【 ဆောင်းပါး 】 စိတ်ကို အလိုမလိုက်နဲ့

【 ဆောင်းပါး 】  စိတ်ကို အလိုမလိုက်နဲ့

လောကမှာ ရဲရင့်သူနှင့် ကြောက်တတ်သူ၊ စိတ်ကောင်းရှိသူနှင့် စိတ်ယုတ်မာရှိသူ၊ မုဒိတာပွားနိုင်သူနှင့် မနာလိုဝန်တိုသူ၊ တင်းတိမ်ရောင့်ရဲသူနှင့် လောဘကြီးသူ၊ ကြိုးစားသူနှင့် ပျင်းရိသူ၊ အများအကျိုးဆောင်ရွက်သူနှင့် အများဒုက္ခရောက်အောင်ပြုသူဟူ၍ ဆန့်ကျင်ဘက်လူသားတွေရှိသည်။

တချို့ကျတော့ သူတစ်ယောက်တည်းမှာတင် ရဲရင့်စိတ်နှင့် ကြောက်စိတ်၊ ကောင်းစိတ်နှင့် ယုတ်မာစိတ်၊ မုဒိတာစိတ်နှင့် မနာလိုဝန်တိုစိတ်၊ တင်းတိမ်ရောင့်ရဲစိတ်နှင့် လောဘစိတ်၊ ကြိုးစားလိုစိတ်နှင့် ပျင်းရိစိတ်၊ အများအကျိုးဆောင်ရွက်လိုစိတ်နှင့် အများဒုက္ခရောက်လိုစိတ်တို့ အားပြိုင်နေသည်လည်း ရှိတတ်ပြန်သည်။အဓိကခြယ်လှယ်နေသည်ကတော့ လူတို့၏ အတွင်းစိတ်ပင်ဖြစ်သည်။

တချို့က ဘာကိစ္စဖြစ်ဖြစ် အကောင်းဘက်မှ တွေးသည်။တချို့ကျတော့ အဆိုးဘက်မှသာ အမြဲတွေးသည်။တချို့က ဆင်ခြင်စဉ်းစားခြင်းမရှိဘဲ လုပ်ချင်ရာလုပ်သည်။တချို့က ဘာလုပ်လုပ် ဆင်ခြင်စဉ်းစားပြီးမှ လုပ်သည်။

ဘုရားရှင်က ကိုယ်လုပ်ချင်တိုင်း စိတ်ကိုလွှတ်ပြီး တဇွတ်ထိုး မဆုံးဖြတ်သင့်ကြောင်း အလုပ်အကျွေး ရဟန်းဖြစ်သော မေဃိယမထေရ်ကို ဆုံးမတရားဟောခဲ့သည်။

မေဃိယမထေရ်သည် ဘုရားရှင်၏ အလုပ်အကျွေး ရဟန်းတစ်ပါးဖြစ်သည်။တစ်ခါသော် ပါစိနဝံသတောအုပ်အနီးရှိ ဇန္တုရွာသို့ ဘုရားရှင်နှင့်အတူ ဆွမ်းခံကြွတော်မူသည်။ထိုရွာတွင် ဆွမ်းခံ၍ တောအုပ်အတွင်းရှိ ယာယီကျောင်းသင်္ခန်းတွင် ဆွမ်းစားကြသည်။မေဃိယသည် သူတွေ့ခဲ့သော ကိမိကာဠမြစ်ကမ်းပါးရှိ သရက်ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်တွင် တရားအားထုတ်လိုစိတ် ပြင်းစွာ ဖြစ်ပေါ်နေလေသည်။ဆွမ်းစားပြီးသောအခါ မေဃိယမထေရ်သည် ဘုရားရှင်၏ သပိတ်နှင့် သင်္ကန်းတို့ကို ဘုရားရှင်ထံ ပြန်ပေး၍ သရက်ဥယျာဉ်သို့သွားပြီး တရားအားထုတ်မည့်အကြောင်း လျှောက်ထားသည်။

