【 ဆောင်းပါး 】 ခပ်ဝေးဝေးမှာ အမျိုးတွေနေကြသည်

【 ဆောင်းပါး 】 ခပ်ဝေးဝေးမှာ အမျိုးတွေနေကြသည်

ငယ်စဉ်ကတော့ သာရေးနာရေးရှိလျှင် အမျိုးတွေဆုံကြသည်။အမျိုးတွေဆုံကြသည့်အခါ ပြောလိုမကုန်ဆိုသလို ညဘက် ရေနံဆီမီးအိမ်အောက် တစ်ညလုံး အလှူ၊နာရေးကိစ္စတွေအတွက် ဧည်ခံကျွေးမွေးရန် ပြင်ကြဆင်ကြရင်း တစ်ညလုံးပြောကြသည်။ထိုဆွေမျိုးများအလယ်မှာ ကျနော်တို့ကလေးတွေက အမျိုးတွေပြောတာကို နားထောင်ရင်း အိပ်ပျော်သွားကြတာများသည်။အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဖြင့် ဆွေမျိုးများအလယ်မှာ အိပ်ရသည့်အရသာက ယခုအချိန်ပြန်တွေးသည့်အခါ ဘဝမှာ နှစ်ခြိုက်မှုအရှိဆုံး ညများထဲမှာ ထိပ်ဆုံးက ပါဝင်လေသည်။

အမေက အောက်ပြည်အောက်ရွာသူဖြစ်သည်။အမေနှင့် အဖေက ရွာခြင်းမဝေးသလို စစ်ပြေးတော့ အဖေက ရန်ကုန်ကိုရောက်တာ စောသည်။ရန်ကုန်မှာ အဖေတို့မိသားစု အတော်လေးအခြေကျပြီးမှ အမေတို့မိသားစုတွေ ရန်ကုန်ရောက်လာခြင်းဖြစ်သည်။

အဖေနှင့် အမေ ယူကြတော့ ဆွေမျိုးစပ်ကြည့်သည်အခါ ဟိုဘက်တော် ဒီဘက်တော်တွေဖြစ်သလို တစ်ရပ်တည်းသားမှန်းသိကြသဖြင့် ဆွေမျိုးက တစ်စုတည်းလို ဖြစ်သွားသည်။ထို့ကြောင့် အဖေဘက်က ဆွေမျိုးတွေလာသည်ဖြစ်စေ အမေဘက်က ဆွေမျိုးတွေလာသည်ဖြစ်စေ ဘယ်ဘက်ကဆိုတာမရှိဘဲ အမျိုးချည်းဖြစ်သဖြင့် ပဋိပက္ခနည်းသည်။ကျနော်တို့ ကလေးတွေအဖို့ကတော့ ဟိုဘက်ဒီဘက် ဦးလေး၊ ဘကြီး၊ အမေကြီး၊ အဖေကြီးနှင့် တောကအမျိုးတွေ တက်လာပြီဆို စားစရာတွေ၊ ငပိငါးခြောက်၊ ကောက်ညှင်းနှင့် တခြားစားဖွယ်တွေ ပါလာသောကြောင့် ကျောင်းပိတ်ချိန်ဆို တောကအမျိုးတွေအလာကို မျှော်ကြသည်။

တောဓလေ့ ဆွေမျိုးစောင့်ရှောက်မှုက ယနေ့ခေတ်ဆို အထူးအဆန်းဖြစ်မည်။အဖေဘက်က ဘကြီးက ရန်ကုန်တွင် အခြေချနေသည်မှာ အဖေတို့ တောမှာရှိစဉ်ကတည်းကဖြစ်သည်။မြန်မာပြည်ကို ဂျပန်အပြေး၊ အင်္ဂလိပ်အဝင်တွင် တောမှာ နေလို့မရအောင် သူခိုးသူဝှက်ပေါသည်။ဒါကြောင့် ဘကြီးက သူ့နှမ ကျနော်တို့အဖွားကို ရန်ကုန်ကိုခေါ်သည်။အဖွားက  တောမှာရှိတာကိုထားပြီး ရန်ကုန်ကိုတက်ရသည်။ရန်ကုန်ကိုတက်သည်ဆိုသည်မှာ ယခုဆိုလျှင်တော့ ရယ်စရာ။လှိုင်သာယာ ဟိုဘက်ခြမ်း ထန်းတစ်ပင်ကနေ။ထိုစဉ်ကတော့ ထန်းတပင်ကနေ ရန်ကုန်ကို ကားလမ်းမရှိ။လှေသမ္ဗာန်ဖြင့်လာကာ  ကြည့်မြင်တိုင်၊ ကျောက်တံတားဆိပ်ကနေ ရန်ကုန်ကို တက်ရခြင်းဖြစ်သည်။ဒီရောက်တော့ ဘကြီးက သူ့နှမကို သူ့အိမ်ဘေးဝိုင်းထဲမှာ အိမ်ဆောက်ပြီး နေစေသည်။ထိုစဉ်က ရန်ကုန်ဆင်ခြေဖုံးဆိုသည်မှာ လှိုင်၊ ကမာရွတ်လို အရပ်တွေ၊ ဒေါပုံ သာကေတလို အရပ်တွေ၊ တောင်ဥက္ကလာလို အရပ်တွေဖြစ်ပြီး လူနေကြဲပါးကာ မြေကပေါသဖြင့် အိမ်တစ်အိမ်တိုးလာခြင်းကို အရပ်က လိုလားကြသည်။ဘယ်သူမှလည်း စောဒကမတက်။

