【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (တရုတ်-၁)

【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (တရုတ်-၁)

တရုတ်သည် အာရှမြေပုံ၏ လေးပုံတစ်ပုံရှိသည်ကို တွေ့ရသည်။

အာရှတိုက်မှာ အခြားတိုက်များထက်ကြီး၍ နိုင်ငံကြီးတွေအနေဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မွန်ဂိုးလီးယားတို့ရှိသည်။

သမိုင်းပညာရှင် Dr.သန်းထွန်းကတော့ “တရုတ်အစစ်အမှန်မှာ တံတိုင်းအတွင်း တောင်ဘက်” မှာသာဖြစ်သည် ဆို၏။

သြဇာပျံ့နှံ့ရာဆိုသည်ကတော့ နိုင်ငံထက် ကျယ်ပြောနိုင်သည်၊ ရှေးဟောင်းတရုတ်အနေဖြင့်ကြည့်လျှင် အနီးအပါးနိုင်ငံများကို မကျူးကျော် မတိုက်ခိုက်ဖူးသည်မရှိပါ။မြန်မာကိုလည်း လေးကြိမ်တိုက်ခိုက်ဖူးသည်၊ “နရသီဟပတေ့မင်း” တစ်ပါးတော့ ထွက်ပြေးသဖြင့် “တရုတ်ပြေးမင်း” ဟု အမည်တွင်ခဲ့သည်။အခြားအကြိမ်များမှာတော့ မဖြစ်မနေ တွန်းလှန်နိုင်ခဲ့သည်ချည်းဖြစ်သည်။

သမိုင်းအရတော့ ကိုရီးယားကျွန်းဆွယ်သည် တရုတ်ယဉ်ကျေးမှုကိုရသည်။ကိုရီးယားထံမှတစ်ဆင့် ဂျပန်ကရ၏။ထိုကြောင့် တရုတ်ကို ယဉ်ကျေးမှုကြီးသည်ဟု ပြောကြခြင်းဖြစ်ပါသည်။            

တရုတ်သမိုင်းစဉ်ကြီးသည် ရှည်လျား၍ အခြားနိုင်ငံများ သမိုင်းလိုပင် ပုံပြင်ဒဏ္ဍာရီတွေများလှ၏၊သို့သော် အာရှသမိုင်းစဉ်မှာပင် သေချာသော သက္ကရာဇ်မှာ အတော်ရှေးရောက်သည်။ဘီစီ (၁၆၀၀) နှင့် အေဒီ (၈၅၀) ရာစုနောက်ပိုင်း ရက်စွဲတိကျသည်။အခြားသမိုင်းများ မသေချာလျှင်ပင် တရုတ်သမိုင်းနှင့် ညှိရသည်။မြန်မာ့သမိုင်း၏ သေချာသော အထောက်အထားဆိုသည်မှာပင် အေဒီ (၁၀) ရာစု ပုဂံခေတ် ရာဇကုမာရကျောက်စာသာရှိသည်။မြေထဲကပြောလာမည့် သမိုင်းအတွက် တူးဖေါ်မှုတွေကို စောင့်ရဦးမည်။တရုတ်ရာဇဝင်တွင် “ဟွန်တီ” ဘုရင်ခေတ်မှာ သာယာအေးချမ်းလှသည်ဟု  အမှတ်တွေပေးကြသည်ကို တွေ့ရသည်။ကျနော်တို့ မြန်မာတွင် သာလွန်မင်းကဲ့သို့ ဖြစ်ပါလိမ့်မည်။

