【 ဆောင်းပါး 】 စာရေးဆရာ ဝင်းဦး၊ မင်းသား ဝင်းဦး (၅)

【 ဆောင်းပါး 】 စာရေးဆရာ ဝင်းဦး၊ မင်းသား ဝင်းဦး (၅)

တကယ်က “မှုန်ရွှေရည်” သည် မင်းသား (ဝင်းဦး) အသားပေးဇာတ်ဖြစ်၍ “ခိုင်မာလာနှင်းဆီ” က မင်းသမီး (ခင်သန်းနု) အသားပေးဇာတ်ဖြစ်ပါသည်။
 
မှုန်ရွှေရည်၏ အောင်မြင်မှုအရှိန်သို့ လိုက်သောဇာတ်ဟု ပြောနိုင်သည်။ဗိုလ်အောင်ဒင်အရှိန်ကြောင့် သား‌ဗိုလ်အောင်ဒင် ပေါ်ထွက်လာခြင်းမျိုးဖြစ်သည်။
 
“ခင်သန်းနု ဇာတ်သိမ်းခန်းကို ရိုက်နေရသည်မှာ အကြိမ်မနည်းတော့။ဤအခန်းကို လေးငါးခါလောက် ပြန်ပြီးရိုက်နေသည်။ထိုအခါ ခင်သန်းနုလည်း အတော်ကြီးပင်ပန်းနေပြီ။ဒါရိုက်တာ ဝင်းဦးက မကြိုက်နိုင်သေး။မင်းသမီး ခင်သန်းနုက ဝင်းဦး ကျောပေးစဉ်ဝယ် မျက်နှာအမူအရာ လက်အမူအရာများ လုပ်ပြ (ပြောင်ပြ) သည်။ယင်းကို မိမိတို့ကမြင်ရသည်။ဒါရိုက်တာ ဝင်းဦးကမမြင်။သို့သော် ဝင်းဦး သိပါသည်။နောက်ဆုံး သူကျေနပ်သော ရိုက်ကွက်ကို ရသောအခါ ကိုဦးသည် ကျနော်တို့ဝိုင်းသို့လျှောက်လာပြီး ဝီစကီတစ်ခွက်ကိုယူကာ မင်းသမီးကို သွားချော့သည်။သည်တော့မှ မင်းသမီးလည်း အမောပြေသွားဟန်ရှိသည်။
 
တော်ရုံ ဒါရိုက်တာတစ်ယောက်ဆိုလျှင် ခင်သန်းနုလို မင်းသမီးတစ်ယောက်ကို ယခုလို လေးငါးခြောက်ကြိမ် ပြန်ရိုက်ဖို့ ဆိုသည်မှာ မလွယ်ပါ။မိမိတို့အဖို့မူ ထိုနေ့က ဝီစကီကောင်းကောင်းသောက်ပြီး အမြည်းကောင်းကောင်းစားကာ ခင်သန်းနု ကသည်ကို သုံးနာရီလောက် ကြည့်ရသဖြင့် ဝင်းဦး၏ မွေးနေ့ကို ဆုမွန်ကောင်းတောင်းနေမိကြသည်။”
 
ထို့နောက် “နောက်မှ မိမိ (ဆရာနတ်နွယ်) သတိပြုမိသည်မှာ ယခု ခင်သန်းနု ကသည့် အခန်းသည် အသက်အရွယ်ကြီးနေပြီဖြစ်သော အမေက ငယ်ရွယ်နုပျိုသော (သမီး) မင်းသမီးနေရာတွင် ဝင်ကရခြင်းဖြစ်သည်။ခင်သန်းနု အမေ သမီး နှစ်ကိုယ်ခွဲဖြစ်သည်။ခင်သန်းနု ကပုံက သွက်လွန်းနေသည်။အမေတစ်ယောက်၏ မောပန်းမှုမျိုး အားထုတ်ပြီး ကရပုံမျိုးမရှိပါ။သို့သော် လေးငါးကြိမ် ထပ်တလဲလဲ .. ကရ .. ရိုက်ရသောအခါတွင်ကား ခင်သန်းနု မောပန်းသွားပြီဖြစ်သဖြင့် သူ၏သရုပ်ဆောင်မှုတွင် အမေ၏စရိုက်များပေါ်လွင်လာတော့သည်။ဇရာကို အားပြိုင်ရသော အမူအရာတို့ ပေါ်လွင်လာတော့သည်၊ ဤကားသူ (ဝင်းဦး) လိုချင်သည့် အကွက်ပင်ဖြစ်သည်။”
 
