【 ဆောင်းပါး 】သင်္ကြန်နဲ့ယှဉ်တွဲရာ စီးပွားရေး

【 ဆောင်းပါး 】သင်္ကြန်နဲ့ယှဉ်တွဲရာ စီးပွားရေး

ဧပြီလအတွင်း ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် စည်ကားလေ့ရှိသလို ယင်းကာလအတွင်း အလုပ်၊ ရုံးဌာနများ၊ ဆိုင်များ အများအပြားပိတ်ကြကာ အနားယူလေ့ရှိကြသော ကာလတစ်ခုလည်း ဖြစ်သည်။

သင်္ကြန်ကာလတွင် ပွဲရုံများနှင့် ကုန်စည်ဒိုင်များ၊ လက္ကားဆိုင်ကြီးအများစုမှာ ပိတ်ကြသည့်အတွက်ကြောင့် ယင်းကာလမတိုင်ခင် နေ့စဉ်မရှိမဖြစ် အသုံးပြုကြရသော အခြေခံစားသောက်ကုန်များကိုလည်း ကြိုတင်ဝယ်ယူ စုဆောင်းကာ ဆိုင်ငယ်များနှင့် လက်လီဆိုင်များက သင်္ကြန်ရက်တွင်းဖြန့်ဖြူးရောင်းချလေ့ရှိသည်မှာ ပုံမှန်လိုလိုပင်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ဝယ်လိုအားလည်းကောင်းသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ သင်္ကြန်ကာလအတွင်း အလှူအတန်းများနှင့် စတုဒီသာပွဲတော်များကို ပြုလုပ်လေ့ရှိရာ ယင်းအခြေအနေများက စျေးဆိုင်များအတွက် ဝယ်လိုအားကောင်းစေသော အခြေအနေမျိုးပင် ဖြစ်စေခဲ့သည်။

ထို့အပြင် ပျော်ပျော်ပါးပါးလူစုလူဝေးဖြင့် ဧည့်ခံစားသောက်လေ့ရှိကြသည့်အတွက်ကြောင့်လည်း အဖျော်ယမကာများလည်း ရောင်းအားကောင်းခဲ့သည်။ ပြည်တွင်းစျေးကွက်တွင် ပုံမှန်အားဖြင့် အဝယ်ဆွဲမှုကြောင့် ဖြစ်လေ့ဖြစ်ထရှိသော စျေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုများကိုလည်း ကြိုတင်ကာ အစားထိုးဖြည့်ဆည်းရင်းစီမံလာကြသည်။ အကြမ်းဖျဉ်းအားဖြင့် ဆိုရလျှင် အခြေခံစားသောက်ကုန်စျေးကွက်တွင် အလှူပွဲလမ်းသဘင်များ၌ အဓိကသုံးစွဲရာဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးတို့မှာလည်း ပြည်တွင်းမှ ထွက်ရှိကာ စျေးကွက်အတွင်း ဝင်ရောက်မှုထက် ဝယ်လိုအား သိသာစွာဆွဲလာမှုကြောင့် စျေးနှုန်းများမြင့်တက်မှုအပေါ် ကုန်သည်ကြီးများက တရုတ်ဘက်မှ ကြက်သွန်၊ အာလူးများကို တင်သွင်းပြီး စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းလုပ် ဆောင်ကြရသည်။

ထိုသင်္ကြန်ပွဲတော်ကာလအတွင်း အသုံးပြုလေ့ရှိသည့် လူသုံးကုန်နှင့် အထွေထွေကုန်စည်များအတွက်လည်း ပြည်တွင်းစျေးကွက်၌ ပစ္စည်းပြတ်လပ်မှုမဖြစ်ရန် တရုတ်စျေးကွက်ကိုသာ အားကိုး၍ ဖြည့်ဆည်းကြရခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် စျေးကွက်အတွင်း မုံရွာ၊ မိတ္ထီလာ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများနှင့် မြစ်သား၊ မုံရွာ၊ ကြူကုတ်ဘက်မှ ကြက်သွန်ဖြူများလည်း ဝင်ရောက်နေပြီး စျေးကွက်လိုအပ်ချက်ကို ထိန်းညှိနိုင်ရန် တရုတ်ဘက်မှ တင်သွင်းသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများလည်း ရှိလာခဲ့သည်။ တရုတ်ဘက်မှ တင်သွင်းလာသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများမှာ ပွဲရုံစျေးကွက်များအတွင်း ပြည်တွင်းစိုက်ပျိုးထွက်ကုန်များထက် စျေးသက်သာသည့် အခြေအနေမျိုး ဖြစ်နေသည်မှာလည်း ဝယ်သူအတွက် လက်ခံရွေးချယ်စရာ အခြေအနေမျိုးကို ဖန်တီးပေးလျက်ရှိသည်။

