【 ဆောင်းပါး 】 စီမံအုပ်ချုပ်သူတွေ ဘာကိုဂရုစိုက်သင့်သလဲ ?

【 ဆောင်းပါး 】 စီမံအုပ်ချုပ်သူတွေ ဘာကိုဂရုစိုက်သင့်သလဲ ?

ကိုဗစ်-၁၉ နောက်ပိုင်းကာလတွေမှာ လူမှုအသိုင်းအဝန်းကြားမှာရော၊ စီးပွားရေးအခြေအနေတွေကြားမှာရော၊ စီးပွားလုပ်ငန်းများရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေကြားမှာရော သိသာတဲ့ပြောင်းလဲမှုတွေများစွာ ဖြစ်ပျက်လျက်ရှိတယ်။

ဒီလို အပြောင်းအလဲ အရွေ့ကြီးတစ်ခုမှာ လက်ရှိအနေအထားကို မရိပ်မိ၊ ရှေ့ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ နဂိုပုံစံမပျက် ဆက်အလုပ်-လုပ်နေမယ်ဆိုရင် မိမိရဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီကို ဆုံးရှုံးမှုလမ်းကြောင်းပေါ် ရောက်အောင် ဆွဲခေါ်နေမိပြီဆိုတာ အသိဝင်ရပါတော့မယ်၊၊

ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စီမံအုပ်ချုပ် လုပ်ဆောင်နိုင်ပါမှ တိုးတက်ရေးလမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်မှာဖြစ်ပါတယ်။

ယခုကာလမှာ ကုမ္ပဏီ/အဖွဲ့အစည်းတိုင်းလိုလိုရဲ့ စီးပွားရေးအခြေအနေဟာ နိမ့်လျော့တဲ့ဘက်ကို ယိမ်းယိုင်ကျဆင်းနေမှာ သေချာသလောက်ရှိပါတယ်။မိမိအနေအထားကနေ လျော့ကျမသွားရအောင် ကြိုးစား ကျားကန် တောင့်ခံနေရမယ့် ကာလလည်းဖြစ်ပါတယ်။စိန်ခေါ်မှုအများအပြားက ဝန်းပတ်ရံပြီး စီမံအုပ်ချုပ်သူ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ စက္ကန့်မလပ် မျက်စေ့ဖွင့်၊နားစွင့်ထားပြီး ဖြစ်လာသမျှ စိန်ခေါ်မှုတွေကို ချက်ခြင်း မှန်မှန်ကန်ကန် တုံ့ပြန်လုပ်ဆောင်နိုင်ပါမှ တော်ကာကျမယ့် ကာလဖြစ်ပါတယ်။

အုပ်ချုပ်ရေး စကားတစ်ရပ်အနေနဲ့ မီးသတ်အဖွဲ့ စီမံအုပ်ချုပ်မှုပုံစံ (Fire Fighting Management Style) ကို ကျင့်သုံးနေရတယ်ပဲ ဆိုကြပါစို့။ဒီအနေအထားမှာပဲ နစ်မျောမနေဘဲ တစ်ဖက်ကလည်း ဒီအခြေအနေကို ကျော်လွှားအောင်မြင်နိုင်ဖို့ လိုအပ်မယ့် အစီအမံ (Plan) တွေကိုလည်း ဉာဏ်ရှိသလောက် ညှစ်ထုတ်ပြင်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်။

အခုလိုအခြေအနေမှာ စီမံအုပ်ချုပ်သူတွေရဲ့ အနေအထားက လှိုင်းလေထန်တဲ့ကြားမှာ မိမိသင်္ဘောကို တည့်မတ်ပြီး လမ်းကြောင်းပေါ်က အများကြီးလွဲသွေမသွားအောင် တက်ကိုင်နေရတာနဲ့ သဏ္ဍာန်တူမယ်လို့ မြင်ကြည့်လို့ရပါတယ်။အဓိကအာရုံစိုက်ထားရမှာတွေကတော့ ဖြစ်လာတဲ့ အခြေအနေအလိုက် ပြောင်းလွယ်ပြင်လွယ် လှည့်ပြောင်း လုပ်ဆောင်နိုင်မယ့် သဘောထားအမြင်နဲ့ ဖြစ်လာတာနဲ့ ဘယ်လိုအရေးယူ တုံ့ပြန်ဆောင်ရွက်မယ်ဆိုတာကို ချက်ခြင်းဆုံးဖြတ် လုပ်ဆောင်နိုင်မယ့် အတွေးအမြင် ဗဟုသုတကြွယ်ဝမှုတို့အပြင် မတော်တဆလဲကျခဲ့သော် အမြန်ဆုံးပြန်ထူ ပြန်ထပြီး အလျင်မီအောင် ပြန်လုပ်ဆောင်နိုင်မယ့် အစီအမံ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

