【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၃)

【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၃)

ဝင်းဦး၏ ပထမဆုံးကလောင်အမည်မှာ ညိုမင်းလွင်ဖြစ်သည်။

ညိုမင်းလွင်၏ က‌ဗျာကို ကြိုက်သဖြင့် ဆရာနတ်နွယ်က စုံထောက်မဂ္ဂဇင်းတွင် ရောင်စုံကာလာသရုပ်ဖော်ပုံနှင့် ဝေဝေဆာဆာ ထည့်သွင်းခဲ့ဖူးသည်။ညိုမင်းလွင်ကို ဝင်ဦးဟူ၍ မသိကြသေးမီကဖြစ်၍ က‌ဗျာမှာ က‌ဗျာကောင်းဖြစ်ဖို့ သေချာနေသည်။နောင်မှ ကဗျာသာမက စကားပြေပါရေးမှန်း သိလာရသည်၊ ၁၉၆၀ လောက်မှာ ဝင်းဦးဖြစ်လာသည်၊ ပထမ စာရေးဆရာအဖြစ်၊ နောက် ရုပ်ရှင်မင်းသားအဖြစ် နောက် အဆိုတော်အဖြစ်။

ဆရာနတ်နွယ်က “သူလျှမ်းလျှမ်းတောက်လာသည်၊ အောင်မြင်သော မင်းသား၊ အောင်မြင်သော ဒါရိုက်တာ၊ အောင်မြင်သော အယ်ဒီတာ ဖြစ်လာသည်။သူ၏ စန္ဒာမဂ္ဂဇင်းသည် မြန်မာပုံနှိပ်လောကတွင် အော့ဖ်ဆက်အတတ်ပညာကို ကျယ်ဝန်းဖွံ့ဖြိုးစေခဲ့သည်။သူ၏သီချင်းများကို နားထောင်ရသည်၊ နှစ်သက်သည်၊ သူ၏ရုပ်ရှင်များကို ကြည့်ရသည်၊ နှစ်သက်သည်၊ သူ၏ဝတ္ထုများကို ဖတ်ရသည်၊ ထူးထူးခြားခြား နှစ်သက်ခြင်းမရှိလှပါ။စာရေးတတ်သူတစ်ဦးအဖြစ်သာ သဘောထားခဲ့ပါသည်” ဟု ရေးသည်။

သို့သော် စန္ဒာမဂ္ဂဇင်းတွင် “ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန်” အခန်းဆက် ဆောင်းပါးရှည်ကြီးကို ဖတ်ရသောအခါတွင်ကား သူ၏စာပေကို သတိပြုမိရတော့သည်။သည်ဆောင်းပါးမှာ သူ (ဝင်းဦး) ၏ ဘဝကို တွေ့ရသည်။သူ၏ဒဿနကို တွေ့ရသည်။သူ့ကိုယ်သူ ပြန်လည်သုံးသပ်ထားသည်။လူတွေကို သုံးသပ်ထားသည်။လောကကို သုံးသပ်ထားသည်။သူနှင့် သူ့ချစ်သူအကြောင်း။သူနှင့် သူ့လုပ်ငန်းအကြောင်း။သူနှင့် သူ့မိတ်ဆွေများအကြောင်း ဆင်ခြင်စေ့ငုထားသည်။သည်ဆောင်းပါးမှာ သူ၏အရေးအသားက သွက်နေသည်၊ အချို့နေရာတွင် ယဲ့ယဲ့ကလေး ပြုံးရသည်။အချို့နေရာတွင် အသံထွက်အောင်ပင် ရယ်မောမိရသည်။

ဆရာနတ်နွယ်လို “မြန်မာပြည်မြောက်ပိုင်း” ကဲ့သို့ နာမည်ကျော်ဝတ္ထုရှည်ကြီးကို ရေးသူတယောက်က နှစ်သက်ရသည်ဟု မှတ်ချက်ချဖို့ကမလွယ်၊ သူ့ထက်ငယ်သော စာရေးဆရာတစ်ယောက်၏ စာကို (သို့မဟုတ်) စာရေးဆရာချင်းတူတူ ဖြစ်ပါလျက် ချီးကျူးရန်မှာ အတော်ခဲယဉ်းသည်။

