【 ဆောင်းပါး 】 စီးကရက် လက်ကြားကမချတဲ့ ကြောက်မက်ဖွယ် ရက်စွဲတွေ

【 ဆောင်းပါး 】 စီးကရက် လက်ကြားကမချတဲ့ ကြောက်မက်ဖွယ် ရက်စွဲတွေ

၁၉၉၈ ခုနှစ်မှာ ကျနော် ဂျီတီအိုင်ကျောင်းပြီးတော့ အစိုးရအလုပ်တွေ ဘာတွေလည်း မလုပ်ချင်သူမို့ ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာ အင်ဂျင်နီယာလိုလို တောင်လိုမြောက်လိုလိုနဲ့ ဘဝကိုအထိုင်ချဖို့ ကြိုးစားခဲ့ဖူးတယ်။

ကျောင်းပြီးခါစ မိသားစုစီးပွားရေးက အဆင်မပြေ။မိသားစု ၅ ယောက်ရှိ၊ ၅ နေရာ တကွဲတပြား။ရန်ကုန်အိမ်ဌားထားတာ စာချုပ်မပြည့်သေးလို့ ရန်ကုန်မှာ တာဝန်ပြန်ကျတဲ့ အဖေက သု့အစ်မအိမ်မှာနေ၊ ကျနော်က ဦးကြီး လူပျိုကြီးတစ်ဦးရဲ့ ဒဂုံမြောက်အိမ်မှာ သွားနေ။ကင်ဆာကျွမ်းနေပြီဖြစ်တဲ့ အမေက သထုံအိမ်မှာ တစ်ယောက်တည်း။ညီက နိုင်ငံခြားသင်္ဘောပေါ်မှာ၊ ညီမက မော်လမြိုင်တက္ကသိုလ် သွားတက်။ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာရပ်နိုင်အောင် ချွေးပြိုက်ပြိုက်ကျနေတဲ့ကာလ။

အဲဒီလိုကျဉ်းထဲကျပ်ထဲကာလမှာ ဂျီတီအိုင်ကျောင်းပြီးတော့ စိတ်အေးလက်အေးနဲ့ ပြင်ပသင်တန်းတွေတက်ပြီး ပညာရပ်ပိုင်းဆိုင်ရာ မွမ်းမံတာမျိုးတွေ ဘယ်လုပ်နိုင်ပါ့မလဲ။ဘာသာရပ်ပိုင်းဆိုင်ရာ သင်တန်းမျိုးတွေတက်ချင်တယ်။အင်ဂျင်နီယာပညာရပ်ထဲက အဲကွန်းလိုမျိုး၊ ဝါယာရိန်းလိုမျိုး တစ်ခုခုကို အထူးပြုသင်တန်း တက်ချင်တယ်၊ မတက်နိုင်။ဘဝပေးက အလုပ်အကိုင်တစ်ခုခုရရှိရေးသည် နံပါတ်တစ်။ဘာပဲဖြစ်ဖြစ် ဂျီတီအိုင်အလုပ်က တခြားဘွဲ့ရတွေထက် အလုပ်ရလွယ်တယ်ဆိုပေမယ့် ၃၊ ၄ လလောက်တော့ ခြေတိုအောင်အထိ အလုပ်လာရှာရ၊ ရမှရတော့လည်း အလွယ်တကူပါပဲ။ဘယ်လောက်ထိ လွယ်သလဲဆိုတော့ အင်တာဗျူးတွေ ဘာတွေတောင် မရှိဘူး။စက်ရုံမန်နေဂျာနဲ့ တစ်ချက်တွေ့၊ ဂျီတီအိုင်လက်မှတ် ထုတ်ပြ။အဲဒီစက်ရုံမှာက လစာမရှိ၊ နေ့စား အပတ်ရှင်းတွေချည်း။မနက်နဲ့ ည ၂ နပ် ထမင်းပေးပြီး ဟင်းမပေး။ကတ်ထူပုံးထုတ်တဲ့စက်ရုံ။အဲဒီစက်ရုံမှာ ကျနော်တို့လို တစ်လုံးမှမတတ်တဲ့ ဂျီတီအိုင်ဆင်းတွေ လာထား။အလုပ်ခန့်လိုက်တာနဲ့ ဆူပါဗိုက်ဆာလို့ဆိုတဲ့ အလုပ်ကြပ်ရာထူး တန်းပေးတော့တာ။

ဘာလို့ အလုပ်ရတာလွယ်တာလဲဆိုတော့ အဲဒီစက်ရုံမှာက ဂျီတီအိုင်တွေလည်း မမြဲ။အလုပ်သမားတွေဆို နေ့စဉ်အလုပ်ထွက်တဲ့သူရှိနေတာကြောင့် စက်ရုံရှေ့မှာ အမြဲတစေ အလုပ်သမားအလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့အထိ ဗရမ်းဗတာ စက်ရုံအမျိုးအစား။

