【 ဆောင်းပါး 】 စျေးဝယ်ရတဲ့အခါ

【 ဆောင်းပါး 】 စျေးဝယ်ရတဲ့အခါ

ယနေ့ မနက် စျေးသွားရသည်။

စျေးဝယ်ရတာ နှစ်ချီပြီး ကြာလာသည့်အခါ စျေးပါးဝလာသလို စျေးတက်ခြင်းနှင့် စျေးကြီးခြင်းက စျေးဝယ်သူများအတွက် အထူးအဆန်းမဟုတ်တော့။စျေးကျသည်ဆိုခြင်းကသာ စျေးသည်တွေ စျေးဝယ်တွေအတွက် အထူးအဆန်း။

ဒီရက်ပိုင်း စျေးတွေက ကျတာနဲ့ အရင်စျေးအတိုင်း တန့်နေတယ်ဆိုတာ မရှိ။အတက်ချည်းသာ။

ဒီရက်ပိုင်း စျေးမှာ အင်ဥလေးတွေမြင်တော့ အင်ဥလေးတွေ တွေ့ရင် ဝယ်လာဖို့ အိမ်သူကပြောသည်။ညက ရုံးအပြန် တောသည်လို့ခေါ်သည့် မြောင်းတကာသည်တွေဆီကိုကြည့်တော့ အင်ဥက သူတို့ဆီမှာ မရ။မနက်စျေးမှာတော့ ရှိနိုင်မည်ဟု ဆိုသည်။သူတို့ပြောသည့် မနက်စျေးဆိုသည်မှာ စျေးကြီးကို ပြောခြင်းဖြစ်သည်။

ကျနော်နေရာ မြို့နယ်ရှိ တစ်ခုတည်းသော တရားဝင်စျေးကို စျေးကြီးဟု ခေါ်သည်။ထိုစျေးကြီးကို သွားရှာဝယ်ရမည်ဆို ကျနော်ရုံးချိန်မီမည်မဟုတ်။ထို့ကြောင့် လမ်းထဲက တောသည်တွေဆီမှာရှိနိုင်မည်ဟုတွေးကာ မနက်စောစောထမိသည်။အမေကလည်း ငယ်ငယ်တုန်းကစားခဲ့ရတဲ့ အင်ဥဆီပြန်လေးအကြောင်းကို ပြောသည့်အခါ အင်ဥရဖို့က မဖြစ်မနေဖြစ်လာသည်။

ငယ်ငယ်ကတော့ အင်ဥဆိုတာ ဘာမှန်းမသိ။အမေက အူစုံဆိုပြီး ညာကျွေးတာသာ မှတ်မိသည်။စားရတာ အသားတွေလိုမဟုတ် စိမ့်သည်။သို့သော် ထုတ်ထုတ် ထုတ်ထုတ်နှင့်။မကျည်းရွက်နှင့် အချည်ဆီပြန်ချက်ကတော့ ငယ်ငယ်တုန်းက အမေချက်ကျွေးလို့ စားခဲ့ရသည်။အခု အင်ဥအချဉ်ဆီပြန်လေး အမေစားချင်သည်ဆိုတော့ အင်ဥရအောင် ကျနော်ရှာဝယ်ရမည်။

မနက်စျေးကို စောစောရောက်တော့ တောသည်တွေ မရောက်သေး။ဝယ်စရာအချို့ ဝယ်ပြီးသည်နှင့် တောသည်တွေရောက်သည်အထိ လဘက်ရည်ဆိုင်ကနေ စောင့်မည်ဟု စဉ်းစားလိုက်သည်။စျေးထိပ် လဘက်ရည်ဆိုင်က မနက်စောစောဆို စျေးသည်တွေကို ပါဆယ်လိုက်ပို့ရသဖြင့် စားပွဲထိုးတွေ မအားတာများသည်။မအားဆို စားပွဲထိုးက တစ်ယောက်တည်း။ဆိုင်ရှင်လည်း အကုန်အကျသက်သာအောင် ဝိတ်လျှော့သည့်ထဲ စားပွဲထိုးပါ လူလျှော့ချလိုက်တော့ မနက်အစောကြီး လဘက်ရည်ဆိုင်ထိုင်လျှင် အတော်စိတ်ရှည်ရသည်။လဘက်ရည်နှင့် အီကြာကွေးမှာပါက တစ်ခုနှင့် တစ်ခုကြား  နာရီဝက်လောက် စောင့်ရသည်။ဒါတောင် လူမကျသည့်အချိန်။လူကျလျှင် ဆိုင်ရှင်က မိသားစုအကုန်ထုတ်ကာ စားပွဲထိုးလုပ်ခိုင်းတတ်သည်။ထို့ကြောင့် မနက်ဘက် လဘက်ရည်ဆိုင်ထိုင်လျှင် မုန်ဟင်းခါးဆိုင်ကနေ မုန့်ဟင်းခါးတစ်ပွဲမှာ၊ မုန်ဟင်းခါးကုန်သည်နှင့် စားပွဲထိုးက  လဘက်ရည်၊ အီကြာကွေး လာအချ .. ကွက်တိဖြစ်သည်။

