【 ဆောင်းပါး 】“ဘာရွေးမလဲ”

 【 ဆောင်းပါး 】“ဘာရွေးမလဲ”

စိတ်ဆိုသည်မှာ အာရုံကိုသိတတ်သောသဘောတရားဖြစ်သည်။ အမြင် အကြား အနံ့ အရသာ အထိ အတွေ့ဟူသောအာရုံများအပေါ်မှာ ခံစားသိတတ်မှုသည်စိတ်ပင်ဖြစ်သည်။

စိတ်သည်သူ့ဘာသာနေလျှင် ဘာထူးခြားမှုမှမရှိပါ။ အာရုံများနှင့်တွေ့ထိဆက်ဆံရုံနှင့်လည်း ထူးခြားမှု မရှိသေးပါ။ သို့သော် ထိုထိတွေ့လာသောအာရုံကြောင့် တစ်ခုခုထူးခြားပြောင်းလဲဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ။

ပြောင်းလဲမှာကလည်းနှစ်ခုထဲရှိပါသည်။ တစ်ခုက ကောင်းတာတွေးဖို့ ကောင်းတာပြောဖို့ ကောင်းတာ လုပ်ဖို့ပါ။ နောက်တစ်ခုက မကောင်းတာတွေးဖို့ မကောင်းတာပြောဖို့ မကောင်းတာလုပ်ဖို့ ပါ။

ကောင်းခြင်း မကောင်းခြင်းကတော့ အာရုံတွေပေါ်မှာ ခံစားလာမည့် ကိလေသာနှင့်ပညာတို့၏ တိုက်ပွဲ သာဖြစ်သည်။ စိတ်သည် အာရုံများနှင့်ထိတွေ့စဉ်မှာ ကိလေသာဝင်ရောက်မွှေနှောက်လာလျှင် မကောင်းတာ မမှန်တာ မတရားတာတွေကို တွေးချင် ပြောချင် လုပ်ချင်လာသည်။ ပညာအလင်းရောင် ရရှိလျှင်တော့ ကောင်းတာ မှန်တာ တရားတာတွေကို တွေးချင် ပြောချင် လုပ်ချင်လာသည်။

ကိလေသာသည် သတ္တဝါတို့၏စိတ်အစဉ်ကို လောင်ကျွမ်းစေတတ်ပါသည်။ ညစ်နွမ်းစေတတ် ပါသည်။ လောဘ ဒေါသ မောဟ တို့သည် ကိလေသာအုပ်စု၏ခေါင်းဆောင်ကြီးများဖြစ်သည်။ လိုချင်တာက လောဘပါ။ မလိုချင် တာကဒေါသပါ။ လိုမှန်းမသိ၊ မလိုမှန်းမသိ၊ လိုတာမှန်လား မှားလားမသိ၊ မလိုတာမှန်လားမှားလား မသိတာက မောဟပါ။ ထိုကိလေသာများသည် လူတို့၏စိတ်ကို အစဉ်အမြဲ အနိုင်ယူသိမ်းပိုက်ထားကြသည်။ ထိုကိလေသာ တို့သည် အမှန်တရားကိုသိသော အလင်းဓာတ်ရှိသော ငြိမ်းချမ်းစေတတ်သောပညာနှင့် သတ်မှရပါသည်။

လောဘကိလေသာကို အကြိမ်ကြိမ်ပယ်သတ်ပြီး ခုနစ်ကြိမ်မြောက်တွင် အောင်မြင်ခဲ့သည့်သူ တစ်ယောက်ရှိခဲ့ပါသည်။

ဗာရာဏသီပြည်ရှိ ရွာတစ်ရွာမှာ ဘုရားလောင်းကုဒ္ဒါလပဏ္ဍိတသည် တောင်ယာသမား တစ်ယောက် ဖြစ်သည်။ လယ်မရှိ ယာမရှိဘဲ သူပိုင်မြေကျဉ်းကျဉ်းလေးမှာ ဘူးဖရုံ သခွားနှင့်ဟင်းရွက်မျိုးစုံကို အဆင်ပြေသလို စိုက်ပျိုးရောင်းချခြင်းဖြင့် သူ့ဘဝသူကျောင်း သူ့အသက်သူမွေးနေရသူဖြစ်၏။ ဆင်းရဲပြီး ငွေအရင်းအနှီးမရှိသည့် အပြင် ပေါက်တူးတစ်လက်မှလွဲ၍ မည်သည့်သံယောဇဉ်တွယ်စရာ ပစ္စည်းမှ သူ့မှာမရှိပေ။