ထိုပွဲတော်ကာလအတွင်း ရေကစားခြင်းကြောင့် မိုဘိုင်းဖုန်းများအပါအဝင် အီလက်ထရွန်နစ်ပစ္စည်းများ ရေစိုကာ ပျက်စီးခြင်းများ မဖြစ်စေရန်အတွက် ရေစိုခံအိတ်များမှာလည်း တရုတ်ဘက်မှ တင်သွင်းရောက်ရှိလာကြပြီး လူတိုင်း လွယ်လွယ်ကူကူဝယ်နိုင်သော စျေးနှုန်းမျိုးလည်း ဖြစ်ခဲ့သည်။ ထို့အပြင် ရေစိုခံအလှကုန်ပစ္စည်းများ၊ ကလေးများ ဆော့ကစား သည့် ရေမြှုပ်ဘူးများ၊ ရေပြွတ်များ၊ ရေဖလားများ စသည်တို့မှာလည်း ပြည်တွင်းထုတ်ပစ္စည်းများနှင့်အပြိုင် တရုတ်ဘက်မှ တင်သွင်းလာကြသလို ဝယ်လိုအားကောင်းလေ့ရှိသည့် ပစ္စည်းများဖြစ်ခဲ့သည်။

သင်္ကြန်ပွဲတော်အတွင်း မဏ္ဍပ်များတွင် အလှဆင်သည့်ပစ္စည်းများနှင့် ပန်းခြောက်များ၊ ဖျော်ဖြေသည့် မဏ္ဍပ်စင်မြင့်များတွင် သုံးစွဲသော မီးရောင်စုံများ၊ အလှဆင်ပစ္စည်းများစွာမှာလည်း တရုတ်စျေးကွက်ကို အားထားနေကြရသည်။ ယင်းပစ္စည်းများအတွက်ကိုလည်း ကြိုတင်ကာဝယ်ယူ၍ ပြင်ဆင်ထားရသည်။ သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ပင် အပန်းဖြေခရီးထွက်သူများရှိသလို ပြည်ပခရီးများသို့ အပန်းဖြေထွက်သူများလည်းရှိပြီး ပြည်ပအပန်းဖြေခရီးစဉ်များ၌လည်း မြန်မာသင်္ကြန်ကဲ့သို့ ရေပက်လေ့ရှိရာ တရုတ်ဘက်ခြမ်းဒေသများသို့ အပန်းဖြေသွားရောက်သူအချို့လည်းရှိခဲ့သလို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအတွက် အခြေအနေကောင်းသော ကာလမျိုးဖြစ်ခဲ့သည်။

သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များကို ကန်ထရိုက်ယူ၍ တည်ဆောက်သည့် ဝန်ဆောင်မှုလုပ်ငန်းများကလည်း သင်္ကြန်နှင့်အတူ အလုပ်ဖြစ်လေ့ရှိပြီး နှစ်စဉ်ဝင်ငွေကောင်းသော လုပ်ငန်းလည်းဖြစ်ခဲ့သည်။

ထိုမဏ္ဍပ်များကို တည်ဆောက်ရာနေရာပေါ်မူတည်၍လည်းကောင်း၊ တည်ဆောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်၏ဆန္ဒအရလည်းကောင်း လုပ်ဆောင်ကြလေ့ရှိပြီး မဏ္ဍပ်တည်ဆောက်ခြင်း၊ ပြန်လည်ဖြုတ်သိမ်းခြင်းအပါအဝင် တည်ဆောက်သည့် ကာလ၊ သုံးစွဲသောပစ္စည်း၊ အလုပ်သမားအသုံးချမှု စသည်ဖြင့်လည်း တွက်ချက်၍ လုပ်ကိုင်လေ့ရှိကြသည်။ ထိုလုပ်ငန်းကို ဝန်ဆောင်မှုပေးသူများက သစ်ဟောင်းများ သို့မဟုတ် သံဖရိန်များ ငှားရမ်းခြင်း၊ ရေသွယ်လုပ်ငန်းအတွက် ငှားရမ်းခြင်း၊ အလုပ်သမားအဖွဲ့ငှားရမ်းခြင်း စသည်ဖြင့်လည်း ဆက်စပ်သည့် လုပ်ငန်းများတစ်လျှောက်သင်္ကြန်နှင့်အတူ အလုပ်ဖြစ်ကြသည့် ကာလလည်း ဖြစ်ခဲ့သည်။

သင်္ကြန်နှင့်အတူ အလုပ်ဖြစ်သည့် လုပ်ငန်းတစ်ခုမှာ ချက်ပြုတ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ထမင်းဟင်းချိုင့်ဆွဲ လိုက်လံပို့ဆောင်ရောင်းချပေးသည့် လုပ်ငန်းများလည်းဖြစ်သည်။ ယင်းလုပ်ငန်းများသည် ရေကစားရာမဏ္ဍပ်များနှင့် နေအိမ်များအရောက် ပို့ဆောင်ပေးလေ့ရှိကြသလို ယင်းကာလအတွင်း လည်ပတ်သူများအတွက် အဆင်ပြေစေခဲ့သည်။ စားသောက်ရန် ထမင်းနှင့်အတူ အသားဟင်းတစ်မျိုး၊ အသီးအရွက်တစ်မျိုးနှင့် အချို့မှာအသုပ်တစ်မျိုးပါ ပါဝင်သလို အရည်သောက်ဟင်းချိုနှင့် တို့စရာများလည်း ပါဝင်လေ့ရှိပြီး ဝန်ဆောင်မှုပေးသည့် အခြေအနေပေါ်မူတည်၍ စျေးနှုန်းမှာ အသီးသီးရှိကြသည်။ ထိုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများလည်း သင်္ကြန်နှင့်အတူ အလုပ်ဖြစ်ကြသလို သင်္ကြန်ပွဲ နွှဲပျော်သူများအတွက် အားထားရာလုပ်ငန်းများ ဖြစ်ခဲ့သည်။

