【 ဆောင်းပါး 】 စျေးကွဲချိန် ……

【 ဆောင်းပါး 】 စျေးကွဲချိန် ……

ကျနော်နေရာ အိမ်ဘေးတွင် စျေးလေးရှိသည်။မနက်စျေးဖြစ်သဖြင့် မနက်ဘက်ဆို အတော်စည်သည်။ရပ်ကွက်မှာ စတည်ကတည်းက လူတွေနှင့် နောက်ပိုင်းရောက်လာသည့် လူတွေ အံကျဖြစ်သွားသဖြင့် ရပ်ကွက်က စည်ကားသလို စျေးမှာလည်း လူဦးရေများသည့် လှိုင်သာယာထုံးစံအတိုင်း ဘာရောင်းရောင်း ကုန်သည်ကများရာ မနက်ဆို စျေးသည်နှင့် စျေးဝယ်က တိုးမပေါက်။

မနက်ဆို ဇနီးဖြစ်သူက စျေးသွားသည်။ကျနော်က စာသင်မသွားရသည့်အခါ အဖိုးကြီး၊ အဖွားကြီး လင်မယား စျေးထွက်တတ်သည်။စျေးနားက လဘက်ရည်ဆိုင်မှာ ထိုင်ကာ စျေးကွဲခါနီးမှ စျေးထဝယ်သည်။ထိုအချိန်ဝယ်လျှင် စျေးတန်သည်။စျေးသည်တွေက စျေးသိမ်းတော့မည်ဖြစ်သဖြင့် ဟင်းသီးဟင်းရွက်ဆိုလည်း အပုံလိုက်စျေး၊အသားငါးဆိုလည်း အပုံလိုက်စျေးဖြင့် စျေးလျှော့ကာ ရောင်းသွားသည်။ဒီလိုစျေးကွဲချိန် စျေးဝယ်ပါက တစ်ပတ် ဆယ်ရက်စာကို စျေးသက်သက်သာသာဖြင့် ရသည်။ဇနီးဖြစ်သူက ဒီလိုစျေးချိုတာ လိုက်ရှာဝယ်၊ ကျနော်က သယ်ဖြင့် အိမ်ရောက်သည့်အခါ စျေးရွှေ့လာသလို အများကြီးပါလာသည်။ထိုရက်မျိုးဆို စျေးဝယ်တာ ကြာတတ်သဖြင့် တူဖြစ်သူ အလည်ရောက်လာသည့်အခါ၊ ဆွေမျိုးတွေ အလည်ရောက်လာတတ်သည့်အခါမျိုးတွင်သာ ဒီလိုလင်မယားနှစ်ယောက် စျေးဝယ်ရသည်။

စျေးထဲမှာ ဝယ်သည့်အခါ ဒီလို။အသီးအရွက်ဆို ယခုအချိန် မုန်လာဥတွေ ပေါပြီ။ဇနီးဖြစ်သူက မုန်လာဥတွေ ဝယ်သည်။တစ်ပုံကို ငါးရာ။ငါးရာဆို မုန်လာဥက ရွေးကျတွေ ဆယ်လုံးလောက်ပါသည်။မုန်လာဥကို အိမ်ရောက်သည့်အခါ အခွံခြစ်ပြီး အမြှောင်းသေးသေးလေးတွေစိတ်ကာ တချို့ကို နေလှမ်းသည်။တချို့ကို ချဉ်ဖတ်ထည့်ဖို့ လုပ်သည်။ဒီလိုပဲ ခရမ်းချည်သီးတွေ အပုံလိုက်စျေးဖြင့်ရသည့်အခါ ခရမ်းချဉ်သီးကို အနှစ်ရအောင် နယ်ဖတ်ပြီး ယိုထိုးသည်။တခြားသော အသီးအနှံများလည်း ထိုအတိုင်း။အခြောက်ခံသင့်တာ ခံ။ချဉ်ဖတ် ထည့်သင့်တာ ထည့်နှင့်။ဒီလိုနည်းတွေက အမေ့ဆီကနေ ဇနီးဖြစ်သူက ရခဲ့တာဖြစ်သည်။ကျနော်ကတော့ မလုပ်တတ်။သို့သော် အမေ့တုန်းကလည်း ဒီလို စျေးဆွဲခြင်း လိုက်သယ်။အခု ဇနီးနှင့်ကျတော့လည်း ဒီလိုပဲ စျေးခြင်းတောင်း လိုက်သယ်။ကျနော်တို့ ဒီလိုဝယ်လာပြီဆို အမေက သဘောကျကာ အခန်းထဲကနေ ရွေ့ရွေ့နှင့် ထိုင်ခုံလေးတွန်းကာ နောက်ဖေး မီးဖိုချောင်ကိုလာ။ဆွဲခြင်းထဲကပါသည့် ဟင်းသီးဟင်းရွက်တွေ အသားငါးတွေကို ချွေးမဖြစ်သူ လုပ်နေတာကိုကြည့်ပြီး တစ်ခါတလေညွှန်ကြား၊ တစ်ခါတလေ ရသလောက် ကူလုပ်၊တားလို့လည်းမရ။ဒီလိုရက်ဆို အမေ ငယ်မူပြန်ပြီး အစားပိုဝင်သည်။

