【 ဆောင်းပါး 】လယ်ယာလုပ်ငန်းထဲက တရုတ်စက်ပစ္စည်းများ

【 ဆောင်းပါး 】လယ်ယာလုပ်ငန်းထဲက တရုတ်စက်ပစ္စည်းများ

တရုတ်နိုင်ငံထဲက ချုံချင့်မြို့ ၊ ဖူလင်ဒေသ၊ ကွမ်းမိန်ကျေးရွာမှာ စမတ်လယ်ယာလုပ်ငန်းခွင်ရဲ့ အားသာချက်များကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပါသည်။ ဟင်းသီးဟင်းရွက် အစားထိုးစိုက်ပျိုးစက်၊ အသံနှင့်အလင်းစက်၊  လျှပ်စစ်အားဖြင့် ဆောင်ရွက်သည့် ပိုးမွှားကာကွယ်ရေးစက်၊ မြေဩဇာပတ်ဖြန်းစက်၊  ဆေးဖြန်းစက်နှင့်အပင်ကာကွယ်ရေးဒရုံးစက် အစရှိသည့်  စက်ပစ္စည်းများကို အသုံးပြု၍ ခေတ်မှီနည်းပညာဖြင့် လယ်ထွန်ခြင်း၊ စိုက်ပျိုးခြင်းများဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍက အဓိကအရေးကြီးဆုံးကဏ္ဍဖြစ်ပါသည်။ သို့သော် စိုက်ပျိုးရေး၊ စက်မှုလယ်ယာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အခက်အခဲများက ဖြစ်ပေါ်နေဆဲဖြစ်သည်။

လယ်ယာကဏ္ဍ ထုတ်လုပ်မှုနှုန်းနိမ့်ကျခြင်း၊ စားသောက်ရုံအဆင့်ဖြင့်သာ လုပ်ကိုင်နေကြခြင်း၊ ငွေအရင်းအနှီး အခက်အခဲများရှိခြင်း၊ အရည် အသွေးလိုအပ်နေခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ လိုအပ်နေခြင်း စသည့်အခြေအနေအရပ်ရပ်က ပြည်တွင်းလယ်ယာစိုက်ပျိုးထုတ်လုပ်မှုသည် ခေတ်မှီနည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမှာ နည်းပါးပါသည်။  

မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် စပါးစိုက်ပျိုးသည့်အခါတွင် ရေကြီးရေလျှံဖြစ်ခြင်း၊ ဆားငံရည်ဝင်ရောက်ခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများကို ခံစားလာရသလို စိုက်ပျိုးသီးနှံများလည်း ထင်သလောက်မဖြစ်ထွန်းသည့် အခက်အခဲများရှိသည်။

အချို့မိုးခေါင်သောဒေသတွင် စိုက်ပျိုးရေရှားပါးလာပြီး တောင်သူအများစုက အခြောက်စိုက်ယာစပါးပုံစံ စိုက်ပျိုးလာကြသည်။ လယ်စပါးစိုက်ပျိုးမှုမှ ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်း ယာစပါးများ အစားထိုးစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လာကြသည်။

လယ်ယာလုပ်ငန်းကို ရှေးယခင်က မျိုးရိုးအစဉ်အဆက် လုပ်ကိုင်ကြသော်လည်း နောက်ပိုင်းကာလတွင် လယ်ယာလုပ်ငန်းခွင်မှာ လက်ဆင့် ကမ်းလုပ်ကိုင်ကြသူ အလွန်နည်းပါးသည်။ လယ်ယာလုပ်ငန်းကို မလုပ်ကိုင်ကြတော့ဘဲ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်သူ၊ မြို့ပြဒေသများတွင် သွားရောက်လုပ်ကိုင်ကြသူ များလာသည်။

လယ်ယာလုပ်ငန်းခွင်တွင် အလုပ်သမားရှားပါးလားသည့် အခြေအနေများကြောင့် စက်မှုလယ်ယာအသွင် ဖြစ်လာသော်လည်း ထင်သလောက်ခရီးမပေါက်သေးပေ။ တောင်သူလယ်သမားတို့တွင် အခက်အခဲမျိုးစုံ ရှိနေပါသေးသည်။