ဝင်းဦးနှင့် ဆရာနတ်နွယ် ပထမဆုံးဆုံသည်မှာ ဆရာမင်းကျော် စာပေဆုရသော ညဖြစ်သည်။ဒုတိယအကြိမ်မှာ ပုဂံမောင်ချော (မောင်ကိုဦး) အသုဘတွင် တွေ့ကြခြင်းဖြစ်ပြီး စာရေးဆရာများ တစ်ပဲခြောက်ပြားတန် ဖဲဝိုင်းဖွဲ့နေစဉ် သန်းခေါင်လောက်မှာ သူ (ဝင်းဦး) ရောက်လာသည်။အရက်နှစ်လုံးပါလာသည်။ဆရာနတ်နွယ် အနောက်တွင် ထိုင်ပြီး ဖဲအပွင့်များကို သူများကြားအောင် ပြောနေသည်။

တတိယအကြိမ် ဆုံတွေ့ခြင်းကား ဆရာနတ်နှင့် လေးငါးယောက် ပန်းဆိုးတန်းကန္နား နန်းသီတာမှ ဘီယာသောက်ပြီးအပြန် ဘားလမ်းသို့အရောက်တွင် ရုတ်တရက်စိတ်ကူးပေါက်ပြီး သူ့ (ဝင်းဦး) အခန်းသို့ တက်သွားခြင်းဖြစ်သည်။အံ့ဩသွားပုံရသည်။ဝမ်းသာသွားပုံရသည်။သရုပ်ဆောင်နေသည်တော့ မဟုတ်တန်ကောင်းပါ။

တဖြည်းဖြည်းနှင့် ဆရာနတ်နွယ်နှင့် ပိုမိုရင်းနှီးလာသည်၊ တနင်္လာ ညနေဝိုင်းမှာလည်း ဆုံတွေ့ဖြစ်လာသည်။တစ်ပတ် တစ်ကြိမ် ဝိုင်းကလေးမှာ ဝင်းဦးအတွက် လိုအပ်သည်ဟု ကျနော် (စာရေးသူ) ထင်သည်။နေ့ခင်းဘက် အပြင်မထွက် ညရောက်မှ သန်းခေါင်သန်းလွဲမှ ထွက်တတ်သော ဝင်းဦးမှာ အမြဲကျေနပ်စရာ ညများ ဖြစ်နိုင်မည်မဟုတ်။ဥပမာ စန္ဒယားလှထွတ်သည် နေ့လယ်က အသံသွင်းရှိ၍ ပင်ပန်းပြီး ညအိပ်နေမည်။ဆရာမင်းကျော် ဆရာ့ဆရာများ မိတ်ဆွေများနှင့်မှန်လာပြီး အိပ်ရာထဲရောက်နေပြီ စသည် စသည်။ဝင်းဦး ဘာမျှမတတ်နိုင်၊ အပျင်းပြေသူ၏ ပြိုင်ကားလေးဖြင့် မြို့တစ်ပတ် ပတ်နေရုံသာရှိတော့သည်။တနင်္လာ ညနေဝိုင်းကလေးသည် ဝင်းဦးအတွက် အင်မတန်လိုအပ်သည်။သူ့ထက် အသက်အားဖြင့် ဝါအားဖြင့်ကြီးသော စာရေးဆရာများကို ဒါနပြုရာလည်းရောက်သည် ထင်ပါသည် (ယမကာဖြင့်)။အဲသလို ယမကာဖြင့် တွဲလိုက်တော့မှ ဝင်းဦးသည် ထွေလီကာလီ အစားသမားဖြစ်ကြောင်း သိရတော့သည်ဟု ဆရာနတ်နွယ်က ပြောသည်။

တစ်နေ့တွင် သူ (ဝင်းဦး) က......

“အတော်ပဲ‌ဗျ ကျနော်ငါးပူတင်းတွေရလာတယ်”

“မြတ်စွာဘုရား” ဘုရားတမိသည်၊ သေဘေးနှင့်နီးသော အစာကို ဘာကြောင့်စားချင်ပါလိမ့်၊ သူတို့အားလုံး မည်သူမျှ ငါးပူတင်း မစားဘူးပါ။

“မသေပါဘူးဗျ ကျနော်အရင်စားပြမယ်၊ ငါးပူတင်းက သည်းခြေပဲ၊ သည်းခြေထုတ်ပစ်လိုက်ရင် ဘာမှမဖြစ်ဘူး” ပြောလည်းပြောသည်၊ စားလည်းပြသည်၊ ဒါကတစ်ခါ။