အလုပ်မမြဲတာလည်းမပြောနဲ့။အလုပ်ချိန်က ကြောက်မက်ဖွယ် တစ်နေ့ ၁၂ နာရီ၊ အလုပ်ပိတ်ရက်မရှိ။ရတဲ့ လစာက မဖြစ်စလောက်မို့ ၆ လအကြာမှာ အဲဒီအလုပ်ထိ လစာပိုကောင်းပြီး တစ်ပတ် တစ်ရက် အလုပ်ပိတ်ရက်လည်းရှိတဲ့  ကော်ဖီမစ်စက်ရုံတစ်ခုမှာ ကော်ဖီမစ်ပါကင်ထုပ်ပိုးတဲ့ စက်မောင်းအလုပ်သို့ပြောင်း။အဲဒီမှာ ၂ နှစ်လောက်ကြာပြီနောက် လစာကောင်းတဲ့ စီးကရက်စက်ရုံတစ်ရုံမှာ ကယောင်ကတမ်း အင်ဂျင်နီယာ။ဘယ်လောက်ထိအောင် ကယောင်ကတမ်းနိုင်သလဲဆိုတော့ ဝါယာကြိုးထဲမှာ အနီကြိုးကဘာ၊ အနက်ကြိုးကဘာဆိုတဲ့ အခြေခံအသိလေးတောင်မရှိဘဲ လျှပ်စစ်အင်ဂျင်နီယာဆိုပြီး ခပ်တည်တည် ရောက်ရှိသွားလေခြင်း။

ကျနော်ပြောချင်တာက အင်ဂျင်နီယာအလုပ်အကြောင်း မဟုတ်။စီးကရက်စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကြာ စီးကရက်ကို လက်ကြားကမချသောက်ခဲ့တဲ့ ကြောက်မယ်ဖွယ် နေ့ရက်တွေအကြောင်း။

အဲဒီစီးကရက်စက်ရုံက အင်ဂျင်နီယာဌာနဆိုတာ အင်မတန်အနေအစားချောင်တဲ့ဌာန။စက်ရုံတစ်ရုံလုံးက လျှပ်စစ်ပိုင်းဆိုင်ရာ၊ စက်ရုံတွင်း စီးကရက်လိပ်တဲ့စက်နဲ့ စီးကရက်ပါကင်ထုပ်ပိုးစက်တွေရဲ့ လျှပ်စစ်နဲ့ဆိုင်တာတွေ တာဝန်ယူထားရပေမယ့် လျှပ်စစ်ဆိုတာက အမြဲတော့ဘယ်ပျက်မလဲ။အဓိက ကတော့ စီးကရက်စက်။အဲဒီစက်တွေမပျက်မချင်း အေးရာအေးကြောင်း။

အော်ပရေးရှင်းခန်းထဲက ဝန်ထမ်းတွေကတော့ ထမင်းစားချိန်ကလွဲပြီး လုံးဝထိုင်လို့မရအောင်ကို အလုပ်နဲ့လက်နဲ့မပြတ်။စက်ရုံတစ်ရုံလုံးက စီစီတီဗီကင်မရာအပြည့်။အော်ပရေးရှင်းခန်းကနေ ထမင်းစားနားတဲ့အချိန်နဲ့ အလုပ်ဆင်းချိန် ဝန်ထမ်းတွေ အပြင်ထွက်လာပြီဆို စီးကရက်တွေ သယ်လာမှာစိုးလို့ အဝင်အထွက် တံခါးပေါက်မှာ လုံခြုံရေးဝန်ထမ်းတွေက သေချာစစ်လေ့ရှိတယ်။

ကျနော်တို့အင်ဂျင်နီယာဌာနက လူတွေကျ အချိန်မရွေး အော်ပရေးရှင်းခန်းထဲ ဝင်လိုက်ပြန်ထွက်လိုက်နဲ့ ကျနော်တို့ဝင်တိုင်းထွက်တိုင်း ဘယ်သူကမှ လိုက်မစစ်နိုင်။ဒါ့ကြောင့် အော်ပရေးရှင်းခန်းထဲကနေ နားလည်မှုနဲ့ တစ်နေ့ကို ဆေးလိပ် ၂ ဗူး၊ ၃ ဗူးလောက် ကိုယ်သောက်ဖို့ယူတာလောက်တော့ အေးဆေး။တစ်ခါတလေ စီးကရက်ဗူးလိုက်ယူဖို့ အဆင်မပြေရင် စီးကရက်အလိပ်လိုက် တကျုံးနှိုက်ကာ တူးဘောက်ထဲထည့်ပြီး ယူလာ။ကိုယ့်အင်ဂျင်နီယာအခန်းထဲရောက်မှပဲ စီးကရက်ဗူးအလွတ်ရှာပြီး ဗူးထဲပြန်ထည့်။လုံခြုံရေးဝန်ထမ်းတွေကိုယ်၌ကလည်း ဆေးလိပ်သောက်ချင်ရင် ကျနော်တို့အခန်းထဲ လာသောက်နေကျမို့ အချင်းချင်းနားလည်မှုရှိပြီးသား အိုကေ။ပြောရရင် ကိုယ်နေ့စဉ်သောက်ဖို့ ဆေးလိပ် ၂ ဗူး၊ ၃ ဗူး ယူတာလောက်က ဘာပြဿနာမှမရှိ။