ပြင်းထန်တဲ့ ပြိုင်ဖက်နဲ့ စည်းဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်နေတဲ့ လက်ဝှေ့ပွဲနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါမယ်။မိမိကို ချက်ကောင်းမထိအောင် ရှောင်ရှားတာနဲ့ တစ်ပြိုင်နက်တည်း လက်သီး၊ လက်ဝါး၊ ဒူး၊ တံတောင်၊ ခေါင်း မိရာနဲ့ တန်ပြန်တိုက်ခိုက်ရမှာဖြစ်သလို မိမိအပေါ် ထိချက်ပြင်းလို့ လဲကျသွားခဲ့ရင်လည်း ချက်ခြင်းပြန်ထပြီး ပြန်လည်တိုက်ခိုက်ဖို့ အားမြန်မြန် ပြန်ပြည့်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဆိုတော့ အခုကာလမှာ အခြေမပျက် ဆက်လက်ရပ်တည် ရှင်သန်နေနိုင်အောင် ဘာတွေပြင်ဆင်၊ လုပ်ဆောင်သင့်တယ်ဆိုတာကို ကြည့်လိုက်ကြ ရအောင်။

           အသုံးစရိတ်ကို လျှော့ချဖို့ လိုမလား စိစစ်သုံးသပ်ရမယ်

အဖိုးနည်း ဝန်ပါဆိုသလို မိမိသုံးစွဲလိုက်တဲ့ အသုံးစရိတ်အပေါ်မှာ ထိရောက်တဲ့ အကျိုးရလဒ်ဖြစ်အောင် (Cost Effective ဖြစ်အောင်) သုံးစွဲရပါမယ်။ဒါကြောင့်မို့လို့ မိမိလုပ်ငန်းကို အရှိန်မပျက်စေဘဲ၊ လုပ်ငန်းအရည်အသွေးကို မထိခိုက်စေဘဲ၊ အသုံးစရိတ်တွေကို ဘယ်လို၊ ဘယ်နေရာတွေမှာ လျှော့ချနိုင်မလဲ ယိုပေါက် ရှိ၊ မရှိ ရှာပါ၊ မိမိရဲ့လုပ်ငန်းအစီအစဉ် (Process) တွေကို ပြန်စီစစ်ပါ၊ မလိုအပ်ဘဲ အကုန်အကျရှိနေမယ့် လုပ်ငန်းအဆင့်တွေ ရှိနေလား၊ ဖြုတ်/လျှော့ပစ်ဖို့ လိုမလား ကြည့်ပါ။မိမိအင်အားအရင်းအမြစ်တွေကို နေရာပြောင်း အသုံးချရင် ပိုထိရောက်အောင် လုပ်နိုင်မလား စိစစ်ပါ။ကုန်ကြမ်းဝယ်၊ ကုန်ချောရောင်း ငွေပေး၊ ငွေယူ အရောင်းအဝယ်စာချုပ်တွေကို ပြန်စိစစ်ပြီး ဟာကွက်/ယိုပေါက်ရှိနေလား စိစစ်ပါ။လိုအပ်တာမှန်သမျှကို ပြုပြင်ပါ။

           ငွေဝင်/ထွက် (ငွေလည်ပတ်မှု) နှုန်း ကောင်းအောင် လုပ်ပါ

အခုလိုအချိန်မှာ အရှုံးကြမ်းနိုင်တယ် ဒါမှမဟုတ် ဆက်တိုက်ရှုံးနေတာကို တောင့်ခံနိုင်ဖို့အတွက် ငွေရင်းလည်ပတ်မှုကောင်းအောင် လုပ်ထားဖို့ လိုသလို၊ အရန်ငွေ ဆောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ဒီအတွက် အကြွေးနဲ့ ရောင်းထားတဲ့ ကုန်ကြွေးတွေကို ပိုမြန်မြန်ရအောင် ကြံဆောင်ပါ။မိမိဖက်က ပေးရန်ရှိသည်များကို ပေးဆောင်ရာမှာ တတ်နိုင်သမျှ အချိန်ဆွဲထားနိုင်အောင် ဆွေးနွေးညှိနှိုင်းပါ။ပိုနည်းတဲ့ အတိုးနဲ့ ငွေချေးပေးနိုင်မယ့် ရှယ်ယာရှင်များ၊ ငွေထပ်မံထည့်သွင်းနိုင်မယ့် ရှယ်ယာရှင်များကို ကြိုတင်ရှာဖွေ ဆက်သွယ်ထားပါ။

