【 ဆောင်းပါး 】 ငယ်ဘဝ လွတ်လပ်မှု

【 ဆောင်းပါး 】 ငယ်ဘဝ လွတ်လပ်မှု

ယခုရက်ပိုင်း မိုးက ခပ်စိပ်စိပ်ရွာသည်။အိမ်ရှေ့လမ်းမတွင် မိုးရွာသည့်အခါ လမ်းပေါ်တွင် ရေစပ်စပ်ဖြင့် ကလေးတွေ ဘောလုံးကန်ကြသည်။

ကျနော်နေရာ လမ်းမှာ လမ်းသားတွေ ညီကြသဖြင့် အိမ်ရှေ့သို့အဖီတိုးပြီး စျေးရောင်းခြင်း၊ လမ်းမြေကျူးခြင်းမရှိသလို ယခင် ပေ ၂၀ - ပေ ၆၀ အကွက်တိုင်းသာရှိတာများသဖြင့် အိမ်ရှေ့လမ်းမှာ မူလစ မြို့ကွက်တည်ကတည်းကအတိုင်း ပေပြည့်သဖြင့် ကလေးများ ဘောလုံးကန်လို့ရအောင် ကျယ်သည်။

ကလေးများဆိုသည်မှာ ဆယ်နှစ်အောက်တွေကို ဆိုလိုခြင်းဖြစ်သည်။မရှိမရှားနှင့် အရမ်းရှိသူ ကားဝယ်ရလောက်အောင် ချမ်းသာသူမရှိသဖြင့် ကလေးတွေ ဘောလုံးကန်သည့်အခါ ခြံစည်းရိုးသာ အများဆုံးထိနိုင်တာရှိသည်။ထို့ကြောင့် ကလေးမိဘများမှာ ကိုယ်မျက်စိရှေ့ ဘောလုံးကန်နေ ကစားနေ မိုးရေချိုးနေကြခြင်းကို မတားကြသလို မိသားစုသဖွယ် လမ်းတွင်းဆက်ဆံရေးကြောင့် အမှုအခင်းဖြစ်စရာ နည်းသည်။

ထို့ကြောင့် မိုးရွာသည့်အခါ ကလေးတွေ လမ်းထဲမှာ မိုးရေချိုးကြသည်မှာ ပျော်ဖို့ကောင်းသည်။တစ်အိမ်က ကစားဖော် မိုးရွာလို့ မိုးရေဆင်းမချိုးသေးရင်တောင် လမ်းကနေ ကလေးအချင်းချင်း အော်ခေါ်ကြသည်က ချစ်စရာ။ထိုနေ့မျိုးတွင် စာသင်ဖို့ သွားစရာမရှိပါက ကျနော်အိမ်ရှေ့ဝရံတာကနေ ကလေးတွေ ဘောလုံးကန်နေတာ၊ မိုးရေချိုးနေတာ၊ ကစားနေတာကို ကြည့်နေတတ်သလို တစ်ခါတရံ စိတ်ပေါက်ပါက မိုးရေထွက်ချိုးကာ မြောင်းဆယ်သည့်အခါ ဆယ်နေတတ်သည်။များသောအားဖြင့် ထိုကလေးတွေ မိုးရေထဲ ဆော့ကစားနေသည်ကိုကြည့်ပြီး ငယ်ဘဝကို လွမ်းဆွတ်နေသည်က များလေသည်။

ကျနော်တို့ ငယ်ငယ်တုန်းကတော့ ရန်ကုန်သည် ဒီလိုမျိုး ကျပ်ကျပ်သိပ်သိပ် မဟုတ်။ကျနော်က လှည်းတန်း-ကမာရွတ်ဘက်မှာ နေခဲ့သူဖြစ်သည်။အတော်ငယ်သေးသည့်အရွယ်ကတော့ ဘောလယ်-တလှိင်မှီ အစင်ရွာဘက်မှာ နေခဲ့ရသည်။ထိုစဉ်တုန်းက ငယ်သေးသဖြင့် ဘာတစ်ခုမှ ရေရေရာရာ သိပ်မသိ။ရွာကနေ မြို့သို့ရောက်လာသည့်အခါမှာတော့ ကျနော် စမှတ်မိပြီ။ရထားလမ်းဘေး ကန်စွန်းခင်းက နွေဆိုလျှင် တချို့အခင်းရှင်တွေက ရေမရသဖြင့် ကန်စွန်းမစိုက်။ထိုအခါ ထိုကန်စွန်းခင်းတွေမှာ ဘောလုံးကန်ကြသည်။ညဘက်ဆို ထိုနေရာတွင်  ထုပ်ဆီးတိုးတာ၊ ဂွတိုဂွရှည်ဆိုသည့် ပြေးကြလိုက်ကြသည့် ကစားနည်းတွေ နေရာဦးရသည့် တိုင်ဦးတိုင်း ကစားနည်းတွေ၊ ဖန်ခုန်ကြသည့် ကစားနည်းတွေ တစ်မျိုးပြီး တစ်မျိုး လသာသောညများတွင် ကစားကြသည်။လူကြီးတွေက ရထားသံလမ်းမှာထိုင်လျှင် ထိုင်၊ မထိုင်လျှင် ယခု ပတ္တမြားဘက်မှာ ခုံချကာထိုင်ပြီး ကလေးတွေကို စောင့်ကြသည်။ယခုပြန်တွေးတော့ သိပ်မကြာလိုက်သလို။

