【 ဆောင်းပါး 】 ငယ်စဉ်က သင်္ကြန်အကြိုရက်များ

【 ဆောင်းပါး 】 ငယ်စဉ်က သင်္ကြန်အကြိုရက်များ

ရပ်ထဲ ရွာထဲ ဒီအချိန်ဆို ပျားပန်းခပ်မျှ အလုပ်များနေကြပြီ။

ကလေးတွေက ရေကစားဖို့ လူငယ်တွေက အုန်းလက်မဏ္ဍပ်ထိုးဖို့၊ မဏ္ဍပ်ထိုင်ဖို့ ကားနဲ့လည်ဖို့၊ လည်ဖို့ပတ်ဖို့ ပျော်ပါးဖို့၊ လူကြီးတွေကတော့ အလှူတွေ၊ တရားစခန်းတွေဝင်ဖို့ ဒီလို ကိုယ်စီကိုယ်စီ အလုပ်များနေတတ်ကြသည့်အချိန်။

နေ့လယ် အပူချိန်ပြင်းလို့ ရပ်ကွက်ထဲက လဘက်ရည်ဆိုင်မှာထိုင်ရင်း ခြောက်ကပ်နေသည့် လမ်းမကြီးကိုကြည့်ကာ လေပူပူထဲ ဒီအတွေးတွေ တွေးနေမိခြင်းဖြစ်သည်။ထိုင်နေသည့် လဘက်ရည်ဆိုင်ရှေ့ လမ်းမကြီးမှာတော့ ဝိုင်ဘီအက်စ်ကားတွေမှာ တစ်စီးပြီး တစ်စီး ခရီးသည်ကျိုးတို့ကျဲတဲဖြင့်။

ပြန်တွေးကြည့်တော့ အရာရာသည် မနေ့ကလို။သို့သော် အခုတော့ တခြားစီဖြစ်ကုန်ပြီ။သင်္ကြန်ဆို တာကို မေ့နေကြပြီ ထင်သည်။အလှူအတန်းသင်္ကေတဖြစ်သည့် လော်စပီကာဖြင့် သီချင်းဖွင့်သံလည်း မကြား၊ ဒိုးပတ်သံမြိုင်မြိုင်လည်း မကြား။အားလုံးတိတ်ဆိတ်။

လဖက်ရည်ဆိုင်ပိုင်ရှင်က ဆရာကြီး ဒီနေ့ အပြင်မထွက်ဖြစ်ဘူးလား မေးတော့ မထွက်ဖြစ်တာကြာဆို ကလေးတွေ စာမေးပွဲပြီးကတည်းက ရန်ကုန်ဘက်မရောက်ဖြစ်တာလို့။

ဒီလိုပြောတော့ ဆိုင်ရှင်က ဟုတ်တယ်နော်၊ ကျနော်လည်း အကြောင်းမရှိရင် ရန်ကုန်ဘက် မကူးဖြစ်ဘူး။လိုတာ သွားဝယ်ရင်တောင် ခပ်သုတ်သုတ်ပဲ။အရင်လို ကြာကြာမနေဖြစ်တာကြာပြီဟု ဆိုသည်။သင်္ကြန်တောင် ဆိုင်မပိတ်ဖို့များတယ်ဟု ပြောသေးသည်။

တကယ်တော့ ဒီလိုအချိန်ဆိုတာ သင်္ကြန်ရောက်ဖို့ ဖင်နားကပ်နေသည့် အချိန်တွေ။ပုံမှန်တိုင်းဆို လူတိုင်း စိတ်အာရုံက သင်္ကြန်ဆီ။လုပ်နေကြ အလုပ်တွေကိုလည်း စိတ်မဝင်စားတော့။ကျနော်တို့ ငယ်စဉ်ကဆို ဒီအချိန်က အပျော်ဆုံး။အဲဒီတုန်းက သံရေပြွတ်လေးတွေ၊ ရေခွက်တွေ၊ ရေခွက်တောင် ကော်ရေခွက်၊ စတီးရေခွက်ဆိုတာ မရှိ။သံဖြူဆိုင်က လုပ်ပေးသည့် ရေခွက်လေးတွေ။တကယ်သုံးသည်ကတော့ နိုဆီဗူးခွက်တွေသာ။