ဆက်လက်၍ ယင်းတို့ကိုတွေ့မြင်ထားသဖြင့် “ငွေလှိုင်းဇာပေါ်မှာ” ပြီးလျှင် “ခိုင်မာလာနှင်းဆီ” အောင်မြင်မည်ဟု မိမိယူဆမိခြင်းဖြစ်သည်။ကိုဝင်းဦး၏ လက်မှာ အရန်အောင်မြင်မှုကံလမ်းကြောင်းသည် ဤအတွက်ပင်ဖြစ်သည်ဟု မိမိယူဆလိုက်ခြင်းပင်ဖြစ်သည်။
 
ကိုဦးက သူ၏လက်ဝါးပြင်ကို ကြည့်ကာ မေးနေသည်။ဆရာနတ်နွယ်က ဝင်းဦး၏ လက္ခဏာအကြောင်း ပြောနေခြင်းဖြစ်သည်။
 
“ပျောက်သွားတဲ့ လမ်းကြောင်းကရော‌ဗျ၊ အဲဒါဘယ်လိုဖြစ်တာလဲ။”
 
ပျောက်သွားသည့်လမ်းကြောင်းမှာ အရန်အသက်လမ်းကြောင်းဖြစ်သည်။သို့သော် သူ၏ ပင်မအသက်လမ်းကြောင်းသည်လည်း ကံလမ်းကြောင်းနှင့် အောင်မြင်မှုလမ်းကြောင်းများလိုပင် အားကောင်းလှသဖြင့် အရန်အသက်လမ်းကြောင်း ပျောက်သွားခြင်းကို မိမိအလေးမထားတော့ဘဲ .......
 
“အဲဒီလမ်းကြောင်း ပျောက်သွားတာ ဘာမှ အရေးမကြီးပါဘူး” ဟု ဝင်းဦးကို ပြောလိုက်မိပါသည်။
 
“အကယ်၍သာ စာပေအနုပညာရှင်များသည် ကွယ်လွန်မှသော်လည်းကောင်း၊ ကွယ်လွန်သည့် အတွက်သော်လည်းကောင်း (ဈာပနအထိ - ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး၊ ဒွေး) အောင်မြင်ကျော်ကြားတတ်သည့်အဖြစ်ကို ထိုအချိန်က မိမိဆင်ခြင်မိလျှင် ဤမျှပေါ့ပေါ့တန်တန်ပြောမိမည် မဟုတ်ပါချေ၊ (ဆိုလိုသည်မှာ သေသည်အထိ နာမည်ကျော် ကြားသွားသေးသည်) သို့သော် သူသည် မြန်မာစာပေလောကနှင့် အနုပညာနယ်ပယ်တွင် အောင်မြင်ထင်ရှားသူတစ်ဦးအဖြစ်နှင့် တည်ရှိနေမည်ကိုကား ကောင်းစွာမျှော်လင့်တွက်ဆနိုင်ပါသည်။”
 
ဆရာနတ်နွယ်၏ အယ်ဒီတာခန်းလေးမှာ မွှေးရနံ့လှိုင်နေသည်။ဟိုသည်ကြည့်တော့ ပန်းနုရောင် မရင့်တရင့် စာအိတ်ကလေးဖြစ်သည်။ “ခိုင်မာလာနှင်းဆီ” အထူးပွဲအတွက် ရေးမွှေးဖိတ်စာလေးဖြစ်သည်။ခိုင်မာလာနှင်းဆီ ရိုက်ကူးနေစဉ် ဝင်းဦး နာမကျန်းဖြစ်သည်။ဗြိတိန်နိုင်ငံသို့ပင် သွားရောက်၍ ဆေးကုရသည်။ဘယ်သို့မျှ ထင်မှတ်မထားဘဲ ရှစ်လေးလုံးအရေးတော်ပုံ အပြီးလေးမှာပင် ကွယ်လွန်သွားသည်။
 
ခိုင်မာလာနှင်းဆီသည် တစ်ပိုင်းတန်းလန်း ကျန်ရစ်သည်။ဝင်းဦးချစ်သူများက မဖြစ်မနေ အားထုတ်ကြသည်။နောက်ဆုံးခန်း မင်းသမီး ခင်သန်းနု အသက်ကြီးခန်းကို ကြိုတင်ရိုက်ကူးသည်ကပင် နိမိတ်တစ်ခုလို ဖြစ်နေသည်။ဇာတ်ကားရိုက်ကူးရင်း အဓိကသရုပ်ဆောင် ကွယ်လွန်လျှင် ဘာဆက်လုပ်ရမည်မသိ။အရင်းအနှီးတွေအားလုံး ဆုံးရှုံးသွားတတ်သည်။
 