အမေတို့က ခေတ်ကျပ်ကို ကြုံလာခဲ့ရသည် ရှေ့မီနောက်မီတွေဆိုတော့ အရာရာကို မကုန်သင့်တာ မကုန်အောင်၊ ပေါများတုန်း စုသင့်တာ စုတတ် ဆောင်းတတ်အောင် လုပ်တတ်သည်။စျေးမှာ ငါးတွေ အပုံလိုက်တွေ့လျှင် ပုပ်နေလျှင်တောင် ဝယ်လာပြီး ငပိသိပ်သည်။ငါးပိထဲက ငါးအကောင်ကြီးပါပါက ငါးပိကောင်လုပ်စားသည်။ဝယ်ကတည်းက တချို့ကြီးသည့် ငါးတွေဆို ငါးခြောက်ခွဲသည်။ဒီအချိန်ဆို လယ်ငါးတွေ ပေါပြီ။ငါးရံ့တွေ ငါးပနော်တွေ၊ ငါးဖိန်းမတွေ စျေးထဲ ပေါပေါများများတွေ့ရပြီ။အမေက ဒီလိုငါးတွေ စျေးကွဲချိန် အပုံစျေးနှင့်ရလာလျှင် ငါးတွေခွဲပြီး ငါးခြောက်လှမ်းသည်။အမေလုပ်နိုင်ကိုင်နိုင်တုန်းက အိမ်မှာ ဟင်းကောင်းကို စျေးသိပ်မကုန်ဘဲ စားရသည်။ထို့ကြောင့် ဇနီးဖြစ်သူက ယခုခေတ်လို အချိန်အခါတွင် “အမေသာ လေးငါးနှစ်လောက် ငယ်သွားရင် ကောင်းမှာ၊ အမေလောက် မလုပ်တတ်တော့ ငွေကုန်ပြီး ကောင်းကောင်းမစားရဘူး” လို့  အမေ့ကွယ်ရာမှာ ငြီးတတ်သည်။

တကယ်က စျေးထဲတွင် သုံးလို့ရသည့် ဟင်းစားတွေက များသလို အလကားဖြစ်သွားသည့် ဟင်းစားတွေကလည်း အများကြီး။စျေးထဲ စျေးကွဲချိန်တွင် ကျနော်တို့လို စောင့်ဝယ်သည့်သူက ယနေ့ခေတ်တွင် နည်းလာသည်။စျေးကွဲချိန် ကုန်စိမ်းသည်များမှာ ကျန်သည်အသီးအရွက်တွေကို ပြန်မသယ်ဘဲ အမှိုက်ထဲ ပစ်သွားသလို စျေးစောင့်တွေ စျေးသည်အချင်းချင်း ပေးထားခဲ့သည်။ဒီလိုဟာတွေကို အမေတို့ကသိတော့ စျေးဝယ်ပြီဆို မနက် ၉ နာရီ ၁၀ နာရီမှ သွားသည်။အဲဒီအချိန်ဆို ကျနော်က အမေနှင့်အတူ စျေးခြင်းတောင်း လိုက်သယ်။ငယ်စဉ် ကမာရွတ်ဘက်မှာနေစဉ်က သရက်သီးပေါ်ချိန်၊ မရမ်းသီးပေါ်ချိန်ဆို များများစားစားဝယ်ကာ ဆားရည်စိမ်၊ သကြားရည်ထဲထည့်ကာ အချိုဖောက်ပြီး သရက်သီးစိတ်၊ မရမ်းသီးချို စသဖြင့် အိမ်ရှေ့မှာထားကာ ရောင်းတတ်သည်။ထို့ကြောင့် ကျနော်မှာ စျေးဝယ်သည်ဆို ပေါပေါများများရသည့် စျေးကွဲချိန်ကိုသာ စျေးဝယ်ရသည့်အချိန်အဖြစ် စိတ်ထဲစွဲနေသည်။