ယခုနေ ပြန်စဉ်းစားကြည့်တော့ လူမျိုးခြားတွေက မြေတွေကို ဝယ်သည့်အခါ ပိုပိုလိုလို မပိုင်သည့် မြေတွေကိုပါ ဂရံဖောက်ခဲ့သဖြင့် သူတို့ပိုင်သည့်မြေတွေ ရန်ကုန်မှာ အကျယ်ကြီးတွေဖြစ်နေသည်။မူရင်းနေ မြန်မာတိုင်းရင်းသားတွေမှာ ဓားမဦးချနေထိုင်ခဲ့သော်လည်း ဂရံလုပ်ရကောင်းမှန်း မသိသဖြင့် နောက်ဆုံးဖယ်ပေးရသည့်အဖြစ်တွေ ယခုထိ ဒုနဲ့ဒေး ကြားနေရတုန်း။

လူကြီးတွေဆုံသည့်အခါ သူတို့ငယ်စဉ်ကအကြောင်းတွေ ပြောကြတာ ကျနော်တို့အဖို့ နားထောင်လို့မဆုံး နားထောင်လိုမဝ။အထက်စက်တော်ရာသွားဖို့ ရန်ကုန်ကနေ ရထားဖြင့် တစ်ဆင့်သွားရပုံ၊ ထို့နောက် လှည်းဆင့်ကာ သွားရသည့် တောလမ်းတွေ၊ တစ်လကိုးသီတင်းကြာသည့် ဘုရားဖူးခရီးမှာ အထက်ဘက်ကသူနှင့် အကြောင်းပါပြီး ဟိုမှာကျန်ခဲ့တဲ့သူက ကျန်ခဲ့၊ အညာသူကို အောက်အရပ်ခေါ်လာလို့ အခုထိ အညာမပြန်ဖြစ်သည့် နဖူးစာရွာလည်ခြင်းများက ဘယ်တော့မှမရိုးနိုင်သည့် ကျနော်တို့ ငယ်ဘဝတွင် ကြားရသည့် လူကြီးများ၏ အချစ်ဇာတ်လမ်းများဖြစ်သည်။

အမျိုးတွေစုံသည့်အခါ ကျနော်တို့ကလေးတွေကို ရွာသို့ အလည်ခေါ်လေ့ရှိသည်။အမေက သူမပါလျှင် ကလေးတွေကို ဘယ်မှမလွှတ်သဖြင့် မှတ်မှတ်ရရ ရွာကို နှစ်ခေါက်လားပဲ ရောက်ဖူးသည်။ဒါတောင် တစ်ခါက အမေရဲ့ အစ်ကိုဝမ်းကွဲ နာရေးကြောင့် ရောက်ဖြစ်ပြီး တစ်ခေါက်က အမေ့ဘကြီးတွေက မသေခင် မြေးတွေကို တွေ့ဖူးချင်သည်ဆိုသဖြင့် ဆွေပြမျိုးပြ ရောက်ခဲ့ခြင်းဖြစ်သည်။အမေ့ဘက်ကကော အဖေ့ဘက်ကပါ ကလေးတွေချင်း လူကြီးတွေရှိစဉ် အသွားအလာရှိအောင် လွှတ်ပေးကြ၊ နင်တို့ ငါတို့မရှိရင် အမျိုးပြတ်ကုန်မယ်ဟု ပြောလေ့ရှိသည်။