ဘုရားရှင်က မေဃိယ တရားအားထုတ်မှာကို ခွင့်ပြုချင်သော်လည်း သူ၏ဉာဏ်စဉ်သည် တရားသဘောကို နားလည်ရန် လိုနေသေးသည်ကို သိတော်မူသည်။ထို့ကြောင့် ဘုရားရှင်အတွက် အကူအညီ အလုပ်အကျွေး ရဟန်းတစ်ပါးပါးရောက်လာမှ သွားရန် ပြောသည်။သို့သော်လည်း စိတ်အားထက်သန်နေသော မေဃိယကို တားလို့မရပေ။မေဃိယက ဘုရားရှင်သည် တရားကိစ္စပြီးနေပြီဖြစ်၍ ပြဿနာမရှိသော်လည်း တရားကိစ္စမပြီးသေးသော သူ့အတွက် ငဲ့သည့်အနေနှင့် ခွင့်ပြုပေးပါရန် ဇွတ်တိုး တောင်းဆိုနေသည်။နောက်ဆုံးတော့ ဘုရားရှင်က သွားခွင့်ပြုလိုက်ရလေသည်။

မေဃိယမထေရ်သည် တရားရလိုဇောနှင့် ဘုရားရှင်က ခေတ္တစောင့်ဆိုင်းရန်ပြောသည်ကိုပင် နားမထောင်ဘဲ ထွက်လာခဲ့သည်။သရက်ဥယျာဉ်သို့ရောက်သောအခါ အားကြိုးမာန်တက် တရားအားထုတ်လေသည်။မေဃိယ မသိသည်က ထိုသရက်ဥယျာဉ်နေရာ၌ ပြည့်ရှင်မင်းဘဝ ငါးရာတိတိ စံနေခဲ့ဖူးသည်။ထို့ကြောင့် ထိုအချိန်က စံစား ခံစားရတာတွေ အာရုံမှာ မကြာခဏထင်လာခဲ့သည်။ထို့ကြောင့် မေဃိယတစ်ယောက် သမာဓိပင် မရလောက်အောင် စိတ်အနှောင့်အယှက်တွေ ဖြစ်ခဲ့ရသည်။ကာမဂုဏ်နှင့်ပတ်သက်သော ကာမဝိတက်ကို ကြံစည်နေမိသည်။မကျေမနပ်နှင့် ဗျာပါဒဝိတက်တွေ ကြံစည်နေမိသည်။သတ္တဝါတို့အပေါ် မကျေမနပ်နှင့် နှိပ်စက်ညှင်းပန်းသည့် ဝိဟိံသဝိတက်တို့သာ ကြံစည်နေမိသည်။နောက်ဆုံး ဘယ်လိုမှတရားမှတ်၍ မရနိုင်တော့အောင် စိတ်တွေလှုပ်ရှားနေမိသောကြောင့် စိတ်လျှော့ကာ ဘုရားရှင်ထံ ပြန်လာခဲ့သည်။ဘုရားရှင်ကို အကျိုးအကြောင်းရှင်းပြပြီး ဘုရားရှင်၏စကားကို နားမထောင်ခဲ့သည်ကို ခွင့်လွှတ်ရန် တောင်းပန်သည်။

ဘုရားရှင်က စိတ်အလိုလိုက်ပြီး တဇွတ်ထိုးမလုပ်သင့်ကြောင်းပြောပြီး အောက်ဖော်ပြပါ ဒေသနာတရားကို ဟောကြားလိုက်သည်။

“လေးသမားသည် မြားကိုဖြောင့်အောင် ပြုသကဲ့သို့ ပညာရှိသည် တုန်လှုပ်တတ်သော လော်လည်သော စောင့်ထိန်းတားမြစ်ရန်ခက်သော မိမိ၏စိတ်ကိုဖြောင့်အောင် ပြုရာ၏။”

“ရေထဲမှထုတ်ဆောင်ကာ ကုန်းပေါ်၌ပစ်ချထားသော ငါးသည် တဖျတ်ဖျတ်တုန်လှုပ်သကဲ့သို့ ကိလေသာ ကိုယ်တွင်းရန်ကို ပယ်နိုင်ရန် ကာမနယ်မှ ထုတ်ဆောင်ထားသောအခါ စိတ်သည် တဖျတ်ဖျတ် တုန်လှုပ်လေသည်။”

