【 ဆောင်းပါး 】ဟိုတုန်းကသင်္ကြန်

【 ဆောင်းပါး 】ဟိုတုန်းကသင်္ကြန်

မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက်တွင် တန်ခူးလတွင်ကျရောက်သည့် သင်္ကြန်ပွဲတော်မှာ ထင်ရှားလှသည်။ သင်္ကြန်ဟူသည့် စကားသည် ပါဋိဘာသာနှင့် သက္ကတဘာသာမှ ဆင်းသက်လာပြီး ကူးပြောင်းခြင်းဟူ၍ အဓိပ္ပါယ်ရသလို မြန်မာတို့၏ နှစ်တစ်နှစ်အရ တပေါင်းလတွင် တစ်နှစ်တာ ကုန်ဆုံးကာ တန်ခူးလတွင် နှစ်တစ်နှစ်၏ အသစ်အနေဖြင့် ပြန်လည်စတင်ခြင်းလည်းဖြစ်သည်။

သင်္ကြန်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများလည်းရှိ‌ပြီး နှစ်ကာလအကူးအပြောင်းတွင် နှစ်ဟောင်းမှ အညစ်အကြေးများက နှစ်သစ်ဆီသို့ ပါမသွားစေရန် ရေဖြင့်ဆေးကြောစေသည့် အဓိပ္ပါယ်အနေဖြင့် ရိုးရာသင်္ကြန်ပွဲအဖြစ် ရေသဘင်ပွဲများကို ကျင်းပလာခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြကြသည်။ နိုင်ငံ၏ အပူပိုင်းလွင်ပြင်များနှင့် တောင်ပေါ်ဒေသ အချို့နေရာများအထိ အနည်းဆုံး လေးရက်မှ တစ်လကြာအထိ ရေပက်ကစားတတ်ကြသည်။ ထိုပွဲတော်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ပျော်ရွှင်မှု၊ စုပေါင်းနွှဲပျော်မှု၊ ယဉ်ကျေးမှု၊ ဘာသာရေးထုံးတမ်းများကို တစ်စုတစ်စည်းတည်း မြင်တွေ့ နိုင်သည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်သလို ယင်းပွဲတော်ကာလအတွင်း စတုဒိသာအလှူဒါနများနှင့် ဘေးမဲ့လွှတ်ခြင်းများကိုလည်း ပြုလုပ်လေ့ရှိကြသည်။

သင်္ကြန်ပွဲကို မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကစ၍ ကျင်းပလာသည်ကို သေချာသည့် အထောက်အထားမရှိသော်လည်း အများအားဖြင့် ပုဂံ၏နောက်ဆုံးမင်းဖြစ်သော နရသီဟပတေ့နှင့် စောလုံဇာတ်လမ်းကို အကြောင်းပြုကာ ပုဂံခေတ်ကတည်းက ရှိသည်ဟု ပြောစမှတ် ရှိကြသည်။ မှန်နန်းရာဇဝင်ပါ စောလုံကို ရေပက်ရင်းကျီစယ်လွန်မိသည့် နရသီဟပတေ့မင်းကို စောလုံက လုပ်ကြံရန် ကြိုးစားသည်မှာ ပေါ်သွားခြင်းကြောင့် စောလုံအသတ်ခံရသည့် ဇာတ်လမ်းရှိသော်လည်း ဖြစ်နိုင်ခြေရှိမရှိကို အထောက်အထား ခိုင်ခိုင်မာမာတော့မရှိပေ။ ထိုခေတ်ကာလက စောလှဝန်းဂူဘုရားအတွင်းမှ ကျောက်စာတွင် ဖော်ပြထားသည့် အချက်များအရအစောဆုံးအထောက်အထားအဖြစ် ပြောဆိုနေကြသော်လည်း ယင်းခေတ်က သင်္ကြန်တွင် ရေပက်ကစားသည်ကိုဆိုလိုခြင်း ဟုတ်မဟုတ်နှင့် ခေါင်းဆေးသင်္ကြန်ကို ခေါ်ဆိုခြင်းဟုတ်မဟုတ်ဆိုသည်ကို မည်သူမှ သေချာစွာမပြောဆိုနိုင်ကြသည့် အခြေအနေမျိုးဖြစ်သည်။ သာသနာဝင်ကျမ်းများအရ ကပိလဝတ်ပြည်က သာကီဝင်မင်းများ ရေဖျန်းသဘင်ကစားခြင်းကို သင်္ကြန်ပွဲ၏ ရှေးအကျဆုံးအထောက်အထားဟူ၍လည်း ဆိုကြသည်။

