【 ဆောင်းပါး 】သမိုင်းရှည်ထဲက ရိုးရာလက်ဖက်တို့ရဲ့ အရွေ့များ

【 ဆောင်းပါး 】သမိုင်းရှည်ထဲက ရိုးရာလက်ဖက်တို့ရဲ့ အရွေ့များ

မြန်မာနှင့်ကမ္ဘာတွင် လက်ဖက်ဆိုသည့် စားသောက်ကုန်တစ်မျိုးကို မသိသူ မရှိသလောက်ဖြစ်မည်ဟု ဆိုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာလူသားများစွာတို့သည် နေ့စဉ်လူမှုဘ၀တွင် လက်ဖက်ရည်၊ လက်ဖက်ခြောက် ၊လက်ဖက်ရွက် တစ်မျိုးမျိုးနှင့် ပတ်သက်မှုရှိနေသည်ဟု ယုံကြည်ရခြင်းကြောင့် ဖြစ်ပါသည်။ထိုသို့ လူ့အသိုင်းအဝိုင်းတွင် နေရာယူလျက်ရှိသောလက်ဖက်သည် ကျွန်ုပ်တို့နေထိုင်ရာ မြန်မာနိုင်ငံတွင်လည်း သမိုင်းနှစ်ထောင်ချီ တည်ရှိခဲ့သည်ကို အချက်အလက်ဖေါ်ပြမှုတွေအရ သိကြရပါသည်။

မြန်မာ့လက်ဖက်၏ သမိုင်းကိုပြောရာတွင် ကမ္ဘာ့လက်ဖက်သမိုင်းနှင့် ယှဉ်ထိုးကြည့်ကြလေ့ ရှိပါသည်။ ယင်းကဲ့သို့ လေ့လာရာတွင် တရုတ်နိုင်ငံသည် (ဘီစီ ၂၅၀၀)ခန့်က လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် ခဲ့သည့် ရှေးအကျဆုံးနိုင်ငံဟု တွေ့ရကာ ဒုတိယ ရှေးအကျဆုံး နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို လက်ဖက်စတင်စိုက်ပျိုးမှုကာလအားဖြင့် ( အေဒီ၁၂၀၀) အဖြစ်သတ်မှတ်ထားကြသည်။ သို့ရာတွင် မြန်မာ့လက်ဖက်၏ သက်တမ်းမှာလည်း အံ့ဩသင့်ဖွယ်ရှိနေပါသည်။ အပင်၏ သက်တမ်းကိုကြည့်ကာ လက်ဖက်ဖြစ်တည်ခဲ့မှုသမိုင်းကို ခန့်မှန်းလျှင်ပင် မြန်မာ့လက်ဖက်တို့၏ ဖြစ်တည်မှုက ရှည်လျားလှသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဥပမာ အနေဖြင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထူးဒေသတွင် နှစ်တစ်ထောင်ခန့် သက်တမ်းရှိ လက်ဖက်ပင်ကိုတွေ့ရှိခဲ့ကြသည်ကို ထောက်ရှု့နိုင်သည်လည်းဖြစ်ပါသည်။

မြန်မာ့လက်ဖက်သမိုင်းနှင့်ပတ်သက်ပြီးဖေါ်ပြမှုများစွာအနက် ထင်ရှားသည်က အလောင်းစည်သူမင်း နှင့်ပတ်သက်သော ဖေါ်ပြမှုများဖြစ်ပါသည်။ အလောင်းစည်သူမင်းသည် ရှမ်းပြည်နယ်သို့ တိုင်းခမ်းလှည့်လည်ရာ စေတီတစ်ဆူကို  နံ့သာကိုးတုံး ဌာပနာထည့်လျက် တောင်မယ်စေတီတစ်ဆူကို ပြုပြင်တည်ထားခဲ့သည်ဟု ဖေါ်ပြမှုများရှိခဲ့သည်။ ထို့ကြောင့် အလောင်းစည်သူမင်းနန်းစံသော (အေဒီ ၁၁၁၂- အေဒီ ၁၁၆၇) ကာလနှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်သမိုင်း မှတ်တမ်းများတွက် လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်းကို အေဒီ ၁၁ ရာစုနှစ်တွင် အစပြုခဲ့သည်ဟုယူဆကြောင်း မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းက ဖေါ်ပြခဲ့ကြသည်။ ထို့ကြောင့် လက်ဖက်သည်ယခင်က နန်းတွင်းစားသောက်စရာအဖြစ် အစဉ်အဆက်ရှိခဲ့သည်ဟုလည်း သိရပါသည်။