ဒေသနာ၏ အဆုံးတွင် မေဃိယမထေရ်သည် သောတပန်အရိယာ ဖြစ်သွားလေတော့သည်။

တချို့က အထင်တစ်လုံးနှင့် စိတ်ကူးတွေယဉ်တတ်ကြသည်။သူဖြစ်ချင်တာတွေကို လေထဲမှာ တိုက်အိမ်ဆောက်ပြီး စိတ်ကူးတွေယဉ် လက်တွေ့ကျတော့ ဘာလုပ်ရမှန်းမသိ တွေဝေနေတတ်သည်။ဘုရားရှင်က စိတ်ကူးအယဉ်ကောင်းပြီး လက်ရှိရောက်နေသောအခြေအနေကိုပင် မေ့သွားသည့် သံဃရက္ခိတမထေရ်ကို စိတ်အလိုမလိုက်ရန် စိတ်ကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ဆုံးမတရား ဟောတော်မူခဲ့သည်။

သာဝတ္ထိပြည်သားတစ်ယောက်သည် ဘုရားရှင်၏ တရားတော်ကို နာပြီးသည့်နောက် လူ့ဘဝကိုစွန့်ကာ ရဟန်းဝတ်ခဲ့သည်။ဘုရားရှင် ညွှန်ကြားသည့်အတိုင်း တရားအားထုတ်ရာ မကြာမီမှာပင် ရဟန္တာဖြစ်သွားလေသည်။

ရဟန္တာမထေရ်တွင် လူ့ဘဝက နှမတစ်ယောက်ရှိရာ ထိုနှမကမွေးသော သားယောင်္ကျားလေးသည် အရွယ်ရောက်နေလေပြီ။ထို့ကြောင့် ရဟန္တာမထေရ်က သူ့တူလေးကို ရဟန်းဝတ်ပေးလိုက်သည်။တူရဟန်း၏ ဘွဲ့သည် သံဃရက္ခိတမထေရ်ဖြစ်သည်။သံဃရက္ခိတမထေရ်သည် ရွာငယ်တစ်ခုရှိ ကျောင်းတစ်ကျောင်းမှာ ဝါဆိုကာ တရားဘာဝနာများ အားထုတ်သည်။ဝါကျွတ်သောအခါတွင် သင်္ကန်းချုပ်ဝတ်ရန်အတွက် ဒါယိကာဒါယိကာမများ ကန်တော့သော ပိတ်စနှစ်ထည်ရသည်။ထို့ကြောင့် ပိတ်စတစ်စကို သူ့ဦးရီးတော် ရဟန္တာကို ကန်တော့ရန် ဦးရီးတော် သီတင်းသုံးသည့် ကျောင်းသို့သွားသည်။ကျောင်းသို့ရောက်သောအခါ ဦးရီးတော်က ပိတ်စကို လက်မခံပေ။ဦးရီးတော်ကို ယပ်ခတ်ပေးရင်းမှ သူ့အတွက်ပိတ်စရော ဦးရီးတော်ကိုပေးရန်အတွက် ပိတ်စရော နှစ်စလုံး သူယူလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုပိတ်စနှစ်စလုံးကိုယူ၍ သူ လူထွက်သည်။ပိတ်စများကိုရောင်း၍ ဆိတ်ဝယ်မွေးသည်။ဆိတ်လေးတွေပေါက်လာ၍ ရောင်းရင်း စီးပွားဖြစ်လာသည်။မကြာမီ အိမ်ထောင်ပြုလိုက်သည်။သားလေးတစ်ယောက် ရလာသည်။သူ့ဦးရီးကို ကန်တော့ရန် လှည်းယာဉ်မောင်း၍ ထွက်လာသည်။မိန်းမက သားလေးကိုချီထားသည်။သူက လှည်းမောင်းရင်း သားလေးကိုချီရန် မိန်းမဆီကို လက်လှမ်းသည်။မိန်းမက လှမ်းမပေးသဖြင့် သူစိတ်ဆိုးသွားသည်။ထိုစဉ်မှာပင် မိန်းမလက်ထဲက သားလေးပြုတ်ကျပြီး လှည်းအောက်ရောက်သွားသည်။သူလည်း သားလေးကို ဂရုစိုက်မချီသော မိန်းမကို အတော်ဒေါသဖြစ်သွားသည်။ထို့ကြောင့် လက်ထဲမှ နွားရိုက်သည့် နှင်တံနှင့် မိန်းမကို လှမ်းရိုက်လိုက်သည်။သူ့စိတ်ကူးယဉ်ထဲမှာ မိန်းမကို နှင်တံနှင့် ရိုက်လိုက်သော်လည်း တကယ်အပြင်မှာ ဦးရီးတော် ရဟန္တာ၏ ဦးခေါင်းကို ယပ်တောင်နှင့် ရိုက်မိသွားလေသည်။မင်းမိန်းမကို နွားနှင်တံနဲ့ရိုက်တာ သူ့ကိုမထိဘဲ ငါ့လာထိတယ်ကွလို့ ဦးရီးတော် ရဟန္တာက သူ့ကိုပြောသည်။ဦးရီးတော်က သူ့စိတ်ကူးကို သိသွားပြီဆိုပြီး ရှက်ရှက်နှင့် ထွက်ပြေးသည်။အနီးအနားမှာရှိသော ရဟန်းများက ဝိုင်းဝန်းဖမ်းဆီးကာ ဘုရားရှင်ထံ ပို့ပေးသည်။