ရတနာပုံခေတ် နန်းတွင်းသင်္ကြန်ပွဲများအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ ဖော်ပြကြပြီး မြန်မာအစဉ်အလာအတိုင်း အခါတော်ကျချိန်တွင် နန်းမြို့ တံခါး ၁၂ ရပ်မှ အမြောက်သုံးချက်စီပေးပြီး သင်္ကြန်ကျကြောင်း နိုင်ငံကို အသိပေးကြရသလို ယင်းအစဉ်အလာကို ဗြိတိသျှခေတ်အထိနန်းတွင်း သင်္ကြန်အမြောက်ဖြင့် အချက်ပေးခဲ့သလို အဆံမပါသည့် သင်္ကြန်အမြောက် ဟူသည့် စကားလည်း ဆိုစပြုလာကြသည်။

အိန္ဒိယနှင့် ကူးလူးဆက်ဆံမှုများခဲ့သည့် ပုဂံတွင် ဟိန္ဒူဓလေ့များဝင်လာနိုင်ပြီး အင်းဝခေတ်၊ ညောင်ရမ်းခေတ်တို့တွင် ဘုရင်များ ခေါင်းဆေးမင်္ဂလာပြုကြသည်ကိုလည်း သင်္ကြန်တော်ဟူ၍ ခေါ်ကြောင်း သုံးနှုန်းထားပြန်သည်။ ဘုရင်ခေါင်းဆေးရန်အတွက် ရေကောင်းရေသန့်ကို မုတ္တမနား ခေါင်းဆေးကျွန်းမှ သွားယူရသလို နားထွင်းမင်္ဂလာနှင့် နန်းတက်ပွဲများ၌လည်း သင်္ကြန်ဟု ခေါ်သည့် ထုံးစံရှိကြောင်း ဆိုထားကြသည်။ ရခိုင်တို့ကမူ သင်္ကြန်အစမှာ မဟာမြတ်မုနိကဟူ၍ ဆိုထားပြီး မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ရခိုင်ပြည်ကို ကြွရောက်ခဲ့ကြောင်း၊ မဟာမြတ်မုနိကို ရေသပ္ပါယ်ရာမှ သင်္ကြန်ပွဲ စတင်ခဲ့သည်ကို ရေးသားထားပြီး ထူးဆန်းပုံမှာ အဆိုပါဘုရားကြွရောက်လာပုံက မွန်တို့နှင့်ထပ်တူ ရေးထားသည်။ ဓညဝတီနှင့် သုဓမ္မဝတီသာ ကွာပြီး ရခိုင်တို့က ဓညဝတီပြည်၊ မွန်တို့က သုဓမ္မဝတီဟု ဆိုထားသည်။ မွန်တို့တိုင်းပြည်မှာ အခါခါ ပျက်ခဲ့ရပြီး သမိုင်းအရင်းအမြစ်များ ပျောက်ကွယ်လုနီးပါး ဆိုသော်လည်း အတာသင်္ကြန်ဟူသည့် အမည်ကို ထောက်၍ “အတာ”မှာ မွန်စကားဖြစ်သလို သင်္ကြန်အစ မွန်တို့မှ ဖြစ်ကြောင်းကို ဘာသာဗေဒအရ ဆိုထားကြပြန်သည်။

သင်္ကြန်တွင် ရေပက်ကစားသည့် ထုံးစံမှာ အရှေ့တောင်အာရှနှင့် တောင်အာရှမှ ဟိန္ဒူနှင့်  ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသည့်နိုင်ငံများအနှံ့၌ တွေ့ရလေ့ရှိပြီး တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်အထိ ဆင်နွှဲလေ့ရှိကြသည်။ နှစ်သစ်ကူးပွဲ ဆင်နွှဲပုံအမျိုးမျိုး ရှိသည့်အနက်မှ ပူအိုက်လှသော အီကွေတာ ရာသီဥတုရှိရာ မြန်မာလို နိုင်ငံတွင်မူ ရေပက်ကစားခြင်းမှာ သဘာဝကျသည့် ဓလေ့တစ်ခုလည်းဖြစ်သည်။