မြန်မာနိုင်ငံတွင် တောင်သူဦးကြီးတော်တော်များများမှာ စိုက်ပျိုးစရိတ်ချေးငွေဖြင့် မလောက်ငပဲ ပြင်ပက ချေးငွေ ထပ်မံယူရသည့်  အခက်အခဲများရှိသည်။

လယ်ယာစိုက်ပျိုးရေးအတွက် အထူးအားထားရသည့် ကျွဲ၊နွားများ ရှားပါးလာသည်။ ကျွဲ၊ နွားများကို တရုတ်နိုင်ငံအပြင် ပြည်ပနိုင်ငံများက ဈေး ကောင်းပေးဝယ်ယူသူများရှိသည်။ ယင်းအခြေအနေကြောင့် လယ်ယာသုံးစက်ပစ္စည်းများဖြင့် ထွန်ယက်စိုက်ပျိုးကြသည်။

တရုတ်၊ ဂျပန် ၊ ထိုင်း အစရှိသော နိုင်ငံများစွာမှ လယ်ယာသုံးစက်ပစ္စည်း အမျိုးမျိုးရှိသော်လည်း တောင်သူလယ်သမားတို့သည့် မိမိတို့၏ရင်းနှီး မြှုပ်နှံမှုနှင့် တွက်ချေကိုက်ရန် တရုတ်ထုတ်ကုန်လယ်ယာသုံးစက်ပစ္စည်းများကို အသုံးများကြသည်။

ပြည်တွင်းစက်မှုလယ်ယာကို တွန်းအားပေးအဖြစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှစ၍ လယ်ယာသုံး စက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယင်းကုန်စည်လိုင်းများတွင် စိုက်ပျိုးရေးထွက်ကုန်များအတွက် အခြောက်ခံစက်၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်သုံး ရေ(သို့) ဆေးမှုတ်ကိရိယာ၊ ဆေးဖြန်းကိရိယာနှင့် အခြားကိရိယာ၊ စိုက်ပျိုးရေးဆေးဖြန်း၊ ဆေးမှုတ်ကိရိယာများ၏ အပိုပစ္စည်း၊ စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်သည့် ရွေ့လျားစက်၊ ပစ္စည်းသယ်ယူစက်၊ မြေပြုပြင်ခြင်း၊ ပေါင်းရိတ်စက်၊ မျိုးစေ့ချစက်၊မြေသြဇာဖြန်းစက်၊ အခြားစက်နှင့် ၎င်းစက်များအတွက် အပိုပစ္စည်းများ ပါဝင်သည်။

ရိတ်သိမ်းခြွေလှေ့စက်၊ ၀ါခြွေစက်၊ အသီးသန့်စင်ရွေးချယ်စက်နှင့် ၎င်းစက်များ၏ အပိုပစ္စည်း၊ စက်ပစ္စည်းနှင့် တပ်ဆင်ထားသည့် စိုက်ပျိုးရေး၊ ဥယျာဉ်နှင့် မွေးမြူရေးသုံးမျိုးပေါက်စက်၊ ဥဖောက်စက်၊ စိုက်ပျိုးရေးသုံးအတွက် နောက်တွဲယာဉ် အစရှိသော လယ်ယာသုံးစက်ပစ္စည်းနှင့် အကျုံးဝင်သည့် ကုန်စည်များလည်း ပါဝင်သည်။

ထို့ပြင်လယ်ယာသုံးစက်များနှင့် စားသောက်ကုန်ထုတ်စက်များကို ဝယ်ယူမည့် တောင်သူများကို အများဆုံးကျပ် သိန်း ၇၀၀ အထိ ချေးငွေယူနိုင်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လယ်ယာသုံးစက်ပစ္စည်းများကို အရစ်ကျချေးငွေဖြင့် ရောင်းချနေသော ကုမ္ပဏီများတွင် တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်း ရောင်းချသည့် ကုမ္ပဏီများလည်းပါဝင်သည်။

စက်မှုလယ်ယာအတွက် ထောင့်စုံက အားဖြည့်ဆောင်ရွက်မှုများ ရှိနေသော်လည်း ယနေ့ခေတ်အချိန်အခါအရ စက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာခြင်း၊ လောင်စာဆီဈေးနှုန်းကြီးမြင့်လာခြင်း၊ မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာခြင်း အစရှိသည့် အခြေအနေများက ပြည်တွင်းလယ်ယာလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် မယှဉ်နိုင်သေးဘဲ အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။

အမွန်