ဒီဘက်ကနေ အသက်လေးက ဆယ့်ငါး၊ ဆယ့်ခြောက်ရောက်သည့်အခါ ကျနော်တို့ကစားသည့်နေရာတွေက ပိုကျယ်ပြန့်လာသည်။တက္ကသိုလ်ကွင်းမှာ ခိုးပြီး ဘောလုံးသွားကန်သလို ဝက်စုဘက်ကနေထွက်ပြီး အင်းလျားကန်မှာ ရေသွားကူးကြသည်လည်းရှိသည်။ညဘက်ဆို လှည်းတန်းခုံးအောက်ဘက်က လဖက်သုပ်ဆိုင်မှာ ထိုင်ရတာလည်း လူငယ်ဘဝအရသာဖြစ်သည်။သို့သော် မိုးရွာသည့်အခါ ရေထွက်ချိုးရသည့် အရသာနှင့် ဘောလုံးကန်ရသည့် အရသာလောက်တော့ ဘဝမှာ မှတ်မှတ်သားသားရှိသည်တော့ မရှိ။

ကျနော်တို့ငယ်စဉ်က ယခုလို ကာမနှင့် စပ်ဆိုင်သော အသိဝင်တာနည်းပြီး ဟိုစိတ်ဒီစိတ်ဝင်တာကလည်း နောက်ကျသဖြင့် ၁၀ နှစ်ကျော်အထိ လမ်းထဲ ငယ်ပါတန်းလန်းဖြင့် မိုးရေချိုးလို့ကောင်းတုန်း။ရှက်ရမှန်းလည်း မသိ။ယခုခေတ်လို လူနေမကျပ်တာ၊ မစည်ကားတာလဲ ပါမည်ထင်သည်  ယခု ကျနော့်တူမက မွေးသည့် မြေး။အသက်က လေးငါးနှစ်။ရေချိုးလျှင် တံခါးပိတ်ချိုးတတ်နေပြီ။ကျနော်တို့ ငယ်တုန်းကလို လမ်းထဲ မိုးရေချိုးဖို့ဆို ကိုယ်တုံးလုံးဆိုတာ ဝေလာဝေးပင်။

ခေတ်တွေ စနစ်တွေ ပြောင်းလဲမှုများကြောင့် ယနေ့ကလေးတွေအတွက် သဘာဝအတိုင်း ပျော်စရာဆိုသည်က ရှားပါးလာသည်။ကျနော်တို့ငယ်တုန်းက ဒီလိုမိုးရာသီဆို မုန်စားဆင်းချိန်၊ ကျောင်းလွှတ်ချိန်တွင် ကျောင်းပေါက်ဝနှင့် ကျောင်းရှိရာ လမ်းထိပ်တွင် ဘောင်ဘောင်သည်များလာလေ့ရှိသည်။ဘောင်ဘောင်သည်ဆီကနေ ဘောင်ဘောင်ဆိုသော ဝါးစိမ်းနှင့် လုပ်ထားသော ပြောင်းနှင့် ပြောင်းထိုးတံ၊ ဘောင်ဘောင်သီးတို့ကို တစ်မတ်ဖြင့်ဝယ်ကာ ကျောင်းအပြန်လမ်းတစ်လျှောက် တစ်ယောက်နှင့် တစ်ယောက် ပစ်ကြပြေးကြဖြင့် ပျော်စရာကောင်းလေသည်။ယခု ကျနော့်အိမ်နောက်ဘက် မီးတားလမ်းတွင် ဘောင်ဘောင်ပင်ရှိသည်။တစ်ခါတလေ ငယ်တုန်းကသာရှိရင် တော်တော်ပျော်ဖို့ကောင်းမှာဟု ကလေးကလား တွေးမိသည်။ယခုကလေးတွေ ဘောင်ဘောင်ဖြင့် ပစ်ခတ်ကစားရတာ ထိုးတံဖြင့် ပစ်ရတာ မမြင်ဖူးတော့။ဘောင်ဘောင်သီးကိုပင် ဘာလုပ်ရတဲ့အသီးလဲ တို့စားရတဲ့ အသီးလားဟု ကလေးရနေပြီဖြစ်သည့် ကျနော့်တူမက မေးလေတော့ သူ့ရဲ့သား ကျနော့်မြေးဆိုလျှင် ဒီလိုကစားနည်းဆိုတာရှိခဲ့မှန်းတောင် သိဖို့မလွယ်။