သင်္ကြန်ပွဲတော်မှာ အင်္ဂလိပ်ခေတ်ကို ရောက်လာပြီး နောက်ပိုင်း နှစ်ကာလများအတွင်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားလာပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ကဲ့သို့သော မြို့ကြီးများတွင် ယိမ်းအဖွဲ့ယှဉ်ပြိုင်မှုများ၊ အလှကားများဖြင့် ဖျော်ဖြေမှုများ၊ သံချပ်ထိုးကာ ယှဉ်ပြိုင်မှုများဖြင့် ထင်ရှားကာ စည်ကားခဲ့သည်။ ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်မည်သည့်နှစ်ကာလ၌ စတင်ကျင်းပသည်ကို အတိအကျမှတ်တမ်းတင်ထားမှုမရှိသော်လည်း ၁၈ ရာစုအလယ်ပိုင်းတွင် အလောင်းဘုရားမင်းက ရန်ကုန်မြို့၌ စတင်ကျင်းပခဲ့သည်ဟုလည်း မှတ်တမ်းအချို့၌ဖော်ပြထားသည်။ မန္တလေးသင်္ကြန်သည်လည်း ရှေးမြန်မာဘုရင်မင်းများ လက်ထက်ကတည်းက ကျင်းပသည်ဟုဆိုထားကာ ခေတ်ကာလအတိအကျမှတ်တမ်း မတွေ့ရသော်လည်း သမိုင်းကြောင်းရှည်လျားလျက်ရှိသည်။ ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးခေတ်ထိ နိုင်ငံတော်သင်္ကြန်မရှိတော့ဘဲ အရပ်သင်္ကြန်အဆင့် ကျင်းပကာ ၁၉၃ဝ နောက်ပိုင်းတွင် မန္တလေးမြို့အပါအဝင် စစ်တွေ၊ မော်လမြိုင်၊ ရန်ကုန်မြို့ တို့တွင် ရေပက်ခံကားဖြင့် လည်၍ သင်္ကြန်အကများ၊ မဏ္ဍပ်ဖျော်ဖြေခြင်းများလည်း လုပ်ဆောင်လာကြသည်။ နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်းစသည့် တေးရေးအကျော်အမော်များ၏ သင်္ကြန်တေးသွားများလည်း ပေါ်ထွက်လာပြီး ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၇ လောက်မှစ၍ မန္တလေးသင်္ကြန်သည် ဂီတအကသင်္ကြန်အဖြစ် အသွင်ပြောင်းလာခဲ့သည်။

၁၉၅ဝ နောက်ပိုင်းတွင် ပြည်ထောင်စု သင်္ကြန်၊ ငြိမ်းချမ်းရေးသင်္ကြန်ဟူ၍ မန္တလေးမြို့တွင်ကျင်းပခဲ့ပြီး ၁၉၅၅ သင်္ကြန်တွင် အီဂျစ်၊ အိန္ဒိယ ခေါင်းဆောင်များက ရန်ကုန်တွင်လာရောက်ဆင်နွှဲ၍ ဘန်ဒေါင်းညီလာခံကို ခရီးဆက်ကြသည့်အတွက် နိုင်ငံတကာသင်္ကြန်ဖြစ်ခဲ့ဖူးသည်။ ၁၉၆ဝ တွင် တရုတ်ခေါင်းဆောင်များလာရောက်ကြပြီး ဂန္ဓာလရာဇ်သင်္ကြန်နှစ် ဖြစ်ခဲ့သည်ဟုဆိုကြသည်။ ဂန္ဓာလရာဇ်ဟူသည်မှာ ယင်းကာလက တရုတ်ပြည်ကို ခေါ်သည့် အသုံးအနှုန်းပင်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် သင်္ကြန်ပွဲတော်အတွင်း တရုတ်ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံသမိုင်းတွင် အရေးပါသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထိုအချိန်က တရုတ်နှင့် မြန်မာတို့သည် သံတမန်ဆက်ဆံရေး ခိုင်မာခဲ့ပြီး တရုတ်သည် မြန်မာနိုင်ငံအတွက် အရေးပါသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ပံ့ပိုးပေးခဲ့သည်ဟု ဆိုထားသည်။ ဥက္ကဋ္ဌဖြစ်သူ မော်စီတုံးနှင့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့ အပါအဝင် တရုတ်ခေါင်းဆောင်များ၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးသော ဆက်ဆံရေး၏ သင်္ကေတဖြစ်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်များသည် ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကို တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ပြည်သူများကလည်း စိတ်အားထက် သန်စွာ ကြိုဆိုခဲ့ကြသည်။ ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲကြပြီး ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေကြကာ ဒေသအခြေစိုက် ဘုရားများနှင့် စေတီများတွင် လက်ဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုခရီးစဉ်သည် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ဒေသတွင်းအရေးပါသော မဟာမိတ်များအဖြစ် ဆက်ဆံရေးကို ခိုင်မြဲစေခဲ့သည်။ ယနေ့ခေတ်တွင် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးသည် အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့် စီးပွားရေး အခင်းအကျင်းတွင် အရေးပါသော အချက်အဖြစ် ဆက်လက်ရှိနေသည်။ သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံတွင် အရေးပါသော ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသလို ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကို ဆွဲဆောင်စေခဲ့သည်။