သင်္ကြန်တွင်းလည်ပတ်သူများအတွက်လည်း သင်္ကြန်ကားအဖြစ်ငှားရမ်းသည့် အခြေအနေမှာလည်း စျေးကွက်တစ်ရပ် ဖြစ်ခဲ့ပြီး ယခင်က ရန်ကုန်မြို့အတွင်းလိုင်းကားအဖြစ် ပြေးဆွဲသော ဟိုင်းလပ်ယာဉ်ငယ်များကို စျေးသက်သာသည့်အတွက် ငှားရမ်းသူများခဲ့ဖူးသလို နောက်ပိုင်းတွင် လိုက်ထရပ်နှင့် အိမ်စီးယာဉ်များကိုလည်း ငှားရမ်းကာ စျေးကွက်တစ်ရပ် ဖြစ်ထွန်းလာခဲ့သည်။ သင်္ကြန်ကားအဖြစ် ငှားရမ်းသူများဘက်ကလည်း အသုံးပြုမည့် စက်သုံးဆီအခြေအနေနှင့် ယာဉ်ပြုပြင်စရိတ်တို့အပေါ်တွက်ချက်၍ စျေးနှုန်းတစ်ခု သတ်မှတ်ကာ အငှားလိုက်လေ့ရှိကြသလို အချို့မှာလည်း သင်္ကြန်ကာလအတွင်း ဘုရားဖူးထွက်မည့်သူများနှင့် ခရီးဝေးအပန်းဖြေ အလည်အပတ်သွားမည့်သူများအတွက် အငှားလိုက်လေ့ရှိကြသည်။

ထိုသင်္ကြန်ကာလအတွင်း ကားအငှားခများမှာလည်း စက်သုံးဆီစျေးအခြေအနေနှင့် လက်ရှိကြုံလာကြသည့် အခြေခံကုန်စျေးနှုန်းအခြေအနေ မြင့်တက်မှုပေါ်မူတည်၍ ပြောင်းလဲမှုများလည်းရှိကြသလို ယာဉ်ပိုင်ရှင်ပေါ်မူတည်၍လည်း ပုံသေသတ်မှတ်ထား၍မရဘဲ အပြောင်းအလဲရှိတတ်သည်။ သင်္ကြန်ကာလအတွင်း ဘုရားဖူးထွက်မည့်သူများတွင် မိသားစုလိုက်အပါအဝင် သွားရောက်မည့် ဦးရေပေါ်မူတည်၍ ငှားရမ်းသူများက ယာဉ်အခြေအနေကို ရွေးချယ်လေ့ရှိကြသလို ခရီးသည်တင်ယာဉ်လိုင်းများအတွင်း ပြေးဆွဲရာမှ သင်္ကြန်ကာလအတွင်း ခေတ္တနားကြသည့် ယာဉ်ကြီးများကိုလည်း ငှားရမ်းမှုရှိကြသည်။ ယာဉ်ကြီးများကို ငှားရမ်းသူများမှာ ငှားရမ်းခကို စုပေါင်းကျခံလေ့ရှိကြပြီး ယာဉ်ငယ်များကိုမူ ပုဂ္ဂလိကတစ်စုချင်း မိသားစုများက ငှားရမ်းမှုများကြသည်။ ထို့ကြောင့် သင်္ကြန်ကာလတွင် ယာဉ်ငှားရမ်းမှုမှာလည်း စျေးကွက်ကြီးတစ်ရပ်ဖြစ်လာကာ ကျယ်ပြန့်လာခဲ့ဖူးသည်။

မကြာခင် သင်္ကြန်ပွဲတော်သို့ ရောက်ရှိတော့မည်ဖြစ်သလို ကိုဗစ်ကြောင့် စည်ကားမှုမရှိခဲ့သော သင်္ကြန်ပွဲအခြေအနေမှ ယခုနှစ်တွင် စည်ကားရန် အားပျိုးကာ ပြင်ဆင်နေလျက်ရှိသည်။ သင်္ကြန်ပွဲတော်နှင့်အတူ ဆက်နွယ်နေသည့် လုပ်ငန်းနယ်ပယ်အသီးသီးကလည်း ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်သလို ဖြစ်ပေါ်ပြောင်းလဲလာနိုင်မည့် စျေးကွက် အခြေအနေများအရ မည်သည့်လုပ်ငန်းများတွင် အကျိုးဖြစ်ထွန်းသူများရှိနိုင်သလို မည်သည့်လုပ်ငန်းများမှာ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်မည်မှာ စောင့်ကြည့်ရပေတော့မည်။

ဧပရယ်လ်