စဉ်းစားကြည့်တော့ ယခင်ခေတ်ကလူတွေ အမျိုးတွေ ဘယ်လောက်ဝေးဝေး ချစ်ကြသည်။အမေက ပြောလေ့ရှိသည်မှာ ငယ်စဉ်က ရွာမှာ အတူနေကြီးပြင်းလာခဲ့သည့် ဝမ်းကွဲတွေ ဘယ်လောက်သွေးဝေးဝေး မောင်နှမအရင်းလို ချစ်ကြခင်ကြပြီး အနွံတာလည်းခံကြသည်ဟု ဆိုသည်။ယခုတိုင် အမေဘက်ကကော အဖေ့ဘက်ကပါ ကျနော်တို့နှင့်တွေ့ပြီး ဆွေမျိုးမစပ်ရသေးခင်ပင် မျက်နှာကျ မျက်နှာပေါက်ကိုကြည့်ကာ  နင့်က ဘယ်သူသားမှတ်လား၊ နင့်ဘယ်သူသမီးမဟုတ်လားဆိုတာကို ခန့်မှန်းနိုင်ကြသည်။ဒါ့အပြင် ဆွေမျိုးစာရင်းကိုပါ အလွတ်ပြောနိုင်ကြသည်။ဘယ်သူကမွေးတာ ဘယ်သူ။သူကနေ နောက်ထပ်ပွားစီးတာ ဘယ်နှစ်ယောက် စသဖြင့်။ရွာရောက်သည့်အခါ မမြင်ဖူးသည့် ဘကြီး၊ ဦးကြီး၊ ဒေါ်ကြီး၊ အဖွားတို့က ကျနော်တို့ကိုဖက်ကာ ငိုကြသည်။ပြန်တော့လည်း နှုတ်ဆက်လို့မပြီးနိုင်။မျက်ရည်စမ်းစမ်းဖြင့်။ကျနော်တို့ ကလေးတွေကတော့ လူကြီးတွေ စိတ်ခံစားမှုကို မသိ။  မတွေ့နိုင် မဆုံနိုင်ပြီဖြစ်သည့် အမျိုးများ၏ သွေးသားဆိုသည့် အသိက ကျန်ရစ်ခဲ့သူတွေကို လွမ်းဆွေး စိတ်ထိခိုက်စေသလားဆိုသည်ကို …..။

ဒါက ကျနော်တို့သာ ကြုံရသည့် အဖြစ်မဟုတ်။တခြားသော ဒီနိုင်ငံမှာရှိသည့် လူတွေမှာလည်း ဒီလိုချည်းသာဖြစ်သည်။ဘယ်သူမှ ဒေသကိုခွဲခွာပြီး မသွားချင်ကြသော်လည်း စစ်ကြောင့်၊ သူခိုးသူဝှက် တောကြောင်တွေကြောင့်၊ အငတ်ဘေးကြောင့် ရောဂါကြောင့် ဇာတိကိုစွန့်ကာ ရေကြည်မြက်နုရာထက် ဘေးလွတ်ရာကို ပြေးကြရသည့် အဖြစ်တွေကို အဘအဘိုးအဘေးတို့ခေတ်ကနေ ယခု ကျနော်တို့ သားမြေးတွေလက်ထက်အထိ ကြုံနေရဆဲ။

ကျနော်စာသင်သည့် အိမ်မှာ နိုင်ငံခြားတွင်  အခြေချနေထိုင်သည့် မိသားစုဝင်ရှိသော အိမ်ဖြစ်သည်။အိမ်ရှင်၏ သမီးက ထိုင်းဘက်မှာ အထည်ချုပ်လုပ်ရင်း ဟိုဘက်မှာ အိမ်ထောင်ကျသည်။ခင်ပွန်းက ထိုင်းမှာနေသည့် ကရင်လူမျိုး။ လင်မယားနှစ်ယောက်စလုံး ဟိုမှာသွားအလုပ်အကိုင်လုပ်ရင်း နောက်ဆုံး သမီးဖြစ်သူက ဟိုဘက်နိုင်ငံသားအဖြစ် ခံယူလိုက်သည်။ဒီဘက်မှာကျန်သည့် မိဘတွေကိုတော့ လစဉ်ထောက်ပံ့သလို နှစ်စဉ်ပြန်လာလေ့ရှိသည်။ပြန်လာသည့်အခါ တစ်အိမ်လုံး မရောက်ခင်ကတည်းက ပျော်နေကြပြီး ပြန်သွားသည့်အခါ တစ်လလောက် တစ်အိမ်လုံး လွမ်းဖျားဖျားကာ ငူတူတူငိုင်တိုင်တိုင်။တူတွေ၊ တူမတွေ၊ မြေးဖြစ်သူတွေကို လွမ်းကာ  နေကြထိုင်ကြတာ ပုံမှန်မဖြစ်ကြ။ကျနော်လည်း သူတို့အိမ်မှာ စာသင်ရတာ လေးငါးနှစ်လောက်ရှိပြီဆိုတော့ ဒီလိုကြုံရတာ အဆန်းတော့မဟုတ်။နောက်တစ်ခုက ကျနော်ကိုယ်တိုင်လည်း တူမကမွေးသည့် မြေးကို အသဲစွဲဆိုတော့ မြေးဖြစ်သူ သူ့အဖေရှိရာ မန္တလေးကို ပြန်ကြပြီဆို ကျနော့်မှာ လွမ်းလိုက်ရသည်ဖြစ်ခြင်း။

