【 ဆောင်းပါး 】 ဆရာ တာရာ၊ ဆရာ နတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၂)

【 ဆောင်းပါး 】 ဆရာ တာရာ၊ ဆရာ နတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၂)

ဆရာ နတ်နွယ်မှာ အားကိုးအားထားပြုနိုင်သော သားထောက်သမီးခံ လောက်လောက်လားလား မရှိဘူးလား၊ ကျနော့်အတွေးသာဖြစ်ပါသည်။ဆရာ့စာတွေထဲမှာတော့ မိသားစုမှာ မည်သူကမည်သို့ဟု ရေးဖူးသည်မရှိပါ၊ လျှို့ဝှက်သလိုတော့ရှိသည်၊ ကျနော်တို့မှာ ဆရာ့ကို “မြန်မာပြည်မြောက်ပိုင်း” ဖြင့် “အပြာနှင့် အဝါ” ဖြင့် လေးနက်ခဲ့ လေးစားခဲ့သည်။ရှေ့ပိုင်းကာလတွေက စာပေအရ အတိုက်အခိုက်ခံရတာတွေရှိသည်။အထူးသဖြင့် “တံခွန်တိုင် မောင်နှမများ” ဝတ္ထု၊ဆရာ မောင်စွမ်းရည်က “ယနေ့ မြန်မာစာပေများ” စာအုပ်တွင် ခပ်ကြမ်းကြမ်း ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဆရာနတ်သည် သူ့အဖွဲ့သားများနှင့် တစ်နွယ်ငင်တစ်စင်ပါဖြစ်နေသည်။ဆရာနတ်က မန္တလေးမှ ရောက်လာလာချင်း “စုံထောက်မဂ္ဂဇင်း” ကိုင်နေသော ဆရာ “မိုးဝေ” ဆီ ရောက်သည်။ “စုံထောက်မဂ္ဂဇင်း” မှာ အယ်ဒီတာလုပ်ရသည်။ ဆရာက ကလောင်နာမည်လေး ထူထောင်ချင်သည်၊ တက္ကသိုလ်မှာ ဆက်တက်ချင်တာလည်းပါသေးသည်။ကြုံရာ ကျရာတွင် စာရေးမည်။ဘဝကိုထူထောင်မည်။ဆရာ့ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။နောင်အခါ ရူးသွပ်မှု အစွန်းရောက်မှုဟု ပြောဖူးသည်။

စာရေးဆရာဖြစ်ချင်လျှင် သာမန်ကြိုးစားမှုဖြင့်မရပါ။ကျနော်လည်း ဤသို့ရူးသွပ်ဖူးသည်။ကိုယ့်ကိုယ်ကိုယ်တော့ မသိပါ။ဝတ္ထုတိုဖတ်စရာကျန်သေးသော မဂ္ဂဇင်းကို ည ၁၀ လောက်မှာ ရထားဘူတာ မီးရောင် ဝါကျင်ကျင်အောက်တွင် ဒရောသောပါး ဖတ်နေခြင်းဖြစ်သည် ကျနော့်လုပ်နေပုံကို အမေနှင့် ဇနီးက စိတ်မှန်ပါ၏လောဟု စောင့်ကြည့်ခဲ့ကြသည်ဟု ပြောသည်၊။

အရက်ကိုတော့ စာသမားများဖြင့် သောက်တတ်နေပြီ။အရက်မူးမူးဖြင့်တော့ စာမရေးတတ်ပါ။ဆရာ ကြူးနှစ်ကတော့ အရက်သောက်၍ စာအရေးမပျက်။ထိုစဉ်က ဆရာ ကြူးနှစ်လည်း အတော်သောက်သည်။ကျနော့် မီးသွေးဆိုင်ဂိုထောင်တွင် အတူနေဖူး အတူသောက်ဖူးကြသည်။ဆရာကြူးက အရက်ဘယ်လောက်မူးမူး စာမမူးဟု ပြောတတ်သည်။မနက် ၄ နာရီလောက်တွင် ရေချိုး၍ စာထရေးတတ်သည်။ရေးသောဝတ္ထုကလည်း ကောင်းသည်။စာရေးဆရာတို့သည် ဘယ်လောက်သောက်သောက် ဘရိတ်တစ်ခုတော့ရှိသည်။ဘရိတ်မရှိရင်လည်း အရက်ကနိုင်သွားကာ အသေစောမည်ဖြစ်သည်။