မလာသေးသည့် သင်္ကြန်ကာလကိုမျှော်ပြီး ပျော်ရတာ ကျနော်တို့ ကလေးဘဝမှာသာ မဟုတ်။ယနေ့ ကလေးတွေလည်း ထိုနည်းတူဖြစ်သည်။သို့သော် ဒါက ကိုဗစ်မလာခင်မှာ ဇာတ်သိမ်းသွားသည်။ဒါတွေ ပြန်တွေးမိတော့ စိတ်ထဲမကောင်း။ယနေ့ ကလေးတွေ ရေကစားဖို့ဆိုတာ သိပ်တောင်စိတ်ထဲမရှိကြတော့သလို။ကျနော်တို့ ငယ်ငယ်တုန်းကလို သိပ်စိတ်မတက်ကြွသလို လူကြီးတွေမှာလည်း ကိုယ်အပူနှင့်ကိုယ်ဆိုတော့ ကလေးတွေ အပျော်ဘက်လည်း သိပ်ပြီးအားမပေးနိုင်တော့။ဝမ်းရေးက အရေးကြီးနေသည်မဟုတ်လား။

ကျနော်တို့ ငယ်ငယ် ၁၉၇၀-၈၀ ကာလများကဆို တပေါင်း တန်ခူးမရောက်ခင် အတန်းကျောင်းတွေ အတန်းတင်စာမေးပွဲပြီးကတည်းက သင်္ကြန်ကို ကြိုမျှော်ကာ ကြိုပျော်နေကြပြီ။နွေရာသီကျောင်းပိတ်ရက်နှင့် သင်္ကြန်က တွဲလျက်သာဆိုတော့ သင်္ကြန်ကျရင် ဘယ်လိုရေဆော့မည်ဆိုတာက ကလေးတွေအချင်းချင်း ဆွေးနွေးစရာ ခေါင်းစဉ်ကြီး။တချို့ကလည်း ဒီသင်္ကြန်မှာ ရှင်ပြုရမည်ဆိုပြီး ကိုရင်ဘဝဖြင့် ဘယ်လိုကဲမည်ဆိုတာတစ်ဖုံ ကလေးဘဝ ဒီလိုအချိန်ကာလက ပျော်စရာချည်း။ကျနော်က ငယ်စဉ်ကတည်းက ရန်ကုန်မှာသာ အခြေချခဲ့သူဖြစ်ပြီး ကမာရွတ် လှည်းတန်းသားဆိုတော့ သင်္ကြန်ဆို ကျနော်တို့ရပ်ကွက်သားတွေက လှည်းတန်းကုန်းဘက်မှ ကားတွေကို ရေစောင့်ပက်ရတာ ပျော်သလို လှည်းတန်းကုန်းအောက် ရပ်ကွက်လမ်းတွေထဲ လှည့်ပြီး ရေပက်ကာ  လမ်းအလိုက် စတုဒီသာကျွေးသည့် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊သာကူ၊ တချို့လမ်းတွေဆို ညနေဘက် ထမင်းကျွေးတာမျိုးတွေမှာ လိုက်စားကြ၊ ရေပက်ကြနှင့်။ ဒီလိုပျော်စရာ။