တစ်နေ့မှာတော့ သူ့ဘဝသူမကျေမနပ်ဖြစ်ပြီး တောထွက်ရဟန်းပြုလျှင်ကောင်းမလားဟု စဉ်းစားမိလေသည်။ သူ့ဘဝမှာ သူအားထားစရာ သူမြတ်နိုးစရာကလည်း ပေါက်တူးတစ်လက်သာရှိသည့်အတွက် ပေါက်တူးကိုသာ သံယောဇဉ်ဖြတ်နိုင်လျှင် သူ့ကိစ္စပြီးပြီဟု တွေးမိလိုက်သည်။ ထို့နောက်သူ၏ တစ်ခုတည်းသောသံယောဇဉ် ပေါက်တူး လေးကို လုံခြုံသောနေရာတွင် ဝှက်ထားခဲ့ပြီး တောထွက်ကာ ရဟန်းဝတ်ဖြစ်သွားသည်။

ရဟန်းသာဝတ်ထားသော်လည်း ကိလေသာစိတ်တွေကရှိနေသည်။ အထူးသဖြင့် သူတန်ဖိုး ထားရသော ပေါက်တူးလေးအကြောင်းကိုသာတွေးနေမိသည်။ ထိုပေါက်တူးနှင့်တကွလောကကြီးကိုပါ ငြီးငွေ့၍ ရဟန်းဝတ်ခဲ့သည်ကို ပြန်သတိရကာ လူမထွက်ဖို့စိတ်ကိုတင်းထားသည်။ သို့သော်မကြာခင်မှာပင် ပေါက်တူးလေးကိုယူပြီး လောကဓံကို ပျော်ပျာ်ရွှင်ရွှင်နှင့် အနိုင်ယူချင်စိတ်က ဝင်လာပြန်သည်။ သို့နှင့်ကုဒ္ဒါလတစ်ယောက် လူပြန်ထွက်ကာ ဝှက်ထားခဲ့သော သူ၏ပေါက်တူးလေးနှင့်အတူ ယာသမားလေးဘဝကို ပြန်လည်ခံယူလိုက်ပါတော့သည်။

အချိန်အနည်းငယ်ကြာလာသောအခါ ကုဒ္ဒါလသည် လောကကိုငြီးငွေ့ပြန်သဖြင့် ပေါက်တူးကို ပြန်ဝှက်ထားပြီး ရဟန်းဝတ်ခဲ့ပြန်သည်။ ရဟန်းဝတ်ပြီး မကြာခင်မှာပင် ပေါက်တူးလေးကိုသတိရပြီး ရဟန်းဘဝကို ငြီးငွေ့ ကာလူထွက်ခဲ့ပြန်သည်။ ထိုသို့ ရဟန်းဝတ်လိုက်လူထွက်လိုက်လုပ်နေသည်မှာ ခြောက်ကြိမ်မြောက်ရှိခဲ့လေပြီ။

ထိုသို့ကိလေသာစိတ်နှင့် ပညာစိတ်တို့တိုက်ခိုက်ခဲ့ပြီး ကိလေသာစိတ်၏အနိုင်ယူမှုကြောင့် ရဟန်းဘဝမှ ခြောက်ကြိမ်တိတိလူထွက်လာခဲ့သော ကုဒ္ဒါလတစ်ယောက် ထုံးစံအတိုင်း ရဟန်းဝတ်ရန် ကြံစည်ပြန်သည်။ သည်တစ်ခါတော့ သူသေသေချာချာစဉ်းစားသည်။ ခုနစ်ကြိမ်မြောက်ရဟန်းဘဝမှ ပြန်ထွက်မိမှာကိုတွေးမိတော့ သူ့ ကိုယ် သူအတော်ရှက်သွားသည်။ သူ့အသိတရားထဲတွင် ပေါက်တူးသည်သူမပြတ်နိုင်သည့် သံယောဇဉ်ဖြစ်နေသည်။ သည်ပေါက်တူးသံယောဇဉ်ကိုအပြတ် ဖြတ်နိုင်လျှင် ရဟန်းဘဝမှာအေးအေးဆေးဆေး တရားအားထုတ်နိုင်တော့မည်ဟု တွေးမိသည်။