ကျနော်တို့ ငယ်စဉ်ကတော့ နေရာတွေက အကျယ်ကြီး၊ ကစားစရာနေရာတွေ မြက်ရိုင်းတွေက လူတစ်ရပ်စာတွေ၊ ကွင်းကျယ်တွေ၊ ချောင်းတွေက ယခုလိုမဟုတ်။ရေကသန့်သေးတော့ ဝါဆိုဝါခေါင်ရေကြီးပြီဆို ရပ်ကွက်တွေထဲ ရေဝင်သည့်အခါ အပေါ်က မိုးပါလိုက်လာသည့်အခါ ကလေးတွေ ရေကူးကြသည်။မိဘတွေကလည်း မတားကြ။ရေက ကလေးခါးတစ်ဝက်စာမှာ ရေတဝုန်းဝုန်းဖြင့် မိုးရွာသောအခါ အိမ်ထဲမှ ဒန်အိုးထဲတို့ ရေဇလားတို့ဖြင့် လှေလုပ်ပြီး ကစားကြသည်။မိဘတွေ သိသည့်အခါ အဆူခံရ အရိုက်ခံရ။သို့သော် ဒီလိုလုပ်လည်း နောက်တစ်ခါ ဆက်လုပ်ကြတာပဲဖြစ်သည်။

တစ်ခါတလေ ရပ်ကွက်ထဲ နာရေးဖြစ်လို့ အချိန်တစ်ရာ မုန့်ဟင်းခါးချက်သည့် ဒန်အိုးကြီးတွေကို ဆေးကြကြောကြရင်း ရေတက်လာသည့်နှင့် ကြုံကြိုက်ပါက ချောင်းရိုးအတိုင်း ရေထဲမျောကစားကြသည်က ယခုပြန်တွေးတော့ လွမ်းစရာ။ထိုတုန်းက လူပျိုပေါက်တွေ အခုရှိမယ်ဆို အသက် ၆၀၊ ၇၀ အရွယ်တော့ ရောက်လောက်ပြီဟု တွေးတွေးမိသည်။

အချိန်ဆိုသည်က ခဏလေးသာဖြစ်သည်။မနေ့တစ်နေ့ကလို။အသက်တွေကသာကြီးသွားသည်။ရင့်ကျက်မှုဆိုသည်က လုပ်ယူနေရသလိုပင်။

မိုးရွာသည်ကိုကြည့်ရင်း ကျနော့်ကလေးဘဝကို ပြန်သတိရနေမိသည်။ယခုကလေးတွေ ကလေးလို မပျော်ရသည်ကိုလည်းကြည့်ပြီး စိတ်ထဲမကောင်း။လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ စျေးထဲမှာ၊ တောထဲ၊ တောင်ထဲမှာ၊ စစ်ဘေးမှ လွတ်ရာသို့ ပြေးရှောင်နေရတာ။အပူပင်ကင်းစွာ ပျော်ကြရမည့်အချိန်မှာ မိမဲ့ဖမဲ့ဖြစ်လို့ဖြစ် စားဝတ်နေရေးအတွက် အရွယ်တန်မဲ့ ရှာဖွေနေရ၊ အသက်ဘေးကနေ လွတ်အောင်ပြေးရနှင့်။

ငယ်ဘဝ ပျော်ရွှင်မှုတွေ ဆိတ်သုန်းနေရသော ယနေ့ကလေးတွေကိုကြည့်ရင်း လူမောစိတ်မောနေမိတော့လေသည်။

မောင်ဦးလွင်