မုန့်ဟင်းခါးက ဒီရက်ပိုင်း မိုးအေးတော့ ဆိုင်မှာ လူစည်နေသည်။သို့သော် ဟိုးယခင်ကလိုတော့ အုံနေခြင်းမျိုးမဟုတ်။ယခင်ကတော့ ဆိုင်မှာ လူခွဲတွေ ထားရသည်။ဒီတော့ လူများနေလျှင် ကလေးတွေ ကျောင်းမမီမှာစိုးသဖြင့် ကျနော်တို့လူကြီးတွေက ကျောင်းသမား ကလေးတွေကို  ဦးစားပေးရသည်။ယခု ကလေးတွေက ပိုက်ဆံရှိတဲ့သူ တတ်နိုင်တဲ့သူက အပြင်ကျောင်းထားပြီး မတတ်နိုင်တဲ့သူက ခေတ်အခြေအနေအရ လုပ်ငန်းခွင်ထဲထည့်သဖြင့်  မုန့်ဟင်းခါးဝယ်ဝယ် အသုတ်ဝယ်ဝယ် ကလေးတွေ ယခင်လို ကျောင်းစိမ်းနှင့် လာဝယ်တာ သိပ်မတွေ့ရ။ဒီတော့ ဘယ်လောက်လူစည်စည် မုန်ဟင်းခါးတစ်ပွဲ မှာလိုက်တာနှင့် မကြာမီရသည်။

ကျနော်လက်ရှိထိုင်နေသည့် လဘက်ရည်ဆိုင်မှာ ရွာထိပ်က ကင်းတဲလို လူစုံသည်။တစ်ခဏလောက် ထိုင်လိုက်တာနှင့် လမ်းထဲ စျေးထဲကအကြောင်း အစုံသိရသည်။လဘက်ရည်ဆိုင်မှာ ထိုင်လို့ မသိရဘူးဆိုလျှင်လည်း သိပ်စိတ်မပူနှင့်။ပြဿနာအတော်များများက လဘက်ရည်ဆိုင်မှာ လာရှင်းကြသည်ဆိုတော့ မသိရဖို့ မပူနှင့်။

ယခုတစ်လော လူတွေကျပ်တည်းမှုက မခံစားနိုင်လောက်အောင် ကျပ်တည်းနေကြသည်။ညက အမေကပြောသည်။အမျိုးထဲမှ တစ်ယောက် ဒုက္ခအတော်ရောက်နေကြောင်း၊ သားသမီးတွေ အလုပ်မရှိတော့သဖြင့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြောင်း ဆိုသည်။အိမ်မှာကလည်း ကျနော်တစ်ယောက်သာ ဝင်ငွေရှိသည်။ငွေထောက်ရအောင် ကိုယ်တောင် အပိုမသုံးနိုင်။ပြောရလျှင် တောင်မင်း မြောက်မင်း မကယ်နိုင်သလို ယခုမှ သူ့ကိုယ်မကယ်နိုင်၊ ကိုယ့်သူမကယ်နိုင် အချိန်ကို ရောက်နေသည်။သို့သော် ဆွေမျိုးဆိုတော့ မျက်စိမှိတ်ထားလို့ကလည်း မဖြစ်။ထို့ကြောင့် အမေ စိတ်ချမ်းသာအောင် ဒီနေ့ ကေပေးကနေ ငွေနှစ်သောင်းလွှဲပေးလိုက်မည်ဟု အမေ့ကို ပြောခဲ့သည်။

ယခုလည်း လဘက်ရည်ဆိုင်မှာ စျေးသည်နှစ်ယောက် လဘက်ရည်သောက်ရင်း ပြောနေကြတာ ငွေကျပ်တည်းတဲ့ကိစ္စ။လဘက်ရည်သောက်ရင်း သူတို့ပြောနေတာတွေကို တစ်ဘက်ဝိုင်းမှာ ထိုင်နေသည့် ကျနော်မှာ အာရုံစိုက်နားထောင်စရာမလိုဘဲ ကြားနေရသည်။သူတို့ပြောနေသည်က နေ့ပြန်တိုးပေးရတာ မနိုင်တော့သဖြင့် အခက်တွေ့ကာ နောက်ထပ် နေ့ပြန်တိုးပေးမယ့်သူကို ချိတ်ပေးဖို့ ပြောနေကြခြင်းဖြစ်သည်။လူလဲရှင်း အချိန်လဲစောနေသဖြင့် အင်ဥသည်ကိုစောင့်ရင်း သူတို့ပြောတာ ကျနော်နားထောင်မိသည်။