           လက်ရှိဖောက်သည်များကို မြဲနေအောင် စည်းရုံးသိမ်းသွင်းထားပါ

ယခုလိုကာလမှာ ဖောက်သည်အသစ်ရှာတာထက် လက်ရှိဖောက်သည်တွေကို စည်းရုံးထားတာက ကုန်ကျစရိတ်နည်းတဲ့အပြင်၊ မိမိငွေလည်နှုန်း (Turnover Rate) နဲ့ ရောင်းအား (Sales Revenue) ကို ထိန်းထားပေးနိုင်မှာက လက်ရှိဖောက်သည်တွေပဲဖြစ်ပါတယ်။ဒါကြောင့် သူတို့ရဲ့ လတ်တလောပြောင်းလဲလာတဲ့ လိုအပ်ချက် လိုလားချက် (Needs and Wants) တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ဆောင်ရင်း သူတို့ရဲ့ စိတ်ကျေနပ်မှု (Satisfaction) ပိုရအောင် လုပ်ပေးခြင်းဟာ ခဲတစ်လုံးနဲ့ စာနှစ်ကောင် ပစ်နိုင်တယ်ဆိုသလို မိမိအရောင်းနဲ့ ဖောက်သည် မပျက်အောင် ထိန်းထားနိုင်ပြီး မိမိဖောက်သည် သူများနောက် ပါမသွားအောင်လည်း ထိန်းထားနိုင်စေပါမယ်။

နောက်ထပ်အရေးအကြီးဆုံးတစ်ခုက မိမိရဲ့ ဝန်ထမ်းအင်အားစုကြီး စိတ်ဓာတ်မကျဘဲ စိတ်ဓာတ်တက်ကြွနေစေအောင် စီစဉ်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အခုလိုကာလမှာ ဝန်ထမ်းတွေ ရုံးလာစရာမလိုဘဲ ဖောက်သည်ဆီ တိုက်ရိုက်ဆက်သွယ်ပြီး အရောင်းဖော်ဆောင်တာမျိုးလို၊ အိမ်ကနေ အလုပ်-လုပ်ရတဲ့ (Work From Home) အချိန်တွေ အများကြီးရှိလာနိုင်တာမို့ ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်သွယ်မှုနည်းလာပြီး သူတို့စိတ်ဓာတ်ပျက်ပြား ထိခိုက်စေလာနိုင်ပါတယ်။ကိုဗစ်လိုကာလမျိုးမှာ ဝန်ထမ်းတွေကိုယ်တိုင် ထိခိုက်နစ်နာသူတွေဖြစ်နိုင်သလို၊ သူတို့ရဲ့ မိသားစုဝင်တွေထဲမှာ ဆုံးရှုံးတိမ်းပါးသွားသူတွေလည်းရှိနိုင်တာမို့ သူတို့ရဲ့စိတ်ဓာတ်တွေဟာ အနည်းနဲ့ အများ ထိခိုက်ပြီး တည်ငြိမ်ပျော်ရွှင် တက်ကြွမှုတွေ ကျဆင်းနေနိုင်ပါတယ်။ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အဖိုးတန်ဆုံး အရင်းအမြစ်ဖြစ်တဲ့ သူတို့ကို သေသေချာချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ယခုလို ကုမ္ပဏီအဖွဲ့အစည်းက မိသားစုရဲ့ နွေးထွေးမှုနဲ့ သူတို့နဲ့အတူ ရပ်တည်ပေး၊ ပံ့ပိုးပေးတာဟာ နောင်တစ်ချိန်မှာ ကာလရှည်ကြာ စည်းလုံးညီညွတ်မှုနဲ့ သစ္စာစောင့်သိ လက်တွဲမှုကိုလည်း ရရှိထားနိုင်မှာဖြစ်ပါတယ်။

