိပြီဖြစ်ပါတယ်။

အသစ်နှင့်အဟောင်း ပုံစံမျိုးစုံပေါင်းစပ်ထားတဲ့ ရှန်ဟိုင်းမြို့ကြီးဟာဆိုရင် မြို့ပြခရီးသွားလုပ်ငန်း၏ စံပြတစ်ခုဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့ မြို့ပြရှုခင်း၊ မြို့ပြယဉ်ကျေးမှုနှင့် မြို့ပြကုန်သွယ်မှုများကြောင့်လည်း ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကိုနေ့စဉ်နှင့်အမျှ ဆွဲဆောင်လျက်ရှိနေပါတယ်။

ရှန်ဟိုင်းမြို့ဟာ တမူထူးခြားလှပပြီး ဆွဲဆောင်မှုရှိတဲ့ မြို့တစ်မြို့ပင်ဖြစ်သလို ခရီးသွားတွေကို စွဲဆောင်နေတဲ့ ချစ်စရာကောင်းသောရှေးဟောင်း

မြို့တစ်မြို့လည်း ရှိနေပါသေးတယ်။  

ဒီရှေးဟောင်းမြို့ဟာ ရှန်ဟိုင်းမှာရှိတဲ့ ထင်ရှားသောသမိုင်းဝင်ယဉ်ကျေးမှုမြို့လေးမြို့ထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး “ယန်ဇီမြစ်၏ တောင်ဘက်ပုလဲ” ဟုလူသိများကြပါတယ်။ရှန်ဟိုင်းရဲ့အတွင်းကျသော  ချစ်စရာကောင်းသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့  Zhujiajiao Ancient Town ကတော့  Qingpu ခရိုင်၊ Shanghai တွင်တည်ရှိတာ ဖြစ်ပါတယ်။

ဒီမြို့လေးကို  Zhujiajiao Water Town (ခေါ်) Zhujiajiao Water Village လို့ တင်စားခေါ်ဝေါ်ကြသလို ဒီမြို့လေးရဲ့ ဖြစ်တည်မှုသမိုင်း ကြောင်းကလည်း နှစ်ပေါင်း ၁၇၀၀ကျော် ရှိပြီလို့ ဆိုပါတယ်။

အီတလီနိုင်ငံ မြောက်ပိုင်းတွင်ရှိ အလှအပများ၊ ဗိသုကာလက်ရာများနှင့် အနုပညာလက်ရာများကြောင့် ထင်ရှားကျော်ကြားတဲ့ ဗင်းနစ်မြို့နဲ့လည်း ခိုင်းနှိုင်းတင်စားကြပါသေးတယ်။

ရှန်ဟိုင်းရဲ့ဗင်းနစ်အဖြစ် သတ်မှတ်ခံထားရသော ပန်ကာပုံစံမြို့ငယ်လေးတွင် ရေကန်များနှင့် တောင်များ၏ ရှုခင်းများတွင် တောက်ပသောပုလဲကဲ့သို့ဖြစ်တည်နေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

ဒီမြို့ဟောင်းရဲ့သမိုင်းကြောင်းကို Song မင်းဆက်ခေတ်သို့ ပြန်လည်ခြေရာခံနိုင်ပြီး ၎င်းရဲ့မူလအမည်မှာ Zhujia ရွာဖြစ်ပါတယ်။ ရှေးခေတ်မြို့လေးဟာ ရေလမ်းနှင့်ကုန်းလမ်း သွားလာရေး အဆင်ပြေသော သဘာဝပတ်ဝန်းကျင်ဖြင့် ဖြစ်ပေါ်တည်ရှိခဲ့တာဖြစ်ပါတယ်။

 Zhujiajiao ရှိ ဆန်စက်လုပ်ငန်းဟာ Ming နှင့် Qing မင်းဆက်များနှောင်းပိုင်းတွင် ပေါ်ပေါက်လာခဲ့ပြီး စီးပွားရေးကြွယ်ဝမှု၊ ကုန်သည်များစုဝေးမှု နှင့် တက်ကြွသောကူးသန်းဖလှယ်မှုများဖြစ်ပေါ်စေခဲ့သလို ထိုခေတ်ကာလရဲ့ သာယာဝပြောမှုကို  “သုံးမိုင်ရှည်လျားသောလမ်း၊ ဈေးဆိုင်ထောင်ပေါင်းများစွာ” ဟုပင် ပြောစမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းမြို့ဟာ Ming နှင့် Qing မင်းဆက်များရဲ့ ရှေးဟောင်းလမ်း အသွင်သဏ္ဍာန်ကို ဆက်လက် ထိန်းသိမ်းထားပြီး Jiangnan ရေမြို့၏ ရိုးရိုးရှင်းရှင်းပုံစံဖြင့်  ရေလမ်းကြောင်းများ၊ တံတားငယ်များစွာ တည်ရှိနေပါတယ်။  ကုန်းတွင်းမြစ်များ၊ မြစ်ကမ်းတစ်လျှောက် ရှည်လျားသောလမ်းကိုးလမ်း၊ ကမ်းစပ်တွင်ထောင်နှင့် ချီသော Qingming အဆောက်အအုံများနှင့် ကျောက်တံတား ၃၆ စင်းတို့ကလည်း ရှေးခေတ်ပုံစံအတိုင်း တည်ရှိနေပါသေးတယ်။

ဒါကြောင့်ပဲ ဒီမြို့ဟောင်းလေးရဲ့ သဘာဝဖြစ်တည်မှု ရှုခင်းတွေကို ရုပ်ရှင်ရိုက်ကူးသူတွေက အလွန်နှစ်သက်ကြပါတယ်။ တရုတ်ပြည်တွင်းသာမက  ပြည်ပနိုင်ငံများကပါ ကာလအတန်ကြာရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးမှုများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်လာပါတယ်။ ဒီနေရာကို “ရှန်ဟိုင်းမြို့ ဆင်ခြေဖုံးရှိ ဟောလီးဝုဒ်” လို့လဲ သတ်မှတ်ကြပါသေးတယ်။

ရှန်ဟိုင်းမှာရှိတဲ့ ရှေးဟောင်းမြို့လေးမြို့အနက်မှ အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားသော မြို့ဖြစ်ပြီး ချောင်းများကိုဖြတ်ရင်း ထူးခြား သောတံတားဟောင်းများ၊ မိုးမခပင်များဖြင့် အရိပ်ရသော မြစ်ငယ်များ၊ ခြံဝင်းများ ပါရှိသောအိမ်များနဲ့ တမူထူးခြားနေတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

စည်ကားသိုက်မြိုက်စွာ လှုပ်ရှားသွားလာနေရသော ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေကြားမှာ အပန်းဖြေမှုနှင့် အေးချမ်းမှုအပြည့်ရှိသော ကမ္ဘာသစ်ဆီသို့ ပို့ဆောင်ပေးနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရိုးရာဗိသုကာပညာကို စူးစမ်းလေ့လာပြီး ရေလမ်းတစ်လျှောက် အပန်းဖြေလှေစီးလိုက်ပါလိုတဲ့ ခရီးသွားတွေ အကြိုက်တွေ့လှတဲ့ ရှေးဟောင်းမြို့လေးတစ်မြို့ ဖြစ်ပါတယ်။

 ခန့်မောင်