【 ဆောင်းပါး 】 ကလေးများကြားက အပြုံးလေးများ

【 ဆောင်းပါး 】 ကလေးများကြားက အပြုံးလေးများ

သနပ်ခါးအဖွေးသားဖြင့် ပြုံးရွှင်ကာ စားသောက်နေကြသည့် မူလတန်းအရွယ် ကလေးများနှင့်အတူ ယင်းကလေးများအနီးတွင် လက်ဆွဲချိုင့်ကြီးဖြင့် ဟင်းရည်များကို လိုက်လံထည့်ပေးနေသည့် ပုဂ္ဂိုလ်များမှာလည်း ပြုံးရွှင်၍နေကြသည်။

ယင်းမြင်ကွင်းက ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သလို အပြုံးများ ဖုံးလွှမ်းနေသော ကာလလည်းဖြစ်သည်။

ထိုမြင်ကွင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက အခြေခံပညာကျောင်းတစ်ကျောင်းတွင် မြင်လိုက်ရသည့် မြင်ကွင်းမျိုးလည်းဖြစ်သည်။ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development) နှင့် CITIC Myanmar တို့ ပူးတွဲစီစဉ်သည့် “Smiling Children Program” ကုသိုလ်ဖြစ် စီမံကိန်းမှ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးလှူဒါန်းနေခြင်းဖြစ်သည်။

ထိုကုသိုလ်ဖြစ် စီမံကိန်းဖြစ်သည့် “Smiling Children Program” မှာ CITIC Consortium မှ လုပ်ဆောင်နေသော “ကျောက်ဖြူအနာဂတ်” ပရဟိတစီမံကိန်းများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) လည်းဖြစ်သည်။ထိုစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း စတင်သည့် အခမ်းအနားတစ်ရပ်ကိုလည်း ပြီးခဲ့သော စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ လူငယ်စင်တာ၌ ကျင်းပခဲ့ကြသည်။

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development) နှင့် CITIC Myanmar တို့ ပူးတွဲစီစဉ်ပြီး ကျောက်ဖြူခရိုင်၊ ပညာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ကျောက်ဖြူ ဒေသန္တရ အရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်သည့် ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေးအသင်း (KSEDAA) တို့နှင့်အတူ ဖော်ဆောင်သည့် အဆိုပါကုသိုလ်ဖြစ် စီမံကိန်း “Smiling Children Program” တွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် နေ့လယ်စာ အခမဲ့လှူဒါန်းကျွေးမွေးမှုကို လုပ်ဆောင်ခဲ့ကြခြင်းလည်းဖြစ်သည်။

ထိုစီမံကိန်းတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ခြောက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၀ ကျော်တို့ကို ပြီးခဲ့သော စက်တင်ဘာလဆန်းလောက်မှစကာ နေ့စဉ် နေ့လယ်စာ ကျွေးမွေးလှူဒါန်းမှုကို လုပ်ဆောင်နေကြခြင်းလည်းဖြစ်သည်။ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ်လည်းဖြစ်သလို အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းကာ ပညာကိုပျော်ရွှင်စွာ သင်ယူနိုင်ခြင်းဖြင့် အနာဂတ်လူမှုအကျိုးကို သယ်ပိုးနိုင်မည်ဖြစ်သည်။

ထို “Smiling Children Program” မှာ ကလေးငယ်များ ကျန်းမာသန်စွမ်းစေမည်ဖြစ်ပြီး နောင်တွင် ကျောက်ဖြူဒေသ လူမှုအသိုက်အဝန်း၏ အနာဂတ်အကျိုးကို ပိုမို၍ဆောင်ကြဉ်းပေးနိုင်စေရန် တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ယင်းစီမံကိန်းနှင့်ပတ်သက်၍ CITIC Myanmar မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Liang Chuanxin က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသလို ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ဖြင့် ဆက်နွယ်လာခဲ့သည်မှာ ရာစုနှစ်များစွာလည်းရှိလာခဲ့သည်။ထို့အတူ လက်ရှိတွင် တရုတ်နိုင်ငံအခြေစိုက် CITIC Consortium က ဒေသခံပြည်သူများနှင့်အတူ အခက်အခဲများကို အေးအတူပူအမျှအဖြစ် အတူတကွဖြတ်သန်းကာ ကျောက်ဖြူဒေသကို ပို၍သာယာဝပြောသည့် ဆိပ်ကမ်းမြို့အဖြစ် လက်တွဲအတူတည်ဆောက်သွားလိုသည့်အပြင် ကျောက်ဖြူဒေသရှိ ဒေသခံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ဆောင်ပေးသွားရန် စိတ်ဆန္ဒပြင်းပြခဲ့သလို လက်ရှိတွင် အကောင်အထည်ဖော်ကာ လုပ်ဆောင်နေပြီဖြစ်သည်။