မကြာခဏ အွန်လိုင်းအစည်းအဝေးတွေ လုပ်ပေးတာမျိုး၊ အွန်လိုင်းအစည်းအဝေးတွေမှာ အထက်လူကြီးတွေက စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေ ပြောပေးတာမျိုး၊ အနီးကပ်အုပ်ချုပ်သူ ခေါင်းဆောင်တွေကနေ ဂရုတစိုက် ဖုန်းဆက် စကားပြောပေး၊ လူမှုရေးမေးမြန်းပြီး လိုအပ်ရင် ကုမ္ပဏီကို တင်ပြထောက်ပံ့ ကူညီပေးတာမျိုးတွေက သိပ်ထိရောက်ပါတယ်။

အခါအားလျော်စွာ အခြေခံစားကုန်၊ ဆေးဝါးတွေ ပေးပို့ ပံ့ပိုးပေးတာကလည်း မိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ဂရုစိုက်မှုကို ပြသပေးနိုင်တာမို့လို့ ကုမ္ပဏီ/အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကြားမှာ ပိုမိုခိုင်မာတဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားရာ ရောက်ပါတယ်။

ဝန်ထမ်းတွေ စိတ်ဓာတ်မပျက်ပြားစေဖို့ နဲ့ ကြံ့ခိုင်နေစေဖို့အတွက် အွန်လိုင်းနည်းပြတွေနဲ့ Zoom ကနေ Yoga training programme လေးတွေ စနေ၊ တနင်္ဂနွေ မနက်တိုင်း လုပ်ပေးတာကလည်း ဒီလိုအချိန်မျိုးမှာ သိပ်ကိုကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။

           ဝန်ထမ်းတွေရဲ့ တီထွင်ဖန်တီးမှုကို အားပေးအားမြှောက်ပြုပါ

အခုလိုအချိန်အခါမှာ သမားရိုးကျ ရောင်းဝယ်ဖောက်ကားမှုပုံစံနဲ့ ဈေးကွက်ထိုးဖောက်မှု ပုံစံတွေအတိုင်း ဆောင်ရွက်ဖို့က သိပ်မလျော်ညီလှသလို အကန့်အသတ်တွေလည်း များနေနိုင်ပါတယ်။ဒါကြောင့်မို့ ဝန်ထမ်းတွေက ယခင်ထက် အားနေချိန်မှာ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးပြီး အသစ်အဆန်းလေးတွေ စိတ်ကူးတင်ပြပေးဖို့ သူတို့ကို အားပေးအားမြှောက်ပြုပေးတာက ကုမ္ပဏီအဖွဲ့အစည်းအတွက်ရော ဝန်ထမ်းတစ်ဦးချင်းစီအတွက်ရော အကျိုးရှိစေတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။သူတို့ကိုယ်တိုင် စဉ်းစားကြံစည်ဖို့ မလွယ်ကူနိုင်ရင်တောင်မှ အင်တာနက်ထဲကနေရှာဖွေ နည်းနာယူဖို့ အားပေးအားမြှောက် လုပ်သင့်ပါတယ်။

နောက်တစ်နည်းကတော့ Soft Skill လို့ ခေါ်တဲ့ ဉာဏအားကောင်းလာအောင် ပျိုးထောင်ပေးမယ့်၊ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေနိုင်မယ့်  ဒီပလိုမာသင်တန်းတွေကို (အောင်လက်မှတ် ရရ၊ မရရ) အွန်လိုင်းကနေ တက်ရောက်သင်ယူစေဖို့ အားပေးသင့်ပါတယ်။ကုမ္ပဏီရဲ့ အပြည့်အဝပံ့ပိုးမှု ဒါမှမဟုတ် ဝန်ထမ်းနဲ့ တစ်ယောက် တစ်ဝက် ကျခံစေပြီး ဆောင်ရွက်နိုင်ပါတယ်။

အခုလို မတည်မငြိမ် မရေမရာရှိတဲ့ အခြေအနေမှာ နောက်ထပ် အရေးအကြီးဆုံး မဖြစ်မနေ ဆောင်ရွက်သင့်တဲ့ ကိစ္စတစ်ခုကတော့ ရည်မှန်းချက်အတူတူ လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလုံးမှာ ပါဝင်ကြတဲ့ Stake Holders အားလုံးကို အချိန်နဲ့တစ်ပြေးညီ ပွင့်လင်းမြင်သာပြီး ရှင်းလင်း ရိုးသားတဲ့ သတင်းတွေကို ဖြန့်ဝေပေးပို့ခြင်းပါပဲ။မျက်မြင်လာရောက်ကြည့်ရှုဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးမှာ လူတွေက သို့လော သို့လော စဉ်းစားထင်မြင်ကြမယ်၊ သူများပြောသမျှ အခြေအမြစ်ရှိရှိ, မရှိရှိ ယုံလွယ်ကြမယ်၊ စိုးရိမ်ကြောင့်ကျစိတ်များကြမယ်ဆိုတာ သဘာဝပါပဲ။

