【 ဆောင်းပါး 】အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်စျေးကွက်သို့ယှဉ်ပြိုင်ဝင်ရောက်ရာဝယ်

【 ဆောင်းပါး 】အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်စျေးကွက်သို့ယှဉ်ပြိုင်ဝင်ရောက်ရာဝယ်

နိုင်ငံတစ်ခု၏ ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်သွင်းကုန်စသည့် စီးပွားရေးအခြေအနေ အားသာချက်၊ အားနည်းချက်များကို ကိုင်စွဲလျက် ယှဉ်ပြိုင်လုပ်ဆောင်နေကြသည်ကို ကျွန်ုပ်တို့မြင်တွေ့ရမည်ဖြစ်သည်။ ယင်းသို့ အားသာချက်၊အားနည်းချက်များအပေါ်တွင် မူတည်ကာ ကုန်သွယ်မှုအမြတ်အစွန်းနှင့် လုပ်ငန်းအောင်မြင်မှု၊ ဆုံးရှုံးမှုကိုလည်း တစ်ဆက်တည်းတွင် တွေ့ကြရမည်ဖြစ်ပါသည်။

နိုင်ငံအလိုက်အားသာချက်တွင် သယ်ယူစရိတ် ကုန်ကျမှုအနည်းအများ နှင့် စျေးကွက်ခိုင်မာမှုဝယ်လိုအား အများဆုံးအားသာချက်ရှိသည့် စျေးကွက်သို့ဦးစားပေးစဉ်းစားကာ တင်သွင်းကြသည်လည်းဖြစ်သည်။ ယင်းအခြေအနေတွင် အာရှနိုင်ငံများအတွက်မူ တရုတ်နှင့်အိန္ဒိယကဲ့သို့ ပင်ကိုယ်စားသုံးသူကျယ်ပြန့်သောစျေးကွက်သို့ ဦးစားပေးရွေးချယ်ကြမည်ဖြစ်သည်။ အသေးစိတ်အနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ကျယ်ပြန့်သော စျေးကွက်နေရာယူထားသည့် တရုတ်နိုင်ငံစျေးကွက်သည် ဦးစားပေးအဖြစ် ရှိလာနေသည်ဖြစ်ပါသည်။

ထိုသို့တရုတ်နိုင်ငံသို့ ပို့ကုန်စျေးကွက်ဝင်ရောက်မှုများအနက် ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှနိုင်ငံများသည် ပို့ကုန်တင်ပို့မှုတွင် နယ်မြေနီးစပ်မှုရှိသည့် တရုတ်နိုင်ငံသို့ တင်ပို့မှုတူညီကြပါသည်။ယင်းသည် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် ရံဖန်ရန်ခါဆိုသလို ပို့ကုန်ဝေစုအတွက် စိန်ခေါ်မှုများ ရှိနိုင်မည်ဖြစ်ပါသည်။

ဒီနေရာတွင် အများပြည်သူကို ကိုယ်စားပြုသော ပို့ကုန်များဖြစ်သည့် စိုက်ပျိုးရေး၊လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၏ အရှုံး၊အမြတ်သည် အရေးကြီးသည်လည်းဖြစ်သည်။ သို့ဆိုလျှင် အရှုံး/ အမြတ် ကို မြည်သို့ချဉ်းကပ်ကြမည်နည်းဆိုလျှင် အကြောင်းအရာများစွာအနက် ကြိမ်ဖန်များစွာဖြစ်တတ်သည့် စျေးကွက်အကြောင်းအရာကို ဂရုပြုကြရမည်ဖြစ်ပါသည်။