နောက်ဆုံးတွင်ပညာစိတ်ကအနိုင်ရသွားပြီဖြစ်သော ကုဒ္ဒါလသည် သူအတွယ်တာဆုံးလည်း ဖြစ် တစ်ခုတည်းသောသံယောဇဉ်လည်းဖြစ်သော သူ၏ပေါက်တူးလေးကို သံယောဇဉ်အပြတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ကျော့ပြန်သံယောဇဉ် တဖန်ဝင်မလာနိုင်အောင်ရည်ရွယ်ကာ သံယောဇဉ် ပေါက်တူးကိုယူ မြစ်ကမ်းသို့သွားကာ မျက်စိကိုမှိတ်ပြီး ပေါက်တူးရိုးကို လက်တစ်ဖက်နှင့်ကိုင်မြှောက်၍ လေထဲမှာဝှေ့ယမ်းကာ ယာသမား၏ အင်အားအပြည့်နှင့် မြစ်ထဲသို့လွှဲပစ်လိုက်လေသည်။

မျက်စိကိုဖွင့်ပြီးမြစ်ထဲသိုကြည့်လိုက်ရာ သူ၏ပေါက်တူးကျသည့်နေရာကို ဘယ်လိုမှမခန့်မှန်း နိုင်တော့ ပေ။ သည်တော့မှကုဒ္ဒါလလည်း သူ့ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ကျေနပ်ပီတိဖြစ်ပြီး လက်သီးလက်မောင်းတန်း၍ “အောင်ပြီ အောင်ပြီ အောင်ပြီ”ဟုသုံးကြိမ်တိုင်အော်ဟစ်ကြွေးကြော် လိုက်ပါတော့သည်။

ထိုအချိန်မှာပင် နိုင်ငံအစွန်အဖျားရှိ ထကြွပုန်ကန်သူများကို တိုက်ခိုက် အောင်မြင်ခဲ့သော ဗြဟ္မဒတ်မင်းကြီးသည် မြစ်ကမ်းနားမှာမျက်နှာသစ် ခြေလက်ဆေးကြောပြီးနောက် ရတနာဆင်ထက် စီးနင်းကာ စတင်ထွက်ခွာလာသည်။ ရုတ်တရက်ကြားလိုက်ရသော ကုဒ္ဒါလ၏အောင်ပြီဟူသောအသံကြောင့် မင်းကြီးသည်သူ၏ ဆင်ကိုရပ်တန့်ကာ ထိုအောင်ပြီအသံရှင်ကို ရှေ့တော်မှောက်ခေါ်လာခဲ့ရန် အမိန့်ပေးသည်။ ကုဒ္ဒါလရောက်လာလျှင် မင်းကြီးက “ငါသည် ငါ့နိုင်ငံ၏ရန်သူတွေကို ငါကိုယ်တိုင် တိုက်ခိုက်အောင်မြင်ပြီးပြန်လာသည်။ သင်က ဘယ် အရာကိုအောင်မြင်၍ အောင်ပြီဟုကြွေးကြော်နေ သနည်း” ဟုမေးလိုက်သည်။

ထိုအခါ ကုဒ္ဒါလက “အသင်မင်းကြီးသည် စစ်မြေပြင်၌ ရန်သူထောင်ပေါင်းများစွာကိုအောင်မြင်သော်လည်း အသင်မင်းကြီး၏ကိုယ်တွင်းမှ ကိလေသာရန်သူကိုတော့ မအောင်မြင်သေးပါ။ ကျွန်တော်မျိုးသည် ကျွန်တော်မျိုး၏ ကိုယ်တွင်းရှိ လောဘကိုနှိမ်နင်းနိုင်သောကြောင့် ကိလေသာရန်သူကို အောင်မြင်ပြီ ဟုပြောခြင်း ဖြစ်ပါသည်”ဟုပြန်ဖြေသည်။

ကုဒ္ဒါလ၏ဖြေရှင်းချက်ကိုကြားသောအခါ ဗြဟ္မဒတ်မင်းကြီးကိုယ်တိုင် မမြဲသောလောကနှင့် မသေခင်အကုသိုလ်အလုပ်တွေရှောင်ပြီး ကုသိုလ်ကောင်းမှုလုပ်ရမည်ကို သဘောပေါက်ကာ ကုဒ္ဒါလ နှင့်အတူရဟန်း ဘဝခံယူသွားလေသည်။