စာရေးဆရာများတွင် အခြားသူများနှင့်မတူသော အားသာချက်ကတော့ရှိသည်၊ အရက်သောက်တတ်ကြသည့်တိုင် ဘရိတ်အုပ်နိုင်ခြင်းဖြစ်သည်။ဆရာ နတ်နွယ် အလွန်မူးသည်ဟု မကြားစဖူး။အရက်နာကျနေသည်။ဆေးရုံတက်ဖြတ်ရသည်ဟုလည်း မကြားစဖူး။စာရေးခြင်းကသာ မေဂျာဖြစ်၍ အပေါင်းအသင်းနှင့် သောက်စားသည်မှာ မိုင်နာသာဖြစ်သည်။ကျနော်က အဲသလိုလေးတွေ စေ့ငုကြည့်ဖူး၍ ပညာရ အလေ့အကျင့်လည်းရသည်။

အထက်မြန်မာပြည် နယ်အဝေးမှ ရန်ကုန်ရောက်လာသော ဆရာ နတ်နွယ်ကို လခပေးသူမရှိလျှင် အိပ်စရာ နေရာပေးသူမရှိလျှင် ရပ်တည်နိုင်ဖွယ်ရာမရှိ။သို့နှင့် ဆရာ မိုးဝေတို့ စုံထောက်လိုင်း ဘာသာပြန်လိုင်းတို့နှင့် ဆက်စပ်ကာ စုံထောက်ဝတ္ထုအရေးအသား လျှို့ဝှက်သည်းဖိုအရေးအသားများနှင့် နီးလွန်းသွားသည်။ “ကြားဖန်များတော့ ယဉ်မြင်ဖန်များတော့လှ” သဘောဟု မြင်နိုင်သည်။တစ်ဘက်က လက်ဝဲအမြင် စာပေသစ်အမြင်ရှိသူများကလည်း “တံခွန်တိုင်မောင်နှမများ” ကို အတော်အပြစ်မြင်ကြသည်။

ဆရာ မောင်စွမ်းရည်၏ “ယနေ့ မြန်မာစာပေ” တွင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်သည်။ဆရာနတ်က သူ့ကို ဖနောက်နှင့်ပေါက် တတောင်နှင့်ထောင်းသည်ဟု ပြန်ခြင်းခတ်သည်။ဆရာနတ်တို့အတွဲ ဆရာ မင်းကျော်က “ခင်ဗျားက အတို့အထောင်လေးတွေရှိတတ်တယ် သတိထားရေးပါ” ပြောတော့ “မှန်တာရေးတာပဲ၊ ခင်ဗျားက သက်သေလိုက် ရမှာစိုးလို့လား” ဟု ပြန်ပက်သည်။ “မှန်တိုင်း ရေးရမှာလား” ခပ်ငေါက်ငေါက်ပြောသည်။ဆရာ နတ်နွယ်က အဲသလို ငေါက်ဆတ်ဆတ်လူမျိုးဖြစ်သည်။ဆရာ နတ်နွယ်၊ ဆရာ မိုးဝေတို့နှင့် နှီးနွယ်ဆက်စပ်ပြီး လျှို့ဝှက်သည်းထိတ်များရေးသူကို မနှစ်သက်သူ အတော်များများရှိသည်။ကဗျာဆရာ ဒေါင်းနွယ်ဆွေလည်း ဤသို့သော လုံးချင်းတွေ ရေးဖူးသည်။အပြစ်ပြောရင်လည်းပြော မတတ်နိုင်ဟု သဘောထားကြပုံရသည်။ဆရာ ဇော်ဇော်အောင်လည်း စိုးအောင် ဇာတ်ကောင်ဖြင့် ဂျိမ်းစဘွန်းဆန်ဆန် ရေးဖူးသည်။စစ်ကိုင်းအေးလွင် တည်ကြည်တို့လည်း ရေးသည်။အခုအချိန်ကနေကြည့်လျှင်တော့ စုံထောက်ဝတ္ထု လျှို့ဝှက်ဝတ္ထု ရေးလိုသူကရေး ဖတ်လိုသူကဖတ် သိပ်အပြစ်မမြင်တော့။

ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ စာရေးဆရာတွေမှာလည်း ထွက်ပေါက်သိပ်ရှိလှသည်မဟုတ်ဟု နားလည်ပေးဖို့ကောင်းသည်ဟု မြင်ကြည့်လိုက်သည်။ဆရာ ဒဂုန်တာရာလို ရှင်းရှင်းသန့်သန့်ဖြစ်ဖို့ကတော့ အလွန်ခက်သည်။ဆရာ ဒဂုန်တာရာကတော့ စာပေသစ်မှတ်တိုင် စိုက်ထူသူအဖြစ် သမိုင်းကနေရာပေးခံရသူဖြစ်သည်၊ စာရေးဆရာချင်းတူပါလျက် တစ်မူတော့ကွဲတတ်ကြသည်။တူတာ မတူတာတွေလည်းရှိတော့ ရှိနေသည်သာပင်။ဆရာ တာရာနှင့် အဆင်မပြေမှုလေးတွေဖြစ်ကြတာ ဆရာ နတ်နွယ်ကိုယ်တိုင် “မိမိနှင့် ဒဂုန်တာရာ” တွင် ရေးဖူးသည်။ဆရာ တာရာနှင့် ကြိုကြားကြိုကြားတွေ့ကြသောကာလတွေ၊ နေ့စဉ်ရက်ဆက် လက်ဘက်ဆိုင်ထိုင်ကြ စကားပြောကြသောကာလတွေ များစွာရှိခဲ့သည်။စာပေသမားချင်း တူရာတူရာ သံလိုက်ဆွဲအားလို ပူးကပ်နွေးထွေးနေသော ကာလတွေရှိကြောင်း မှတ်သားမိသည်။အရက်ဆိုင်သွားကြလျှင်တော့ ပါမည်မဟုတ်။ဆရာ တာရာက အရက်မသောက်သောကြောင့်ဖြစ်သည်။သူမသောက်ပေမင့် ဘယ်သူကတော့ အရက်သောက်တတ်လို့ မဆက်ဆံဆိုတာမျိုးတော့မရှိပါ။

ကျနော်က ဆရာ့စာများကို အထက်တန်းကျောင်းသားလောက်က ဖတ်ဖြစ်သော်လည်း အိမ်ကိုမရောက်ဖူး၊ လူချင်းမဆုံဖူးပါ။ ၁၉၉၅ လောက်ကျမှ ရုပ်ရှင်တေးကဗျာက ဆရာမ တင်တင်ဦး၊ မရီဝေ၊ မခင်ဝင်းသစ်၊ အမ သန်းမြင့်အောင်၊ ဆရာ ယဉ်မင်းပိုက်၊ ဆရာခမ်းဘို၊ မန္တလေးက ငြိမ်းသစ်တို့နှင့်အတူ တောင်ဥက္ကလာ လေသေနတ်ပစ်ကွင်းက အိမ်သို့ စတင်ရောက်ဖူးသည်။ကျနော်တို့ဆိုးတာလည်းကြည့်ဦး။ကဗျာဆရာမ စာရေးဆရာမတွေ ပါနေပါလျက် ကျနော်တို့က အရက်ဆိုင်ထိုင်လိုက်သေးသည်။အမတွေကလည်း အပြစ်မဆို လိုက်ထိုင်ပေးကြသည်။ဆိုင်က သားနားလျှင်လည်း ဟုတ်သေး။စုတ်ချာချာဆိုင်ဖြစ်သည်။အမများမှာ တငုတ်တုတ်တုတ်။အတော်ကြာမှ အားနာရကောင်းမှန်း သိကြသည်။ကျနော်က သိပ်သောက်လို့မရ၊ ဆိုင်ကယ်ပါလာ၍ မသောက်ရဲသောကြောင့်ဖြစ်သည်။ မီးသွေးလုပ်ငန်းဖြင့်  ဖွတ်ကလိဒင်္ဂါး ရွှင်နေသောကာလ။ဆရာ ငြိမ်းသစ်နှင့် ကျနော် တတွဲတွဲရှိဖူးသော ကာလလည်းဖြစ်သည်။ယခု ကိုငြိမ်းသစ် ဘယ်ရောက်နေပြန်သည် မသိ။