လက်ဖက်ကိုထုတ်လုပ်မှုအနေဖြင့် ကမ္ဘာပေါ်တွင် စိုက်ပျိုးသည့်နိုင်ငံ (၃၀) ခန့်ရှိနေသည်ဟု ဖေါ်ပြကြ သည်။ စိုက်ပျိုးထုတ် တင်ပို့ရောင်းချမှု အများဆုံး ပြုလုပ်လျက်ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ကင်ညာ ၊ တူရဂီနှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကာ ယင်းတို့အနက် တရုတ်နိုင်ငံသည် အများဆုံး ထုတ်လုပ်ရောင်းဝယ်သည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း အချက်အလက်များတွင်တွေ့ရသည်။ လက်ဖက်စိုက်ပျိုးရာနိုင်ငံများတွင် လက်ဖက်ပင်သည် မျိုးအားဖြင့် (၄) မျိုးရှိကာ တရုတ်၊ အာသံ၊ ကိုးကန့်၊ အင်ဒိုချိုင်းနား စသည့် ဖြင့်ရှိနေသည်ဟု သိရပြီး မြန်မာနိုင်ငံတွင်လည်း အာသံမျိုးကို အဓိကစိုက်ပျိုးကြသည်ဟု ဆိုကြပါသည်။

လက်ဖက်ကို ပြည်တွင်းရှိ ပြည်နယ်နှင့်တိုင်းအများအပြားတွင် စိုက်ပျိုးမှုများရှိနေပြီး အထူးသဖြင့် ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှလည်း ထွက်ရှိသည်ကို တွေ့ရသည်။ စိုက်ပျိုးမှုစရိတ်နှင့်ဝင်ငွေကိုအကြမ်းဖျင်းလေ့လာလျှင် ရှမ်းပြည်နယ်အနေဖြင့် လက်ဖက်စိုက်ပျိုးမှုမှာ နှစ်စဉ် ဧက (၂)သိန်းကျော် စိုက်ပျိုးပြီး၊ (၁)သိန်းကျော် ပြန်လည်ထွက်ရှိကာ တစ်ဧက၏ အထွေထွေ ကုန်ကျစရိတ်အားဖြင့် ၁၁ သိန်း နီးပါးရှိကာ စျေးကွက်အလားအလာကောင်းလျှင် ၁၁ သိန်းနီးပါးလောက်ထိ အမြတ်ရရှိကြသည်ဟု ဆိုကြသည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် လက်ဖက်ကို ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လွိုင်လင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းကိုင်နှင့် မိုင်းရှူးမြို့များတွင် အများဆုံး စိုက်ပျိုးမှုများရှိနေသည်ဖြစ်ပါသည်။