အနီးစပ်ဆုံးအနေဖြင့် ယခု ၂၀၂၃ ခုနှစ်မေလကုန်ပိုင်း မကြာသေးမီက တရုတ်စျေးကွက်အတွင်း မြန်မာ့သ ရက်သီးစျေးကွက်မှ အမြတ်အစွန်းမရရှိမှုကို ကြည့်လျှင်လည်းမြင်သာသည်။ ယင်းအခြေအနေတွင် ကုန်သည် များ ၏ အဆိုအရ ကုန်ပစ္စည်းအရည်အသွေးလိုအပ်ချက်နှင့် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံမှ ပြည်တွင်းသရက်ထွက်ရှိချိန်နှင့် တိုက်ဆိုင်မှုများပင်ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်စဉ်များသည် အချက်အလက်အားဖြင့် သတိထားသင့်သော အရာများစွာထဲမှ ကြိမ်ဖန်များစွာဖြစ်နေသည်မှာ သီးနှံစိုက်ပျိုတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံရွေးချယ်မှုတွင် စဉ်းစာရမည်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြမှုများရှိခဲ့သည်လည်းဖြစ်သည်။

တကယ်တမ်းတွင် တရုတ်နိုင်ငံ၏ပြည်တွင်းထွက်ရှိမှုအခြေအနေအပြင် အခြားတစ်ဖက်တွင် ပို့ကုန်ပြိုင်ဖက်နိုင်ငံများ၏ အခြေအနေများကိုလည်း ထည့်သွင်းကြရမည်ဖြစ်ပါသည်။ ဥပမာအနေဖြင့် တရုတ်နိုင်ငံစျေးကွက်သို့ တင်ပို့သောသီးနှံများအနက် ဒူးရင်းသီးတင်ပို့မှုစျေးကွက်မှာ မြင်သာသည်လည်းဖြစ်သည်။ ဒီနေရာတွင် ထိုင်းနိုင်ငံအနေဖြင့် တရုတ်သို့ဒူးရင်းသီးတင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

 ၂၀၂၂ ခုနှစ်တွင် တန်ချိန် တစ်သိန်းကျော်ထုတ်လုပ်ကာ  စုစုပေါင်းဒူးရင်းတင်ပို့မှု၏ ၉၆ % ကျော်ကို တရုတ်သို့တင်ပို့ခဲ့သည်။ လက်ရှိထိုင်းနိုင်ငံတွင် ဒူးရင်းအမျိုးအစားပေါင်း ၂၀၀ ကျော်ရှိသည်ဟုဆိုသော်လည်း ယခင်က ဒူးရင်းသည် ထိုင်းနိုင်ငံထွက်ကုန်မဟုတ်ခဲ့ပဲ စီးပွားဖြစ်စိုက်ပျိုးခဲ့ကြသည်ဟု ဆိုကြသည်။

ထိုအချက်သည် သီးနှံစိုက်ပျိုးမှုတွင် အမျှော်အမြင်ကြီးမားမှုဟု ဆိုနိုင်သလို စျေးကွက်သုတေသနနှင့် စားသုံးသူဆိုင်ရာ ထိုးထွင်းသိမြင်မှုအခြေအနေကိုလည်း ထင်ဟပ်နေလျက်ရှိသည်ဖြစ်သည်။ ထို့ကြောင့် ပို့ကုန် အခြေအနေတွင် အခြေခံဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု၊ အရည်အသွေးနှင့် စံချိန်စံညွှန်းများ ၊ မတူညီသောထုတ်ကုန်များထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်နှင့် စျေးကွက်ချဲ့ထွင်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နှစ်နိုင်ငံမူဝါဒများအပေါ်တွင် အခြေခံစဉ်းစားကာ တောင်သူများ၊လုပ်ငန်းရှင်များအနေဖြင့် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း တွေ့နိုင်မည်ဖြစ်သည်။

အဆိုပါ နယ်ပယ်များကို ကိုင်တွယ်ဖြေရှင်းမှသာ ပစ်မှတ်ထားသော မဟာဗျူဟာများကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံသည် တရုတ်ဈေးကွက်တွင် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး ပို့ကုန်‌ဝေစုကို ရယူထားနိုင်မည်လည်းဖြစ်သည်။  အခြားတစ်ဖက်တွင် သက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အလားအလာကို အကောင်အထည်ဖော်ရန်နှင့်  ကျယ်ပြန့်သော အိမ်နီးချင်း၏ ဈေးကွက်တွင် အခွင့်အလမ်းများကို ရယူရန်အတွက် အရေးကြီးသည်ဟုဆိုရမည်ဖြစ်ပါသည်။

မိုးသား