【 ဆောင်းပါး 】 ချစ်ကြည်ရေး ၇၃ နှစ်တာ ခရီးမှသည် နှစ်ပေါင်းထောင်ချီ ဆွေမျိုးပေါက်ဖော်ဆီသို့

【 ဆောင်းပါး 】 ချစ်ကြည်ရေး ၇၃ နှစ်တာ ခရီးမှသည် နှစ်ပေါင်းထောင်ချီ ဆွေမျိုးပေါက်ဖော်ဆီသို့

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူအချင်းချင်းကြားတွင် နှစ်နိုင်ငံ တည်တံ့ခိုင်မြဲသော အစဉ်အလာ ပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရာ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ချစ် ကြည်ရေး (၇၃) နှစ်တာ ခရီးသို့ ရောက်ရှိလာပြီဖြစ်သည်။
 
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးသမိုင်းကြောင်း စတင်ခဲ့ပုံမှာ တရုတ်ခေါင်းဆောင် မော်စီတုံး ဦးဆောင်သည့် အဖွဲ့များက ချန်ကေရှိတ် ဦးဆောင်သော ကူမင်တန်အစိုးရကို တိုက်ထုတ်ခဲ့ပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် စတင်ထူထောင်ပြီးချိန်တွင် မြန်မာနိုင်ငံဖြင့် အစောဆုံး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှ စတင်ခဲ့ခြင်းဖြစ်သည်။
 
မြန်မာအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦးနုလက်ထက် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်ကစ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို တရားဝင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် ကွန်မြူနစ်မဟုတ်သော နိုင်ငံများအနက်မှ ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်ခုလည်း ဖြစ်လာခဲ့သည်။
 
မြန်မာနှင့် တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ၁၉၅၄ ခုနှစ်တွင် ပိုမိုနီးစပ်ခဲ့ပြီး ထိုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းမှ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ထိုခရီးစဉ်အတွင်း ပထမဆုံးသော နှစ် နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း မှတ်တမ်းများက ဆိုထားသည်။
 
ထို့အပြင် ဝန်ကြီးချုပ် ဦးနုကလည်း ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ခဲ့ခြင်းကလည်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပို၍အားကောင်းစေခဲ့သလို ယင်းခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အခြေခံအုတ်မြစ်ကောင်းကို ချမှတ်နိုင်ခဲ့သည်။
 
ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ မြန်မာကောင်စစ်ဝန်ရုံးကိုလည်းကောင်း၊ မြန်မာနိုင်ငံ၊ လားရှိုးမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံး တို့ကို အပြန်အလှန်ဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ကုန်မြို့နှင့် ကူမင်းမြို့အကြား လေကြောင်းသယ်ယူပို့ဆောင်မှု စတင်နိုင်ခဲ့သလို ပေကျင်းနှင့် ရန်ကုန်မြို့အကြား စာပို့နှင့် ကြေးနန်း ဆက်သွယ်မှုကိုလည်း အစပြုနိုင်ခဲ့ကြသည်။ထိုအကျိုးဆက်များအဖြစ် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြားတွင် ကုန်သွယ်မှုနှင့် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများ သိသိသာသာ မြင့်တက်လာခဲ့သည်။
 
နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးစပ်ခဲ့သည့် ၁၉၅၄ ခုနှစ်အတွင်း နှစ်နိုင်ငံ ဝန်ကြီးချုပ်များ၏ ချစ်ကြည်ရေးခရီးစဉ်များအပေါ် အခြေတည်ခဲ့သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများ နီးကပ်စွာရှိခဲ့ကြသည်မှာ ယနေ့အထိတိုင်အောင်ဖြစ်သည်။
 
မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် နှစ်ပြည်ထောင် ချစ်ကြည်ရေးများ၊ သံတမန်ဆက်ဆံရေးများရှိခဲ့သည်။အေဒီ ၈၀၂ တွင် တရုတ်နိုင်ငံ၊ ထန်မင်းဆက်ဘုရင်လက်ထက် မြန်မာနိုင်ငံ ပျူခေတ်ကာလကတည်းက ပျူမင်းသားဦးဆောင်သည့် အဆင့်မြင့်သံတမန်အဖွဲ့က တရုတ်နိုင်ငံ၊ ချန်အင်းမြို့သို့ သွားရောက်ကာ ယဉ်ကျေးမှုဖလှယ်သည့်သဘောသက်ရောက်သော အနုသုခုမပညာများဖြင့် ဖျော်ဖြေသော သမိုင်းမှတ်တမ်းများလည်းရှိသည်။
 
ထို့အပြင် မြန်မာနှစ် ၆၄၀ ပြည့်နှစ်၊ ပုဂံမင်း နရသီဟပတေ့မင်းလက်ထက်တွင်လည်း ဆရာတော် ရှင်ဒိသာပါမောက္ခသည် ငြိမ်းချမ်းရေးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ ကြွရောက်ဖူးကြောင်းလည်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
 