မြို့တော်မောင်ယဉ်အောင်၏ ပြဇာတ် “သဘင်သည်မဝင်ရ” ဇာတ်ကားကို ကောလိပ်ဂျင်နေဝင်းနှင့် ရိုက်ကူးနေစဉ် ကောလိပ်ဂျင်နေဝင်း ကွယ်လွန်သွားသည်။အတန်ကြာ ဘာလုပ်ရမည်မသိ ဖြစ်နေသည်။နောင်မှ မင်းသားစိန်မြင့်နှင့် အစားထိုးရိုက်ကူး၍ ဈာပနသတင်းလေး ထည့်ပေးလိုက်ရာ ဈာပနကြည့်ချင်သူလည်းကြည့်ရ ရုပ်ရှင်လည်းအဆင်ပြေ ဖြစ်သွားသည်။ယခုလည်း ဝင်းဦးချစ်သူတွေ ဝိုင်းဝန်းကြိုးစားကြသည်။
 
အဓိကမှာ ဝင်းဦး၏ဇနီး အိုင်ရင်းတင်လှ ဖြစ်သည်။ဝင်းဦးကိုယ်စား ရန်အောင်က သရုပ်ဆောင်ထားသည်။ကျေနပ်စရာတော့ ဖြစ်သွားပါသည်။ဝင်းဦးအမှတ်တရပွဲတစ်ခုကို တိုက်ဆိုင်မှုတစ်ခုဖြင့် ပျက်ကွက်သွား၍ အိုင်ရင်း စိတ်ဆိုးနေသည်ဟုကြားသည်။စိတ်ဆိုးစရာလည်းဖြစ်သည်။ဝင်းဦးရှိစဉ် ရင်းနှီးစွာပေါင်းသင်းသော နောက်ပိုင်းနှစ်များတွင် သူ (ဒေါ်အိုင်ရင်းတင်လှ) ကလည်း စန္ဒာတိုက်ခန်းတွင် အတူရှိနေခဲ့သည် မဟုတ်ပါလား။တွေ့ဆုံနေကျနေ့များတွင် ယမကာရော အမြည်းပါ စီစဉ်ပေးသူ။မိမိတို့က ရမ်၊ ဘရမ်ဒီလောက် ရပါပြီဆိုသည်ကိုပင် မရ။တန်ဖိုးကြီးသော ဝီစကီစစ်စစ်ရအောင် တရုတ်တန်းမှာ သွားဝယ်ပေးသည်။အမြည်းဆိုလည်း ချိုင့်ကြီး ချိုင့်ငယ်နှင့်။အထူးသဖြင့် မိမိတို့ကြိုက်တတ်သော ဂဏန်းကို လက်မတွေချည်းပြုတ်၍တစ်ဖုံ ကိုယ်လုံးတွေကို ဟင်းချက်၍ တစ်နည်း စီစဉ်ပေးသည်။
 
သို့ဖြင့် ဝင်းဦး မရှိသောအခါ ကိုဝင်းဦးဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ရသော စာပေနှင့်ပတ်သက်သည့်ပွဲ ရုပ်ရှင်နှင့်ပတ်သက်သည့်ပွဲများတွင် လူရင်းများလာသည်ကို မတွေ့သောအခါ ဒေါ်အိုင်ရင်း နှုတ်ခမ်းစူပေမည်။ဝင်းဦး ရှိစဉ်တုန်းကလည်း အထူးပွဲများကို ရုပ်ရှင်မြှင့်တင်ရေးမှာပင် ပြုလုပ်တတ်သည်။ဧည့်သည်များ၍ ခုံမလောက်သောအခါ ဝင်းဦးနှင့် မိမိတို့ ရှေ့ကဖျာကြမ်းတွေပေါ်မှာပင် ထိုင်တတ်သည်။အလိုက်သိသော ဝင်းဦး ရဲဘော်များကလည်း ဖန်ခွက်များ လာချပေးတတ်သည်။ယခုသော် ဝင်းဦးကိုယ်တိုင်နှင့် ဝင်းဦး၏အဖော် စာရေးဆရာ မင်းကျော်နှင့် မောင်နေဝင်း မရှိတော့ပါ။
 
မီးတွေမှိတ်သွားသည် သစ်ခြောက်ပင်ကြီးပေါ်လာသည်၊ ပြီးတော့ ဝင်းဦး၊ ခင်သန်းနု။မှုန်ရွှေရည်ဇာတ် အဆုံးနှင့် ဇာတ်ဝင်ခန်း။ဝင်းဦးကို ‌တွေ့ရှိခြင်းမှာ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး သိန်းဖေမြင့် ရေးလိုက်သော ဆောင်းပါးဖြစ်ပါသည်။သူ၏ ဗိုလ်တထောင်သတင်းစာတွင် “အနီ (၁၉၅၆)” ဟူသော ဆောင်းပါးရှင်က “မောင်တို့ချယ်ရီမြေ” ဇာတ်ကားနှင့် ဇာတ်လိုက်ဝင်းဦးတို့ကို ဝေဖန်လိုက်သောကြောင့် ဝင်းဦးဇာတ်ကားကို ကိုယ်တိုင်သွားကြည့်ပြီး အဆောတလျင်ရေးလိုက်သော ဆောင်းပါးဖြစ်ပါသည်။
 