ဘုရားရှင်က အကျိုးအကြောင်း မေးမြန်းသောအခါ သူကလည်း သူစိတ်ကူးယဉ်ပြီး ဦးရီးတော်၏ခေါင်းကို ယပ်တောင်နှင့်ရိုက်မိသွား၍ ရှက်ကြောက်ပြီး ထွက်ပြေးမိကြောင်း လျှောက်ထားသည်။

ဘုရားရှင်က သံဃရက္ခိတမထေရ်ကို အောက်ဖော်ပြပါ ဒေသနာကို ဟောကြားလိုက်သည်။

“စိတ်သည် ဝေးသောအရပ်သို့လည်း သွားတတ်သော တစ်ခုတည်းသာ ကျက်စားတတ်သော စိတ်တစ်ခုဖြစ်ပြီး နောက်စိတ်တစ်ခုဖြစ်သော အကောင်အထည် ဒြပ်ဝတ္ထု ပုံသဏ္ဍာန်မရှိသော စိတ်သည် ဟဒယဝတ္ထုတည်းဟူသော လိုဏ်ဂူကိုမှီ၍နေသည်။ထိုသို့သဘောရှိသည့်စိတ်ကို နိုင်အောင် ထိန်းသိမ်းထားနိုင်သူတို့သာ မာရ်နတ်မင်း၏ အနှောင်အဖွဲ့ဟူသော ဝဋ်ဆင်းရဲမှ လွတ်မြောက်ရကုန်၏။”

ဒေသနာ အဆုံးတွင် သံဃရက္ခိတမထေရ်သည် သောတာပန်အရိယာ ဖြစ်သွားပါတော့သည်။

လောကတွင် လူအမျိုးမျိုး သတ္တဝါအထွေထွေရှိသော်လည်း သူတို့အားလုံးကို ပဲ့ကိုင်မောင်းနှင်နေသည်က သူတို့၏စိတ်ပင်ဖြစ်သည်။ထို့ကြောင့်လည်း ဘုရားရှင်က စိတ်သည်ထိန်းချုပ်ရန် ခက်ခဲပြီး အလွန်လျင်မြန်၍ ကျရာရောက်ရာ အာရုံများမှာ ပျော်တတ်တွယ်တတ်ကြောင်း ဟောပြောခဲ့လေသည်။

“ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။

စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။”  

“ဒုန္နိဂ္ဂဟဿ နှိပ်နင်းနိုင်ခဲထသော။လဟုနော လျင်မြန်သဖြင့် ဖြစ်ထသော။ ယတ္ထကာမနိပါတိနော အကြင်အလိုရှိတိုင်းသော အာရုံ၌ကျတတ်သော။စိတ္တဿ စိတ်ကို။ဒမထော အရိယမဂ်ဖြင့် ဆုံးမခြင်းသည်။သာဓု ကောင်း၏။ဒန္တံ အရိယမဂ်ဖြင့် ယဉ်ကျေးစေပြီးသော။စိတ္တံ စိတ်သည်။သုခါဝဟံ မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကို ဆောင်တတ်၏။”

ရိုက်မောင်း