မန္တလေး စျေးချိုတောင်ဘက် ကျောက်သွေးတန်းရပ် နေပြည်တော်ဆေးတိုက်မှ တည်ထောင်သည့် နေပြည်တော် အမျိုးသားရေသဘင်အဖွဲ့၊ ရှုတိုင်းယဉ်အဖွဲ့၊ မြို့မအဖွဲ့စသည်တို့မှာလည်း အလှပြကားများဖြင့် အစောဆုံး စထွက်ကြသည့် အသင်းများဖြစ်သလို ပထမဆုံးသင်္ကြန်ကားများထွက်သည့်နှစ်၌ ဒေါင်းရုပ်ရေစို၍ အောက်ခံများပေါ်ခြင်းကြောင့် ဖျာစုတ်ကြီး ဟူ၍လည်း အော်ခဲ့ကြဖူးသည်။ နောက်ပိုင်းတွင် မန္တလေးမှာ ရေရှား၍ ပူပြင်းသည့် မြို့ဖြစ်ခြင်းကြောင့် နေ့ခင်းရေပက်ခြင်းထက် ညဘက်တွင် အဆိုအကဖြင့် ဖျော်ဖြေမှုကို ပိုမိုဦးစားပေးလာကြသည်။ ၁၉၆ဝ နောက်ပိုင်း ရန်ကုန်သင်္ကြန်တွင် သံချပ်အဖွဲ့များ ခေတ်စားလာပြီး နိုင်ငံ၏ အခြေအနေကို ဟာသသဘောဖြင့် သံချပ်ထိုးပြောသည့် ယဉ်ကျေးမှုမှာ ရန်ကုန် သင်္ကြန်၏ လက္ခဏာတစ်ခုလို ဖြစ်လာခဲ့သည်။ ၁၉၆၂ နောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးကြောင့် သင်္ကြန်ပွဲများ ဆုတ်ယုတ်လာကာ ဂီတနှင့် ယဉ်ကျေးမှုအပြောင်းအရွှေ့ကြောင့် သင်္ကြန်တေးနှင့် အကများမှာလည်း သိသာသော ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။

သင်္ကြန်ကို တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့များအသီးသီးတွင် မတူကွဲပြားသည့်ပုံစံမျိုးဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ မွန်ပြည်နယ် သင်္ကြန်မှာလည်း ထူးခြားစွာ နှစ်ဆန်းတစ်ရက်အထိ ကျင်းပလေ့ရှိသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအများစုတွင် သင်္ကြန်အတက်နေ့မှာ သင်္ကြန်၏ နောက်ဆုံးရက်အဖြစ် ကျင်းပကြသော်လည်း မွန်ပြည်နယ်တွင်မူ နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်ခံထွက်၍ လည်ပတ်ကာကျင်းပလျက်ရှိသလို ယင်းနေ့မှာ အစည်ကားဆုံးနေ့လည်းဖြစ်ခဲ့သလို လူငယ်များမှာ ဆင်တူဝတ်စုံများဝတ်ဆင်၍ အဖွဲ့လိုက်လည်ပတ်မှုများလည်း ခေတ်စားလာခဲ့သည်။

၂ဝဝဝ ပြည့်လွန်နှစ်များတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော် စသည့် မြို့ကြီးများတွင် မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်များ အသီးသီး အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ပြီး ယခုနောက်ပိုင်း လမ်းလျှောက်သင်္ကြန်များအပါအဝင် စည်းကားစေရန် ဖန်တီးလာခဲ့ကြသည်။ သင်္ကြန်၏ သင်္ကေတများတွင် အစားအသောက်များကို စတုဒိသာ ကျွေးမွေးမှုများလည်း ပါဝင်ပြီး မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း အစရှိသည့် ဆီလျော်ရာ ရိုးရာမုန့်များကိုလည်း ကျွေးမွေးလေ့ရှိကြသည်။ ဘေးမဲ့လွှတ်ခြင်း၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ကန်တော့ခြင်း၊ စုပေါင်းကုသိုလ်ပြုခြင်းများကလည်း မြန်မာ့သင်္ကြန်နှင့်အတူ ချစ်ခင်ဖွယ်အလေ့အထများလည်း ဖြစ်ကြသည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ ခေတ်ကာလအရ ကျင်းပပုံစံပြောင်းလဲလာကြသလို သင်္ကြန်၏အနှစ်သာရမှာ ပျောက်ပျက်သွားမည်မဟုတ်သည့်အပြင် ကမ္ဘာလှည့်ခရီးသွားများလည်း စိတ်ဝင်စားစရာ ထင်ရှားသည့်ပွဲတော်အဖြစ် ဖြစ်နေဦးမည်ဟု ဆိုရပေမည်။

ဧပရယ်လ်