ကောင်းကောင်းနှင့် ခေါင်အသီး၊ လတ်ဆတ်သည့် အသားတို့ကို လူတိုင်းက စားချင်ကြသည်။သို့သော် ထိုသို့စားရန်မှာ ယနေ့ခေတ်အချိန်အခါနှင့်ဆို ဘယ်လိုမှ မနီးစပ်နိုင်သလို မျှတသည့် အာဟာရဖြစ်အောင် စားနိုင်မည် မဟုတ်။အမေက အဖေ၏ ပင်စင်လစာ၊ ကျနော့်ဝန်ထမ်းလစာဖြင့် ထိုစဉ်က မိသားစုသုံးယောက်ကို မျှတ ပိုလျှံအောင် စီမံနိုင်သည်မှာ စျေးကွဲချိန်က အများကြီးအထောက်အကူပြုခဲ့သည်။ အဖေကွယ်လွန်ချိန်၊ အဖေရဲ့ ပင်စင်လစာက မိသားစုပင်စင်လစာအဖြစ် အမေဆက်ခံချိန်တွင် ကျနော့်လစာက  အိမ်အတွက် အဓိကဖြစ်လာပြီး ပင်စင်လစာက အမေအတွက် လှူဖို့တန်းဖို့အတွက် ဖြစ်လာသည်။သားအမိနှစ်ဦးအတွက် ကျနော့်လစာနှင့် လုံလောက်လာချိန်တွင် အမေ၏ စျေးကွဲချိန် စျေးဝယ်ခြင်းကြောင့် ပိုပိုလျှံလျှံဖြစ်လာပြီး အမျိုးအဆွေတွေကို အများကြီးမဟုတ်တောင် ပေးနိုင်ကမ်းနိုင်လာသည်။   

စျေးကွဲချိန်မှာ စျေးဝယ်ခြင်းနှင့်ပတ်သက်ပြီး စာသွားသင်သည့် အိမ်များတွင် အကြောင်းတိုက်ဆိုင်တိုင်း ပြောဖြစ်သည်။အများစုကတော့ ပေါချောင်ကောင်း ကြိုက်သူအဖြစ် ကျနော့်စကားကို လက်မခံ။တန်ရာတန်ဖိုးပေးပြီး အကောင်းဆုံးကုန်ပစ္စည်းကိုသာ ရယူမည်ဆိုသော လူကများသည်။တချို့ကတော့ ကျန်းမာရေးရှုထောင့်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မသင့်တော်ကြောင်း ထောက်ပြသည်။

သူတို့ပြောတာလည်း မှန်သည်။သို့သော် ကျနော်ပြောသည့် စျေးကွဲချိန်က ချိုးခြံချွေတာလိုချင်သူများနှင့် ဝင်ငွေနည်းသူများအတွက် နည်းလမ်းတစ်ခုသာဖြစ်သည်။ အဖိုးနည်းဝန်ပါဆိုသလို ခက်ခဲနေချိန်မှာ စျေးနည်းနည်းဖြင့် ပေါပေါများများရသည်က ထိုနည်းလမ်းတစ်ခုသာရှိလေသည်။

ထို့အတွက် ယခုချိန်ထိ အမေ့ကို ကျနော်တို့ ကျေးဇူးတင်နေရသည်။

မောင်ဦးလွင်