တစ်နေ့ကို စီးကရက် ၂ ဗူး၊ ၃ ဗူးတောင် ကုန်တာလားဆိုတော့ တကယ်ကိုကုန်တာ။စီးကရက်ကျွမ်းကျင်သူတစ်ဦးက စီးကရက်ဆိုတာ ဖင်အစီခံနားနီးလေ ရောဂါပိုရလေမို့ စီးကရက်တစ်လိပ်ကို တစ်ဝက်ကျော်ထက် ပိုမသောက်သင့်ဘူးလို့ဆိုသကိုး။အဲဒီအဆို ဘယ်လောက်ထိ မှန်၊ မမှန် မသိပေမဲ့ ကျနော်တို့က အလကားရတဲ့ စီးကရက် သိပ်ပေါနေတာမို့ အမှန်တကယ်လိုက်နာကြ။စီးကရက်မီးညှိပြီးနောက် တစ်ဝက်ကျော်ပြီဆို နှမြောခြင်းမရှိ လွှင့်ပစ်လိုက်တာချည်း။ဒါကြောင့် အလိပ် ၂၀ ပါတဲ့ စီးကရက်တစ်ဗူးကို ကျနော်က ၁၀ လိပ်ပဲသောက်တဲ့ သဘော။ပြီးတော့ သူငယ်ချင်းတွေနဲ့တွေ့ရင် ပေါပေါသီသီ စီးကရက်တိုက်နေတာမို့ တစ်နေ့ ၂ ဗူးလောက်တော့ အသာလေးကုန်သွားတာပဲ။

အဲဒီတုန်းက ၂၀ ကျော်အရွယ်။စီးကရက်ဗူးလိုက်ကိုင် သောက်နိုင်တာကို ဟုတ်လှပြီလို့ထင်တဲ့အရွယ်။ကျနော်တို့နိုင်ငံကလည်း ဘယ်လောက်တောင် ဆင်းရဲမွဲတေသလဲဆိုရင် စီးကရက်ကို ဗူးလောက်သောက်နိုင်တယ်ဆိုတာ  လူလတ်တန်းစားဆိုရင် ဝင်ငွေခပ်ကောင်းကောင်းလူတွေမှ သောက်နိုင်ကြတာကိုး။

အဲဒီစီးကရက်စက်ရုံမှာ အလုပ်ဝင်ပြီးနောက် တစ်သက်လုံးသောက်လာတဲ့ ဆေးပေါ့လိပ်ကိုတောင် အနံ့နံသလိုလိုဘာလိုလို ကျေးဇူးကန်းလိုက်သေး။စီးကရက်ချည်းသောက်လာတာ ၆ လလောက်ကြာတော့ နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားလုပ်ရင်ကို ချက်ချင်းမောလာတဲ့အထိ အဆုတ်က အချက်ပြနေပေမယ့် အလကားရနေတဲ့ စီးကရက်ကို မစွန့်လွှတ်နိုင်။နေ့စဉ် အားရင်အားသလို စီးကရက်ကောက်ဖွာနေတာ ကျန်းမာရေးအတွက် တော်တော်အန္တရာယ်များမှန်း အခုကြီးလာမှ အထိတ်တလန့် ပြန်တွေးမိတယ်။

စီးကရက်စက်ရုံကနေထွက်တော့ စီးကရက်ပဲသောက်ချင်တဲ့ ဝေဒနာကို ကိုယ့်ဝင်ငွေအခြေအနေအရ ကြိုးစားတားကာ ဆေးပေါ့လိပ်လေးဘက် ပြန်လှည့်ရတယ်။အရင်က စီးကရက်တစ်ဝက်ကျော်ရင် လွှင့်ပစ်တာမျိုးလည်း ဘယ်လုပ်နိုင်တော့မလဲ။နောက်ပိုင်း အယ်ဒီတာအလုပ် လုပ်တော့မှပဲ မကြာခဏအခန်းအပြင်ထွက် ဆေးလိပ်သောက်နေရတာ အလုပ်ရှုပ်လွန်းလို့ ဆေးလိပ်ဖြတ်ကာ ကွမ်းဘက်လှည့်တော့တယ်။ဆေးလိပ်သောက်လာတာ ကြာလာတော့ ငြီးငွေ့လာတာလည်းပါတာပေါ့။

ဆေးလိပ်ဖြတ်တော့ ဒီတစ်သက် ဆေးလိပ်နဲ့ကင်းအောင် နေတော့မယ်ဆိုတဲ့စိတ်မျိုးနဲ့ ဖြတ်လိုက်တာ။ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကာလ၊ ဆေးလိပ်ဖြတ်ပြီးတဲ့နောက် ရေမချိုးရတာကြာပြီဖြစ်တဲ့ လူတစ်ယောက် ရေစိတ်ကြိုက်ချိုးလိုက်ရသလို လူကိုချက်ခြင်းလန်းသွားခဲ့တယ်။

ငြိမ်းဆက်