“ဒီကနေ့တော့ ခင်ဗျားတို့ကို ဖားကင်ကျွေးရမယ်ဗျ၊ ကျနော့်ကို ဒလဘက်က လက်ဆောင်ပေးလိုက်တာ”

ဝင်းဦးတို့ ဝေဠု ဇာတ်ကားရိုက်ရန်အတွက် ဒလဘက်မှာ မြင်းစီးသွားကျင့်ကြသည်ဟု သိထားသည်။ အဲသည်က ရတာဖြစ်သည်။ဝင်းဦးက ဖားသား ကြွက်သား ကြိုက်မှန်းသိ၍ ပေးလိုက်ပုံ။စားပွဲပေါ်က လက်သုတ်ပုဝါအုပ်ထားသော ပန်းကန်ကို မျက်လှည့်ဆရာ အသွင်အပြင်ဖြင့် လှန်လိုက်တော့ - ဘုရားတရပြန်သည်။ဧရာမဖားအကောင်ကြီး၏ မျက်လုံးကြီးနှစ်လုံးက ပြူးပြီးကြည့်နေသည်၊ ယခုပင် ရှေ့ကို တအားခုန်အုပ်တော့မည့် အသွင်။

“အရှင်ကြီးလား”

“ဟုတ်ပါဘူးဗျ အကျက်ပါ၊ ကောက်ရိုးမီးနဲ့ အုံပြီး ကင်ထားတာ”

“အောင်မယ်လေးဗျာ ဒီအကောင်ကြီးတော့ မစားပါရစေနဲ့၊ သူ့မျက်လုံးတွေကို ကြောက်လွန်းလို့ပါ၊ နောက်ပြီးတော့ လက်နဲ့ထိလိုက်ရင် ထခုန်တော့မည့်အတိုင်းပဲ”

“နေဦးဗျ တစ်နေ့ကျရင် ခင်ဗျားတို့ကို ကင်းမလက်မည်း မီးဖုတ်ကျွေးရဦးမယ်”

ဝင်းဦးက ထွေလီကာလီစားရုံမက အားရပါးရလည်း စားတတ်သည်။ဇွန်းခက်ရင်းနှင့် အနောက်တိုင်းဆန်ဆန် စားချင်ပုံလည်းမရ၊ လက်ငါးချောင်းဖြင့် ပယ်ပယ်နယ်နယ် စားလေ့ရှိသည်။ညနေခြောက်နာရီထိုး၍ အမှောင်ပျိုးပြီဆိုလျှင် ဝင်းဦး အခန်းမှထွက်မည် ပြင်ဆင်သည်။အင်္ကျီသစ်သစ် ဘောင်းဘီသစ်သစ် ဝတ်သည်။ခေါင်းကို ထုံးစံအတိုင်း အကျအနဖီးသည်။ပြီးတော့ တစ်ခန်းလုံး ကြိုင်သင်းသွားအောင် သူ့ကိုယ်ကို ရေမွှေးပက်ဖြန်းသည်။

သို့သော် အိမ်တစ်အိမ်သို့ ရောက်ပြီဆိုလျှင် အိမ်ရှင်က သူ့ကို အစားအသောက်ဖြင့် ဧည့်ခံသည်။စားပွဲခင်းလှလှ လက်သုတ်ပုဝါလှလှ ပန်းကန်လှလှကလေးများဖြစ်ကြသည်။ဇွန်းအကြီးအသေး ခက်ရင်းအကြီးအသေး လိုအပ်လျှင် စားပွဲတင်ဓားပါ ပါရှိသည်။သို့သော် သူဘာလုပ်သနည်း။ဇွန်း ခက်ရင်းတွေ အသင့်တပ်ထားသော ပန်းကန်များကို လက်နှင့်နှိုက်သည်။လက်ညှိုး လက်မဖြင့်မဟုတ် လက်ငါးချောင်းစလုံးနှင့်ဖြစ်သည်။တစ်ခါနှိုက်စားလိုက် တစ်ခါလက်သုတ်လိုက်။

ဤနေရာတွင် ပထမတစ်ခါနှစ်ခါလောက်တော့ လက်သုတ်ပုဝါကို သုတ်သေးသည်၊ နောက်တော့ သူ့ဘောင်းဘီကို သုတ်တော့သည်၊ မညှာမတာသုတ်သည်၊ ဟင်းစဟင်းနတွေ လက်ချောင်းရာများအတိုင်း စွန်းထင်းကုန်တော့သည်။ယင်းကြောင့် သူ့ကို အကယ်ဒမီ ကိုညစ်ပတ်ဟု ခေါ်ကြသည်။