ဦးသိမ်းဖေမြင့်က (ဗိုလ်တထောင်) မှာ “အနီ” ရေးလိုက်သော ဆောင်းပါး ပါပြီးမှ ဖတ်ရခြင်းအတွက် ရှင်းချက်ထုတ်ရပါသေး၏။အယ်ဒီတာချုပ်လုပ်သူဟာ သတင်းစာထဲမှာပါသမျှအတွက် တာဝန်ယူရပေမယ့် တကယ်တော့ ပုံမနှိပ်ခင် အကုန်ကြိုတင်ဖတ်ခြင်း၊ တည်းဖြတ်ခြင်းပြုတာမဟုတ်ဘူးဗျ။ဒီတော့ အထက်ဖော်ပြပါ ဝေဖန်ရေးဆောင်းပါး ပါလာတော့မှသာ ဖတ်လိုက်မိပါသည် စသဖြင့် အယ်ဒီတာချုပ်ဆိုသော်လည်း ဝင်းဦးဝေဖန်ချက်ဆောင်းပါး ပါမှ သိရပါကြောင်း လေပြေထိုးလိုက်ရပါသေး သည်။
 
ဝင်းဦး၏ “စန်း” သည် နိုင်ငံကျော်သတင်းစာဆရာကြီးကိုပင်မှ မချင့်မရဲဖြစ်အောင် ပြုနိုင်ပါပေသည်။
 
အနုပညာသမားဘဝမှာ “ကံ” ထက် “စန်း” က ပိုအရေးကြီးသည်ဟု ပြောရလိမ့်မည်။ဝင်းဦး၏ စန်းက လွှတ်ကောင်းနေသည်။ဝေဖန်ရှုတ်ချသော ဆောင်းပါးပင်လျှင် ဝင်းဦးဇာတ်ကားအတွက် ကြော်ငြာပေးသလို ဖြစ်သွားရတော့သည်။ “မောင်တို့ချယ်ရီမြေ” ဇာတ်ကားမှာ (၁၉၆၃) ခုနှစ်က ထွက်သည်။လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကထွက်သော ကားဖြစ်၍ ယခင်ခေတ် ဝေဖန်ရေးမှာ ပြင်းထန်နေလိမ့်မည်။ခြံသမားက ဘောင်းဘီရှည်နှင့် ဂစ်တာနှင့် လယ်ထွန်စက်က ပါလိုက်သေးသည်။နှစ်ခြောက်ဆယ် ဝေးကွာပြီးသော ဒီကနေ့မှာတော့ ယခင်ထက် ခေတ်မီလာကြ ကြည့်တတ်လာကြပြီဖြစ်သည်။အခုခေတ်ပြိုင်နဲ့ ကြည့်မည်ဆိုလျင် ဘာမှထူးဆန်းမနေတော့ပါ။ရှေ့လည်း ရောက်မနေတော့ပါ။ဆောင်းပါးရှင် “အနီ” က ဝင်းဦးကားကို အတော်လေးတွယ်ထားပါသည်။
 
ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် ဦးသိန်းဖေမြင့်မှာ အယ်ဒီတာချုပ်ဖြစ်၍ တာဝန်ယူမှုရှိသော်လည်း အချို့ဆောင်းပါးများကို ကြိုတင်မဖတ်နိုင်ပါကြောင်း ဦးစွာစကားပလ္လင်ခံရသည်။ပြီးလျှင် သတင်းစာဥပဒေရေးရာ အတိုင်ပင်ခံနှင့် တိုင်ပင်နှီးနှောရသည်။အတိုင်ပင်ခံက ဝေဖန်ရေးသမား လွန်တယ်ဗျို့ဟု အော်သည်။ခေတ်က ၁၉၆၀ ကျော်၊ လယ်ထွန်စက်က မြင်ဖူးကြရုံ။ဂစ်တာလည်း ခေတ်မစားသေး။သရုပ်ပျက်ဘာညာ မြင်နေကြဆဲ၊ ဦးသိန်းဖေမြင့်သည် ရုပ်ရှင်ကို ကမန်းကတမ်း ပြေးကြည့်ရတော့သည်၊ ခေတ်နှင့်တော့ နည်းနည်းမဆီလျော်။လူပြောများသလောက် ကြည့်လို့တော့ကောင်းသည်။
 
နောင် စက်မှုလယ်ယာဖွံ့ဖြိုးလာလျှင် ဤသို့ (အမေရိကန် အင်္ဂလန်ကဲ့သို့) ဖြစ်လာလိမ့်မည်။ 
 
သို့သော် ဘယ်တော့မှန်း မသိသေး။
 
(ဆက်လက်ဖော်ပြပါမည်။)
 
လင်းထင်