ဒေသခံများ၏ လိုအပ်ချက်အတွက်ကိုလည်း ဖြည့်ဆည်းကာ အကူအညီများပေးနိုင်ရန် ပရဟိတစီမံကိန်းများကို ဖော်ဆောင်ရာတွင် ကျောင်းနေအရွယ် ကလေးများအတွက် နေ့လယ်စာ ကျွေးမွေးလှူဒါန်းနေသည့် အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) အပါအဝင် ရွေ့လျှားဆေးခန်းစီမံကိန်း (Mobile Clinic)၊ တရုတ်ဘာသာစကား သင်တန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးရေး စီမံကိန်း (Mangrove Planting) စသည်ဖြင့် စီမံကိန်းလေးခုကို စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုစီမံကိန်း အစီအစဉ်များကို မလုပ်ဆောင်မီ ဒေသခံများနှင့်တွေ့ဆုံ၍ အကြံဉာဏ်များ ရယူလုပ်ဆောင်ခြင်းများက စီမံကိန်းများတွင် အားနည်းချက်များထက် အားသာချက်များစွာဖြစ်စေကာ အခက်အခဲမရှိ လုပ်ဆောင်နိုင်မည့် အခြေအနေမျိုးရရှိလာခဲ့သည်။ထိုသို့သော ဒေသခံများအတွက် အကျိုးရှိစေမည့် စီမံကိန်းများ ဖော်ဆောင်နေသော CITIC Consortium သည် ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်သည့် တင်ဒါအောင်ပြီးသည့်အချိန်မှစ၍ ကျောက်ဖြူဒေသအတွင်း ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းပရဟိတလုပ်ငန်း စီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ သန်း ၂၀ ကျော် အသုံးပြုလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ထိုအကူအညီပေးသည့် အစီအစဉ်များတွင် ကျေးလက်ရန်ပုံငွေစီမံကိန်း၊ သဘာဝရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ လူငယ်များ၏ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မေတ္တာအိတ်ထုပ် ကျောပိုးအိတ်များနှင့် CITIC POLO ရှပ်အင်္ကျီပေးဝေခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း အစရှိသည့် ပရဟိတစီမံကိန်းပေါင်း ၁၀ ခုကျော်ကို ဆောင်ရွက်နိုင်ခဲ့သလို သောင်းနှင့်ချီသော ဒေသခံများအတွက် အကျိုးပြုစေနိုင်ခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development-CFRD) က တရုတ်နိုင်ငံ Alibaba (အလီဘာဘာ)၊ ရွှဲမင် ကုန်းရိနှင့်အတူ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ မြန်မာနိုင်ငံအတွင်းက ကျောင်းနေအရွယ် ကလေးများ နေ့စဉ် ပညာဆည်းပူးရာတွင် လိုအပ်သည့် အာဟာရပြည့်ဝရန် ကြိုးပမ်းလုပ်ဆောင်မှုအဖြစ် “အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း” တစ်ခုကိုလည်း အခြေခံပညာဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်း၌ အကောင်အထည်ဖော်ခဲ့ကြသည်။ထိုစီမံကိန်းကိုလည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်မှစတင်ကာ ရက်ပေါင်း ၁၄၈ ရက်အကြာ အာဟာရကျွေးမွေးလှူဒါန်းခြင်းဖြင့် လုပ်ဆောင်ခဲ့ကြသည်။ထိုစီမံကိန်းကြောင့် လှိုင်သာယာမြို့နယ်အတွင်းက မူလတန်းကျောင်း ၁၀ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၄၆၀ ကျော်တို့ကို လွှမ်းခြုံနိုင်ခဲ့သည်။ထိုသို့ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းဖြင့် တစ်နေ့တာ ပညာဆည်းပူးနိုင်ရန် လိုအပ်သည့် အာဟာရဓာတ်နှင့် စွမ်းအင်များရရှိစေပြီး ကလေးငယ်များကြားတွင် အာဟာရချို့တဲ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ရန် ရည်ရွယ်မျှော်မှန်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတွင်လည်း CITIC လုပ်ငန်းစုမှ ဦးဆောင်ကာ China Foundation for Poverty Alleviation နှင့်ပူးပေါင်း၍ Panda Pack School ကျောင်းသုံး ကျောပိုးအိတ်များနှင့် CITIC တီရှပ်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ပထမပတ်အတွင်း လှူဒါန်းခဲ့ကြသေးသည်။အဆိုပါလှူဒါန်းရာတွင် ပထမအကြိမ် ကျောင်းသုံး ကျောပိုးအိတ် ၃၀၀၀ နှင့် တီရှပ် ၃၀၀၀ တို့ကို လှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင် ပထမအကြိမ် ကျောင်းသုံး ကျောပိုးအိတ် ၄၀၀၀ နှင့် တီရှပ် ၅၀၀၀ တို့ကို လှူဒါန်းခဲ့သည်။ထိုလှူဒါန်းမှုအစီအစဉ်တွင်လည်း ကျောက်ဖြူမြို့နယ်အနီးတစ်ဝိုက်မှ စာသင်ကျောင်းပေါင်း ၃၀ ကျော်ကို လွှမ်းခြုံပေးဝေနိုင်ခဲ့ပြီး ကလေးများကြားတွင် အပြုံးများကိုယ်စီဖြင့် ပျံ့နှံ့သွားစေခဲ့သည်။

တိုင်းပြည်၏ အနာဂတ်သည် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များလည်း ဖြစ်ကြပြီး၊ ၎င်းတို့၏ အပြုံးများနှင့် နက်ရှိုင်းသည့် ပျော်ရွှင်မှုများသည် အနာဂတ်အတွက် တောက်ပကြည်လင်၍ ခွန်အားသစ်များဖြင့် ပြည့်ဝနေသော နေ့ရက်များ ဖြစ်လာစေကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာလာစေမည်မှာ အသေချာပင်ဖြစ်ပေတော့သည်။

ဧပရယ်လ်