ဆရာနတ်နွယ် လက္ခဏာဟောတတ်မှန်း ကျနော်မသိပါ။ဆရာနတ်နွယ်က ဝင်းဦးနှင့် စပ်လျဉ်းပြီး ရေးတော့မှသာ သိရခြင်းဖြစ်သည်။ဆရာနတ်နွယ်က လျှို့ဝှက်တတ်ပါတကား။ကျနော် တစ်နေရာတွင် ဖတ်ရဖူးသည်။စာရေးဆရာကိုလည်းမေ့ စာစောင်ကိုလည်းမေ့ဖြစ်နေပါသည်။ပုဂ္ဂိုလ်တစ်ယောက် လက္ခဏာဟောစားသူမဟုတ်၊ သူကလည်း မဟောချင်။သိ၍မေးချင် သူက တောင်းဆိုမှသာ ဟောပေးသည်။ထိုစဉ်က မဆလခေတ်ထဲမှာ အရာရှိထဲက တစ်သက်မှာ တစ်ခါတော့ ပြည်ပလေ့လာရေးခရီးလွှတ်သည်။ထိုစဉ်က ဆိုရှယ်လစ်အုပ်စုထဲက ယူဂိုဆလားဗီးယားထင်သည် ခပ်မေ့မေ့၊ လက္ခဏာမေးသူက သူသွားရ မသွားရ အတင်းမေးသည်။ပြည်ပသို့သွားရမည်၊ ပြန်ရောက်လျှင် မည်သို့သေမည်ဟုပါ ဟောလိုက်သည်၊ သေပုံကအစ ဒက်ထိမှန်သည်။အက်စီးဒင့် ကားဖြင့် ရထားဖြင့် ရေနစ်သဖြင့် စသည်၊ ၎င်းဆရာက အနိဌာရုံကို ဒက်ထိမှန်တတ်သည်၊ ကြာတော့ ဟောရမှာ ကြောက်လာသည်။

ယခု ဆရာနတ်နွယ်က လက္ခဏာပညာကို ဝါသနာပါသည်၊ လက္ခဏာနှင့်ပတ်သက်သည့် စာအုပ်စာတမ်းအချို့လည်း ဖတ်ဖူးသည် ရေးဖူးသည်။ဒါကြောင့် ကိုဝင်းဦးက ဆရာနတ်ကို မေးလာသည်။ဝင်းဦးအပါအဝင် သူတို့အစု ဟားခါး သင်္ဘောဖြင့် ငပလီသို့သွားစဉ်က တစ်နေ့ နေ့လယ်တွင် သူနှင့် ဆရာနတ် နှစ်ယောက်တည်း ဘန်ဂလို ဝရန်တာတွင် ထိုင်နေကြစဉ် သူက ဆရာနတ်သို့  ညာဘက်လက်ကို ဆန့်တန်း ပေးလိုက်ပြီး ..........

“ကိုနတ်နွယ် ကျနော့်လက္ခဏာကို ကြည့်စမ်းပါ၊ ကျနော်ဘယ်သူ့ကိုမှမပြဘူး၊ ကျနော့်ဆီကို လက္ခဏာဆရာတွေ ခဏခဏလာကြတယ်။ဒါပေမဲ့ ကျနော့်ဘဝကို သူတို့ဟောကိန်းထုတ်မှာ ကျနော်မကြိုက်ဘူး”

ဆရာနတ်နွယ် အံ့ဩရသည်၊ သူ၏လက်နှစ်ဖက်တွင် လက္ခဏာအရေးအကြောင်းတွေ များပြားလှသည်။ပီပြင်ထင်ရှားလှသည်။အချို့သောအရေးအကြောင်းများဆိုလျှင် သာမန်လက္ခဏာစာအုပ်များတွင် မတွေ့ရှိရဖူးချေ။

ထိုအချိန်က ဝင်းဦး အိမ်ထောင်ပြု၊ မပြု၊ နိုင်ငံခြားသွား၊ မသွား သိချင်နေကြသည်၊ ထိုအချက်တွေ တွေ့သည်။သူ့ကိုဟောပြောပြီး ရင်ထဲမှာပဲ ထားလိုက်ရသည်။

(သူသည် နိုင်ငံကျော် မဟုတ်ပါလော။)

လင်းထင်