သူတို့ဖြစ်နေသည်က နေ့ပြန်တိုးဖြင့်ပိကာ အရင်းပြုတ်မတတ်ဖြစ်နေသည့် ကိစ္စဖြစ်သည်။ဒီကြားထဲ နှစ်လုံးဖိုးဆိုတာကလည်း ပါသေးသည်။နှစ်လုံးပေါက်လျှင် ခဏတော့ အသက်ရှူချောင်မယ်ဆိုတာလည်းပါသည်။နေ့ပြန်ဆိုတာက တစ်ရာကို ၃၅ ကျပ်တိုးဖြစ်ပြီး ဆယ်ရက်ဖြင့် ကြေအောင် ဆပ်ရသည်။အရင်ကတော့ ၂၅ ကျပ်တိုးဖြစ်သည်။စချေးသည့်နေ့တွင် ပေးရမည့် အတိုးကို ဖြတ်ယူထားသဖြင့် တစ်ရာလျှင် ၆၅ ကျပ်သာရပြီး တစ်ရက်ကို တစ်ရာချေးလျှင် တစ်ဆယ်နှုန်းဖြင့် ပြန်ဆပ်ကြရခြင်းဖြစ်ကာ စျေးသည်တွေမှာ နာလန်မထူ။ဒီကြားထဲ ဘာဖြစ်လို့ စျေးမရောင်းရ၊ စျေးမထွက်ရ၊ အတင်းသိမ်းခိုင်းတာ၊ ဖမ်းတာဆီးတာရှိပါက ထိုစျေးသည်မှာ အရင်းပြုတ်တော့သည်။ထိုတော့ အရင်းရဖို့ နောက်ထပ်ဆီကနေ ငွေထပ်ချေး။ဒီလိုနှင့် အကြွေးပတ်လည်နှင့် မဆပ်နိုင်သဖြင့် ကြွေးရှင်လာလျှင် စျေးဗန်းထားပြီး ပုန်းနေရသည့် စျေးသည်တွေ များလာသည်။ဒါကိုပဲ သူတို့က မြန်မာပီပီ အပူကို ဟာသလုပ်ကာ ပြောနေသည်က ကြားရသူအဖို့ မချိစရာ။

“ကြွေးထူတော့ မပူ” ဆိုသည် စကားကို အရင်က ကြားတော့ ကြားဖူးသည်။ယခုတော့ ဒီစျေးသည်တွေကိုကြည့်ပြီး သေသေချာချာ ကျနော် နားလည်လာသည်။ဘာကြောင့် ထပ်ပြီးမပူတော့သလဲဆိုသည်ကို။အပူတွေများလွန်းလို့ လူတွေ ဘာကြောင့် ထုံသွားသလဲဆိုသည်ကို။

တကယ်တော့ ဘဝဒုက္ခတွေနှင့် စားဝတ်နေရေးအခက်အခဲတွေကြောင့် လူတွေ ထွက်ပေါက်မဲ့သွားသည့်အခါ ထွက်ပေါက်မဲ့သူအချင်းချင်း သောကကို ရယ်စရာလုပ်ပြောကြသည်က ယနေ့ခေတ်၏ သရုပ်သကန်ပင်ဖြစ်နေသည်။

ကျနော်တို့လည်း သူတို့နှင့် ဘာထူးသနည်း။ကြုံလာသည့် ကျပ်တည်းမှုပေါင်းစုံကို ဟာသလုပ်ပြီး မျိုချခဲ့ရသည်မှာ ကျနော့်အသက်မကတော့။ယခု ကျနော့်အသက် ၅၀ ကျော်။ဒီလိုအဖြစ်တွေ ကြားလည်း မကြားချင်၊ ကြုံ လည်း မကြုံချင်တော့။

လဘက်ရည်ဆိုင်က ထပြီး စျေးထဲမှာ အင်ဥဝယ်သည်။အင်ဥတစ်ဗူးကို ၁၇၀၀ ဟု ဆိုသည်။စျေးသည်မှာ တောင်ကြည့်မြောက်ကြည့်နှင့်။နေ့ပြန်တိုးသမား လာမှာကို ကြည့်နေသည်လား၊ အဖမ်းအဆီးလာမှာကို ကြည့်နေသည်လား။ကျနော်မသိချင်တော့။ စျေးလည်းမဆစ်ချင်တော့။အင်ဥနှစ်ဗူးကို လေးထောင်ပေးပြီး အိမ်ပြန်ခဲ့သည်။နိုင်သမျှ ကူညီမှုဖြင့်။

အင်း .. သူတို့တွေလည်း ဒီဝဋ်မှ ကျွတ်ပါစေ ..။

ငါတို့လည်း ဒီဝဋ်မှ ကျွတ်ပါစေ .. ဟု ဆုတွင်တွင်တောင်းရင်း ..။

သန့်စင် (DA)
Photo Credit - Google