ဆွေမျိုးဆိုသည့်အရိပ်က ဘယ်လောက်နွေးထွေး အေးမြသလဲဆိုတာ ကြုံဖူးသူသာ သိကြမည်ဖြစ်သည်။တချို့ကတော့ ဆိုမည်။ရွှေရှိမှ ငွေရှိမှဆိုသည့် အယူအဆမျိုး။ယနေ့ခေတ်တွင်တော့ မောင်နှမသားချင်း အရင်းအချာပင် စားဝတ်နေရေး ဘေးဒုက္ခကြောင့် မငဲ့ညှာနိုင်ကြသည်ဖြစ်ရာ ဝေးသော ဆွေမျိုးများဆိုလျှင် သူစိမ်းသာသာ ဖြစ်ကုန်ကြတာ သိပ်တော့မဆန်း။   

အမေတို့ အဖေတို့ခေတ်ကတော့ ယခုခေတ်လို စားဝတ်နေရေးက သိပ်လည်းမကျပ်တည်းသေးတော့ ကိုယ်အမျိုးထဲကဆိုလျှင် စောင့်ရှောက်ဖို့ရာ ဝန်မလေးသလို အမျိုးအဆွေတွေ ပြတ်တောက်ကုန်မှာလည်း စိုးရိမ်ကြသဖြင့် ဘယ်လောက်ဝေးဝေး သွားကြလာကြ ဝင်ကြထွက်ကြဖြင့် သိုင်းသိုင်းဝိုင်းဝိုင်းရှိသလို ဆိုးဆိုးဝါးဝါးဖြစ်သည်ကိုလည်း မကြားရ။တွေးကြည့်တော့ လွမ်းစရာတွေ။

ကျနော်စာသင်သည့် အိမ်က အမေကြီးကတော့ ယိုးဒယားဘက်ပြန်သွားသည့် သူသမီးကမွေးသည့် မြေးကို အတူနေ ဒီကမြေးက ခေါ်ပေးဖို့ ဂျီကျသည့်အခါ မြေးဖြစ်သူကို အရှေ့ဘက်အရပ် လက်ညှိုးထိုးကာ ဟိုးတောင်တွေရှိတဲ့နေရာမှာ သမီးကိုကိုနဲ့ သမီးညီမလေးရှိတယ်။ဒီတစ်ခါပြန်လာရင် ပြန်မလွှတ်တော့ဘူး။ခေါ်ထားလိုက်မယ်ဟု နှစ်သိမ့်လေ့ရှိသည်။ထိုထက်ပိုပြီး ဂျီကျကာ ချော့မရတော့လျှင် ဗီဒီယိုကောလ်ခေါ်ကာ စကားပြောစေသည်။ဒီလိုကလေးတွေ စကားပြောသည့်အခါတိုင်း အဖွားဖြစ်သူ အမေကြီးက မျက်ရည်ခိုးခိုးကျတတ်သည်။   

ကျနော်က ဒါကိုမြင်မိလေတော့ ကိုယ်ချင်းစာစိတ်ဖြင့် မျက်ရည်ဝဲမိသည်။တခြားတော့မဟုတ်။ကျနော်တို့ငယ်ငယ် ရွာသို့အလည်သွားစဉ် အပြန်မှာ  ဘကြီး၊ အမေကြီး၊ ဒေါ်ကြီး၊ ဘဒွေးတို့ ကျနော်တို့ကို ဘာကြောင့်ဖက်ကာ ငိုကြသလဲ ဆိုသည်ကို ……။

အခုတော့ ခပ်ဝေးဝေးကိုရောက်သည့် သွေးသားရင်းချာတွေ အများသား ……။

အမေကြီးပြောသလို … ခပ်ဝေးဝေးမှာ အမျိုးတွေနေကြသည်လို့ စိတ်ကိုဖြေရမည်လား …..။

မောင်ဦးလွင်