ဝန်ထမ်းတွေအနေနဲ့ကလည်း ငါ့ကုမ္ပဏီများ ဖျက်သိမ်းသွားမလား၊ စီးပွားများ ပျက်သွားမလား၊ ငါ့အလုပ်က မြဲပါ့မလား၊ ဝန်ထမ်းတွေလျှော့လိုက်ရရင် ငါများပါသွားမလား စသဖြင့် တွေးတောပူပန်ကြမှာပါပဲ၊ ရှယ်ယာရှင်တွေအနေနဲ့လည်း ငါထည့်ဝင်ထားတဲ့ အရင်းအနှီးတွေ ဆုံးရှုံးသွားမလား၊ ပုံမှန်ရနေကျ အမြတ်ဝေစုလေးတွေ ရပါဦးတော့မလား စသဖြင့် စိုးရိမ်ကြမှာဖြစ်ပါတယ်။ဒီလိုပဲ ကုန်ကြမ်းပစ္စည်း တင်သွင်းသူတွေကလည်း ကုမ္ပဏီက ပစ္စည်းမှာရင် ငါအရင်လို တင်သွင်းနိုင်ပါတော့မလား၊ ငါ့ဆီက မမှာတော့ဘဲ နေမလား၊ စသဖြင့် စိတ်မအေးရပဲ ရှိနိုင်ပါတယ်။

ဒါကြောင့်မို့ ရှေ့ကဦးဆောင်လှုပ်ရှား ဆောင်ရွက်နေရတဲ့ အဖွဲ့တွေအနေနဲ့ ကြုံလာသမျှ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ အဲဒါတွေကို ဘယ်လိုဖြေရှင်းဆောင်ရွက်ထားတယ်၊ နောင်အလားတူ ပြဿနာကြုံလာရင် ဖြေရှင်းဖို့အတွက် ဘယ်လိုပြင်ဆင်ထားတယ်၊ ဒါမှမဟုတ် အလားတူပြဿနာ မပေါ်ပေါက်အောင် ဘယ်လိုအစီအမံတွေ လုပ်ထားတယ် စသဖြင့် အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပြီး မိမိအဖွဲ့အစည်းဝင်တွေ စိုးရိမ်မှုကင်းအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ခြင်းဖြင့် တစ်ဖက်နဲ့ တစ်ဖက် စိတ်ချယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုကို ခိုင်မြဲအောင် တည်ဆောက်ထားနိုင်မှာ ဖြစ်ပါတယ်။ဒါထက် မျှော်လင့်နိုင်တာက သူတို့ဆီက ပိုကောင်းတဲ့ အကြံဉာဏ်တွေ ရလာနိုင်သလို၊ ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှုတွေကိုလည်း လိုအပ်ရင် လိုအပ်တဲ့အလျောက် ရလာနိုင်ပါတယ်။

အဖက်ဖက်က ပြောင်းလဲမှု၊ မတည်ငြိမ်မှုတွေ ပြင်းထန်နေချိန်မှာ မိမိကုမ္ပဏီ/အဖွဲ့အစည်းရဲ့ လုပ်ငန်းအရှိန်မပျက်လည်ပတ်ဖို့၊ မကျရှုံးဖို့နဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံဖြေရှင်း ကျော်လွှားနိုင်စေဖို့အတွက် အထက်က တင်ပြထားတဲ့ နည်းလမ်းတွေကို သတိနဲ့စောင့်ကြည့် ကျင့်သုံးခြင်းဖြင့် အထိမနာသော၊ ထိခိုက်မိရင်လည်း အပြီးလဲကျမသွားဘဲ ခဏနဲ့ ပြန်ထ ပြန်ထူထောင်ပြီး လမ်းကြောင်းပေါ်မှာ ဆက်လက်ချီတက် အောင်ပွဲခံနိုင်သော စီးပွားလုပ်ငန်းများ လုပ်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် .....

သက်ထွန်း (သျှမ်း)