တရုတ်၏ မှတ်တမ်းတွင် အရိုးနှင့် လိပ်ခွန်စာများသည် ရှေးကျသောသမိုင်းကိုပြောနိုင်၍ အားထားလောက်သည်ဟု ဆိုသည်။ရှေးဟောင်းတရုတ်စာများကို အများအပြားတွေ့ရသော်လည်း မဖတ်တတ်တာတွေလည်း ရှိနေသေးသည်။မှတ်ချက်ရေးထိုးခဲ့သော မျိုးနွယ်သည် လူရောစာပါ ပျောက်ကွယ်သွားသည်ဟု ယူဆရမလား၊ သူ့ထက် အင်အားကြီး၍ သူ့စာထက် ပိုကောင်းမွန်သောစာကို လက်ခံလိုက်ပြီး မူလစာပေကို စွန့်လွှတ်လိုက်လေသလော မသိနိုင်။ယခုခေတ် တရုတ်စာနှင့် သိပ်မဝေးသော မှတ်တမ်းကိုတော့ ဖတ်နိုင်ကြသေးသည်။

လူမျိုးတစ်မျိုးနှင့် တစ်မျိုး လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု အယူအဆတွေကတော့မတူနိုင် ကျနော်တို့က ဧကရာဇ်ဘုရင်ကို မင်းမျိုးမင်းနွယ်အဖြစ် အရိုးအစဉ်ကို လက်ခံကြသော်လည်း  နတ်ဘုရားလောက် မြှင့်တင်ထားသည်မဟုတ်၊ ဘုရင်ကိုသတ်နိုင်သူ ဘုရင်ဖြစ်သည်လည်းရှိလျက်၊ မင်းဆက်ပြတ်လျှင် ဖုတ်သွင်းရထားဆိုက်ရောက်စေသည်ရှိသည်။မြို့သက်တမ်း မင်းသက်တမ်းများမှာလည်း ဆယ်စုအလွန်နှင့် ရာစုအနည်းသာ၊ တရုတ်တို့ကတော့ ဘုရင်ဧကရာဇ်သည် လူအပေါင်းတို့၏ ဖခင်ဖြစ်၍ သာသနာအတွက် ရဟန်းမင်းလည်းဖြစ်သည်၊ အထက်နတ်ဘုံမှ ပေးအပ်သော မြင့်မြတ်သူလည်းဖြစ်သည်ဟု ယုံကြည်ကြသည်။သူတို့မင်းသက်နှင့် မြို့သက်ကလည်း နှစ်လေးငါးရာလောက် တည်ရှိကြသည်။ချောင်မင်းဆက် နှစ် (၄၀၀) အတွင်း ဆူပူမှုများရှိခဲ့သော်လည်း သတ္တိထူးသော ပညာရှင်များလည်း ပေါ်ပေါက်လာသည်။

ဘုရားပွင့်သော ဘီစီ ၆၀၀ ကာလနှင့် မကွာလှသော ဘီစီ  ၅၅၀ တွင် ပညာရှင်ကြီး ကွန်ဖြူးရှပ် ပေါ်ပေါက်လာသည်။အနောက်တိုင်းမှာလည်း သေးလိစ်၊ ဆိုကရေးတီး၊ ပလေးတိုး၊ ပိုက်သာဂိုးရပ်တို့ ပေါ်ထွက်သကဲ့သို့ပင်ဖြစ်သည်။သို့သော် တစ်နေရာနှင့် တစ်နေရာ ဝေးကြ၍ အချင်းချင်းသိကြမည်တော့မဟုတ်။ကွန်ဖြူးရှပ်က ပြည်သူများကို စာရိတ္တပြုပြင်ရေးနှင့် စည်းကမ်းသေဝပ်ရေးကို ဦးစားပေးပြီး ပြောဟောသည်။နောက်ပိုင်းမှာတော့ ရှေးဓလေ့နဲ့ မိဘဘိုးဘွားပူဇော်ပသဖို့ကို ဟောပြောလာပြီး ကိုယ်ကျိုးစွန့်ပြီး လူ့အဖွဲ့အစည်းတည်ဆောက်ကြဖို့ တောင်းဆိုလာသည်။သူကွယ်လွန်တော့ တပည့်များက ဆရာကြီးဟောပြောချက်များ ပျက်စီးမှာစိုးသဖြင့် အဖွင့်နိဿယများ မလုပ်ဝံ့ကြ။ဆရာကြီး၏မြစ် “မင်စီယပ်” ကျမှသာ ကွန်ဖြူးရှပ်ဝါဒများကို အဖွင့်ဋီကာများ ရေးသားနိုင်သည်။မင်စီယပ်က ရှေးအယူများ ထိန်းသိမ်းခြင်းထက် နည်းကောင်းနည်းသစ်များ တိုးတက်ပြုပြင်သင့်ကြောင်း ထုတ်ဖော်လာသည်။တိုင်းပြည်တွင် လူထုသည် အရေးအပါဆုံးအင်အားဖြစ်ပြီး နိုင်ငံရေးအာဏာကို လူထုပိုင်သည်ဟု တိတိကျကျ သဘောထားလာသည်။လူထုကို ညှင်းဆဲသော မင်းကိုသတ်လျှင် အပြစ်မရှိဟု ရဲရဲဝံ့ဝံ့ပြောလာသည် ခေတ်မီလာပြီဟု ပြောနိုင်သည်။