ဘုရားရှင်ကိုယ်တိုင်ကလည်း စစ်ပွဲရာထောင် တိုက်တိုင်းအောင်သည့် စစ်သူကြီးကို မချီးကျူးပါ။ မိမိစိတ်ကို မိမိနိုင်နင်းအောင် ထိန်းချုပ်နိုင်သူကိုသာ ချီးကျူးပါသည်။

သတိမထားမိလျှင်သာနေမည် တကယ်တော့လူသားတွေအားလုံးသည် သူတို့၏စိတ်ထဲတွင် နေ့တိုင်း အချိန်တိုင်း ကိလေသာနှင့်ပညာတိုက်ပွဲဆင်နွှဲနေကြပါသည်။ ကိလေသာက မကောင်းတာ တွေးဖို့ မကောင်း တာပြောဖို့ မကောင်းတာလုပ်ဖို့တိုက်တွန်းနေသောအမည်းစိတ်ပါ။ ပညာကတော့ ကောင်းတာတွေးဖို့ ကောင်းတာ ပြောဖို့ ကောင်းတာလုပ်ဖို့ တိုက်တွန်းနေသော အဖြူစိတ်ပါ။

ကလေးတစ်ယောက်ကျောင်းတက်ချင်တာ ပညာစိတ်ပါ။ ကျောင်းပြေးချင်တာ ကိလေသာစိတ် ပါ။ အချိန် ပြည့်စာကျက်ချင်တာပညာစိတ်ပါ။ အချိန်ပြည့်ဆော့ချင်နေတာ ကိလေသာစိတ်ပါ။ လူငယ် တစ်ယောက်က မိဘ၏စီးပွားရေး ကျန်းမာရေးအခြေအနေတွေကို သတိမထားဘဲ သူလိုချင်တာကိုပဲ မရရအောင်ပူဆာ နေတာ ကိလေသာစိတ်ပါ။ မိဘ၏အခြေအနေကိုသိရှိပြီး ရောင့်ရောင့်ရဲရဲနှင့်လိုအပ်တာကိုတောင်းဆိုနေတာ ပညာစိတ်ပါ။

အရွယ်ရောက်လာပြီးနောက် ဘဝတစ်လျှောက်စီးပွားရှာချိန်မှာ သူတစ်ပါးဆီက ငွေကြေးဥစ္စာ ပစ္စည်းတွေ သူတစ်ပါးပိုင်ဆိုင်မှုတွေကို နည်းအမျိုးမျိုးနှင့်ခိုးဆိုးလုနှိုက်နေတာကိလေသာစိတ်အနိုင်ရ နေလို့ပါ။ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှမထိခိုက် မနစ်နာစေဘဲ သမာအာဇီဝနည်းလမ်းနှင့် ရိုးရိုးသားသား စီးပွားရှာနေတာ ပညာစိတ်က အနိုင်ရနေလို့ပါ။

မျက်တောင်တစ်ချက်မခတ်ဘဲ လူလူချင်းသွေးအေးအေးနှင့်သတ်ဖြတ်နေတာ ကိလေသာစိတ် လွှမ်းမိုး ထားလို့ ပါ။ လူလူချင်း မဆိုထားနှင့်ခြင်လေး ပုရွက်ဆိတ်လေးကအစ မသတ်ရက်ဘဲ ကိုယ်ချင်း စာနေတာ စေတနာ မေတ္တာထားနေတာ သနားနေတာက ပညာစိတ်ကလွှမ်းခြုံထားလို့ပါ။

လူသားတိုင်းမှာအခွင့်အရေးရှိပါသည်။ ကိလေသာဆိုသောအမှောင်စိတ်နှင့် ပညာဆိုသော အလင်းစိတ်ကို ကြိုက်ရာရွေးခွင့်ရှိပါသည်။

အဓိကအရေးကြီးတာက ကိလေသာဆိုတာအမှောင်စိတ် အမည်းစိတ် အရိုင်းစိတ်ဆိုတာနှင့် ပညာဆိုတာ အလင်းစိတ် အဖြူစိတ် အယဉ်စိတ်ဆိုတာသိဖို့ပါပဲ။

ဒါဆိုကျွန်တော်တို့ဘာရွေးသင့်လဲ။ ဘာရွေးမလဲ။

                                                            ရိုက်မောင်း