လက်ဖက်သည်နှစ်ရှည်ပင်ဖြစ်ပြီး နှစ်ပေါင်း(၅၀)နီးပါးသက်တမ်းရှိကာ အပင်သက်တမ်း(၃) နှစ်ဝန်းကျင်တွင် အရွက်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း တောင်သူများကဆိုပါသည်။ လက်ဖက်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် တောင်သူများက ခူးဆွတ်ကြသည်ဟု သိရပါသည်။ခူးဆွတ်ရာတွင် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်လလျှင် လေးကြိမ်၊   တစ်နှစ်လျှင်အကြိမ် ၄၀ ကျော်ခူးဆွတ်ရကြောင်း၊ တစ်ဧကလျှင် လက်ဖက်အစို ပိဿာ ၈၀၀ မှ ၁၀၀၀ အထိ ထွက်ရှိလေ့ရှိကြောင်း လက်ဖက်စိုက်တောင်သူများက ပြောပါသည်။ စျေးတန်ဘိုးအားဖြင့် အစိုတစ်ပိဿာ ၇၀၀၀ ကျပ် နှင့် အခြောက်တစ်ပိဿာ ၈၀၀၀ကျပ်မှ ၂၀၀၀၀ ကျပ် အထိ လက်ဖက်ခြောက် အမျိုးအစားလိုက် စျေးရရှိကြသည် ဟု တောင်ကြီးမြို့နယ်မှ လက်ဖက်စိုက် တောင်သူတစ်ဦးက ဖြေဆိုဖူးပါသည်။

လက်ဖက်သည် စျေးကွက်အနေဖြင့် ပြည်တွင်းပြည်ပ စျေးကွက်ဝင် စားသောက်ကုန်အဖြစ်ရှိနေသည်ဟု ဆိုပါသည်။ လက်ဖက်အစိုနှင့် အခြောက် အလျဉ်းသင့်သလိုတင်ပို့လေ့ရှိကြပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် (၄) လ အတွင်း လက်ဖက်အစိုနှင့်အခြောက်တင်ပို့မှု တန်ချိန် ၂၀၀ ခန့်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ လေးသိန်းကျော် ဝင်ငွေရှိခဲ့ကြောင်း သတင်းဖေါ်ပြမှုများရှိခဲ့ပါသည်။သို့ရာတွင် ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားလာသည့် ၂၀၂၀ ခုနှစ်မှ စတင်ကာ စျေးကွက်ထိခိုက်မှုရှိခဲ့ပြီး ပြည်တွင်းအခြေအနေများကြောင့် ရှမ်းပြည်တွင် လက်ဖက်လုပ်ငန်းများအနက် လက်ဖက်ခြောက်လုပ်ငန်းများ ထိခိုက်ခဲ့ကြသည်ဟု တောင်သူများကဆိုကြပါသည်။  

ဒေသခံလုပ်ငန်းရှင်များသည် လက်ဖက်ကို စျေးကွက်ထိုးဖေါက်ရန် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နည်းပညာမြှင့်တင်ကာ အစဉ်ဆောင်ရွက်လျှက် ရှိကြပါသည်။ထို့ကြောင့် လွန်ခဲ့သည့် ၆ နှစ် (၂၀၁၈) ကပင် လက် ဖက်တန်ချိန် ၁၅၀ ကျော်ကို ပြည်ပနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဂျာမနီ၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသည့် နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြပါသည်။ ထို့ကြောင့်လိုအပ်ချက်အရ အော်ဂဲနစ်စနစ်စိုက်ပျိုးမှုများကို အရွေ့တစ်ခုအဖြစ် ပြောင်းလဲစိုက်ပျိုးလာခဲ့ကြပြီး အော်ဂဲနစ် လက်ဖက်ခြောက်၊လက်ဖက်စို အဖြစ်လည်း တင်ပို့မှုများရှိလာခဲ့ကြပါသည်။ ဒါ့အပြင် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် စားသုံးရန်အသင့်ပြင်ပြီး ပါကင်ထုပ်များ ၊ပဲကြော်ထုတ်များဖြင့်လည်း စျေးကွက်တန်း ဝင်အောင် ကြိုးစားခဲ့ကြပါသည်။ နှစ်စဉ် ဧပြီလသို့ရောက်တိုင်း ရှမ်းပြည်နယ်တွင် လက်ဖက်ရွက် သစ်ဝေမြဲဖြစ်ကာ မကြာမီတွင် သင်္ကြန်မိုးမရွာမီ ခူးဆွတ်ရရှိသော "ရွှေဖီမိုးလွတ်" ဟုနာမည်ကြီးသည့် လက်ဖက်များ၏ကာလ ရောက်ရှိလာဦးမည် ဖြစ်ပါသည်။

မိုးသား