ပြန်တွေးကြည့်တော့ ကျနော်တို့ ကလေးဘဝက ပိုပျော်ဖို့ ကောင်းသလိုပင်။ယခု ကလေးတွေ သင်္ကြန်ကျတာကို ဘယ်လိုမျှော်သလဲဆိုတာ ဆံပင်တွေ ဆေးဆိုးတာကိုသာ ကြည့်လို့ရသည်။ကျနော်တို့တုန်းကဆို ဒီလိုမဟုတ်။အခုလောက်ဆို ရပ်ကွက်ထဲ မဏ္ဍပ်ထိုးဖို့၊ စတုဒီသာကျွေးဖို့၊ သက်ကြီးပူဇော်ပွဲလုပ်ဖို့၊ ရပ်ကွက်လုံးဆိုင်ရာ ရှင်ပြုရဟန်းခံပွဲ ကျင်းပဖို့ စသည့် ကိစ္စများစွာအတွက် အလုပ်ရှုပ်နေကြပြီ။ယခုတော့ ဒါတွေမျိုး မတွေ့ရတာကြာပြီ။ဒါတောင် ကျနော်နေသည့်အရပ်က တစ်အိမ်နှင့် တစ်အိမ် သိကြသည့် မြို့သစ်က ရပ်ကွက်တွေ။မြန်မာဆန်သော ရပ်ကွက်တွေ၊ လမ်းတွေမှာတောင် သင်္ကြန်ကို ဒီဘက်နှစ်တွေမှာ သိပ်ရင်မခုန်လေတော့ ပြွတ်သိပ်နေသော တိုက်ခန်းများသာရှိရာ ယခင်နေခဲ့သည့် ရပ်ကွက်များသာဆို ဒီထက်ပိုပြီး သင်္ကြန်ကို မေ့လျော့နေမည်ဟု တွေးမိသည်။

လဘက်ရည်ဆိုင်ရှင်က ကျနော်တွေးမိသလို သူလည်းတွေးမိဟန်တူသည်။သူလည်း ယခင်က လှိုင် ၄ ရပ်ကွက်၊ အေးလမ်းတွေဟုခေါ်သော အေး ၁ လမ်း၊ ၂ လမ်းဘက်မှာ နေခဲ့ဖူးလေတော့ သင်္ကြန်အကြောင်း ပြန်ပြောဖြစ်ကြသည်။

အဲဒီတုန်းက သူတို့ဘက်တွေမှာ သင်္ကြန်ဆို ဘယ်လိုစည်တာ၊ လူတွေက တစ်လမ်းနှင့် တစ်လမ်း လှည့်လည်သွားကာ ရေပက်ခံသွားကြတာတွေ၊ လမ်းထဲမှ လူတွေစုပြီး အုန်းလက်မဏ္ဍပ်တွေထိုးပြီး ရေပက်ကြတာတွေ စသဖြင့် လွမ်းစရာကောင်းလောက်အောင် ပြောလေသည်။ကျနော်လည်း ကျနော်တို့လမ်းအကြောင်းပေါ့။လှည်းတန်း အောက်ခြမ်းနှင့် ကမာရွတ်အောက်ခြမ်းဆိုတာ ပြွန်ပေါက်ဝလို့ခေါ်သည့် ကမာရွတ်ချောင်းသာ ခြားသော်လည်း အကူးအလူးကနည်းပြီး သဘောတော့ သုဿာန်က ခြားထားလေတော့ သူလည်း သူ့ဘက်မှ လွမ်းစရာ။ကျနော်လည်း ကျနော့်ဘက်မှာ လွမ်းစရာ။

သင်္ကြန်ဆိုတာ နှစ်ဟောင်းမှ အငွေ့အသက်များကို ဆေးချပြီး နှစ်သစ်ကိုကြိုသည့်သဘော။သို့သော် အပူတွေ၊ အကျပ်အတည်းတွေနှင့် ခက်ခဲနေသော ဝမ်းရေးကြောင့် ဒီအပူတွေကို ဆေးချဖို့ဆိုတာလည်း လူတွေ မေ့လျော့နေကြပြီ။

အပူတွေက အားလုံးမှာ များနေတော့ မျှော်လင့်ချက်တွေမဲ့ကာ နှစ်သစ်ကိုကူးဖို့လည်း စိတ်ထဲမှာရှိမနေတော့။

သြော် … နောက်နှစ်များတော့ ဒီလိုမဖြစ်တန်ကောင်းဘူးရဲ့လို့သာ တွေးမိနေတော့လေသည်။

မောင်ဦးလွင်
Photo Credit - Google