ထိုသို့ အစပြုခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးသည် အစဉ်အဆက် ခေါင်းဆောင်များအကြား၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ကြရာမှ သမိုင်းကြောင်းကောင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုများအဖြစ် ပိုမိုခိုင်မာလာခဲ့သည်။
 
တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့သည်။ထို့နောက် ၁၉၆၁ ခုနှစ် ဇန်နဝါရီလ၊ ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလနှင့်ဇူလိုင်လ၊ ၁၉၆၂ ခုနှစ် ဧပြီလတို့တွင်လည်း ရောက်ရှိခဲ့သေးကြောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။အလားတူ၊ တရုတ်သမ္မတ လူရှောက်ချီသည်လည်း ၁၉၆၆ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ဖူးပြီး ၁၉၆၇ ခုနှစ်အတွင်းတွင်မူ နှစ်နိုင်ငံဆက်ဆံရေး ယာယီပြတ်တောက်သွားခဲ့သေးသည်။
 
ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုများ ပြန်လည်ရှိလာပြီး ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် လာရောက်ခဲ့ပြီးနောက် တရုတ်-မြန်မာ ချစ်ကြည်ရေးမှာ ပြန်လည်နွေးထွေးလာခဲ့သည်။ထို့အပြင် ၁၉၈၅ ခုနှစ် မတ်လတွင် တရုတ်သမ္မတ လီရှန်းနန်၊ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးချုပ် လီပင်း၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတ ကျန်ဇီမင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးချုပ် လီခချန်၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လတွင် လက်ရှိသမ္မတ ရှီကျင့်ဖျင်သည် ဒုတိယသမ္မတအဖြစ်ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ်ဖြင့်လည်းကောင်း အသီးသီးလာရောက်ခဲ့ကြဖူးသည်။
 
တရုတ်ခေါင်းဆောင်များနည်းတူ မြန်မာခေါင်းဆောင်များသည်လည်း တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြဖူးသည်။
 
တရုတ်-မြန်မာ ချစ်ကြည်ရေးကဏ္ဍ နှစ်နိုင်ငံ ကူးလူးဆက်ဆံခဲ့ရာတွင် ဝန်ကြီးချုပ် ဦးနု ကမကထပြုခဲ့သည့် ဆွေမျိူးပေါက်ဖော် သံတမန်ဆက်ဆံရေးမှာမူ ယနေ့ထက်တိုင်အောင် အသက်ဝင်နေဆဲ အားကောင်းနေဆဲဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ကြသည်။
 
ထိုသို့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်ကို တရုတ်-မြန်မာ ယဉ်ကျေးမှု ခရီးသွားလာရေး အထိမ်းအမှတ်နှစ်အဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား၊ ရှိရင်းစွဲ ခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာစေအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။
 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၊ အနုပညာအထက်တန်းကျောင်းများ၌ ပညာဆည်းပူးနေကြသော ထူးချွန် ကျောင်းသား၊ ကျောင်းသူ (၅၅) ဦးကို ပညာရည်ချွန်ဆုအဖြစ် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ချီးမြှင့်ပေးခဲ့သည်။ထိုဆုမှာ မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ် အထူးပြု ကျောင်းသား၊ ကျောင်းသူများအတွက် ပထမဆုံးအကြိမ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုအဖြစ် ပေးအပ်ခြင်းလည်းဖြစ်သည်။
 
ထိုသို့မကသေး။တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုများကိုလည်း တရုတ်နိုင်ငံ၏ အထင်ကရ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသားများထံ အွန်လိုင်းမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၂၀၂၁-၂၀၂၂ အတွက်၊ ထူးချွန် ကျောင်းသား/ကျောင်းသူ (၆၀) ဦးတို့ကို ပညာသင်ဆု ပေးအပ်နိုင်ခဲ့သည့်အပြင် တရုတ်-မြန်မာချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှုအတွက် စီမံကိန်းဆိုင်ရာ အကဲဖြတ်စံနှုန်းနှင့်အညီ လျှောက်ထားသူများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ငွေကြေးထောက်ပံ့ပေးခြင်းတို့ကိုလည်း နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
 
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ကျီလင်မြို့တို့ကို ချစ်ကြည်ရေးမြို့အဖြစ် တည်ဆောက်ရန်၊ နှစ်နိုင်ငံ တာဝန်ရှိသူများက ယခုနှစ် ဇွန်လအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသေးသည်။
 
လက်ရှိအချိန်အထိလည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ပိုမိုနီးကပ်စွာ ဆက်ဆံဆောင်ရွက်နေသည့် ဆွေမျိုးပေါက် ဖော် ချစ်ကြည်ရေးခရီးမှာ ၇၃ နှစ်တာ ခရီးမှသည် နှစ်ပေါင်းထောင်ချီသည့်ခရီးအဖြစ် ရောက်ရှိရန် မျှော်လင့်ရင်း ရေးသားလိုက်ရပေသည်။
 
ကျော်ကျော်