ဒဿနအစဉ်အဆက်ကို လေ့လာစဉ်က တာအို၊ လောင်ဇူ၊ ကွန်ဖြူးရှပ်ဟူ၍ အစဉ်လိုက်မှတ်သားထားသည်၊ သည်မျှ နိုင်ငံကြီးကျယ်ဝန်းလျက် လူဦးရေလည်းများလှစွာသော အင်ပါယာကြီးကို မည်သည့်အတွေးအမြင်ဖြင့် ထိန်းကွပ်ထားသနည်း။တစ်ခု၏ ဓလေ့စရိုက်များနှင့် ကိုက်ညီပါမှလည်း  နေသားတကျရှိလာနိုင်မည်ဖြစ်သည်။ဒေသတွင်း လူ့အဖွဲ့အစည်းကပေါ်ပေါက်လာသော ပညာရှိကြီးများ ပညာရှင်ကြီးများကတော့ ဓလေ့စရိုက်များနှင့် အထူးအထွေ ချိန်ကိုက်ရန်မလိုဘဲ အံကျနေမည်ဖြစ်သည်။ထို့ကြောင့်ပင် ဗုဒ္ဓဘာသာကိုးကွယ်ပါလျက် ပညာရှိကြီး ကွန်ဖြူးရှပ်၏ ဝါဒအယူကို ယနေ့ထိလိုက်နာနေကြခြင်းဖြစ်ပါသည်။

ကျနော်သည် ပညာရှင်ကြီး (ရင်ထဲက နတ်ဒေဝါ) အတွက် လူ့အဖွဲ့အစည်းကို မကျေမနပ်ဖြစ်နေမိသည်၊ ဆရာ Dr.သန်းထွန်းက “ဆရာကြီး အသက်ထင်ရှားရှိစဉ်က သူဟောသော တရားကို ကောင်းမှန်းသိသူ အလွန်ရှား၏၊ ဘီစီ ၄၇၉ တွင် စိတ်ပျက်ဝမ်းနည်းလျက် သေလွန်ခဲ့ရသည်” ဟု ဆိုထားခြင်းကြောင့်ဖြစ်ပါသည်။

တစ်ခုတော့ဖြင့် ဖြေသာစရာရှိပါသည်၊ သူ့တပည့်များက ဆရာကြီး၏ အယူအဆများ မတိမ်ကောစေရန် ထိမ်းသိမ်းခဲ့ကြ၍ နှစ်အတန်ကြာသောအခါ လက်တွေ့သဘောများသော သူ၏ဝါဒများကို တရုတ်တစ်ပြည်လုံး လိုက်နာကျင့်သုံးခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။

လင်းထင်
Ref - ခေတ်ဟောင်းခေတ်သစ်ရာဇဝင် - Dr.သန်းထွန်း၊
         လောကီထုပ္ပတ်လူတို့ ဇာတ် - မြို့မကျောင်းဆရာ ဦးစံထွား