ဆရာ နတ်နွယ်တို့ ဆရာမတစ်ဦးနှင့် စာပေဟောပြောပွဲ အတူသွားသောအကြောင်းကိုလည်း ဖတ်ဖူးထားသည်။ထိုအကြောင်းဖတ်ဖူးကာမှ ကိုယ့်အမတွေ ဇီဇာမကြောင်ကြသည်ကို သတိထားမိရတော့သည်။ဆရာ နတ်နွယ်တို့ နယ်မြို့တစ်မြို့ကို စာပေဟောပြောပွဲ ခရီးသွားကြရာ ရထားဘူတာရှိရာမြို့သို့ ထွန်စက်နှင့် သွားရသည်။ဖုန်တထောင်းထောင်းထဲမှာ သွားရခြင်းဖြစ်သည်။တစ်ခေါင်းလုံးလည်း ဖွေးနေကြသည်။ဆရာနတ်က ဆရာမတစ်ခေါင်းလုံးလည်းဖွေးနေပြီဟုပြောရာ ဆရာတို့လည်း ဖွေးနေတာပဲ မဟုတ်လား။ကျနော်တို့က ယောက်ျားတွေ။ဆရာမက “ဘာကွာတာမှတ်လို့ ဆရာရယ်” ဟု ပြန်ပြောသည်။ဇီဇာကြောင်တတ်သူဆို မခက်ဖူးလား။ဗြစ်တောက် ဗြစ်တောက် ဖြစ်နေလိမ့်မည်။

ည ၇ နာရီလောက်အထိ ဘာမှမစားရသေး၍ တစ်ခုတည်းသာရှိသော ခပ်ညစ်ညစ်ဆိုင်ကို ဝင်ရသည်။ရှေးခေတ်က ဆိုင်ကလေးဟု မှတ်ရသည်။ခွက်တွေက ဖင်ချိုးကပ် နှုတ်ခမ်းပဲ့၊ ရမ်အရက်ကလည်း အနံ့ဆိုးဆိုး၊ အတူလာကြသူက မောင်နေဝင်း၊ သုမောင်နှင့် သူ၊ ဟေမန္တဥတုကို အကြောင်းပြု၍လည်းကောင်း ပင်ပန်းသည်ကို အကြောင်းရှာ၍လည်းကောင်း သောက်ကြခြင်းဖြစ်သည်။အနံ့ကဆိုးတယ် ဆရာမကို အားနာတယ်ဟု ပြောသည်။အနံ့ဆိုးလည်း အရက် အနံ့မွှေးလည်း အရက်ပါပဲ ဆရာရယ် ရေမွှေးစက်ရုံကို လိုက်ဟောတာမှ မဟုတ်တာ၊ (ဒေါ်) ခင်ဆွေဦး ဖြစ်ပါသည်။သဘောကျခဲ့သည်။အခု ဆရာ ဒဂုန်တာရာထံသို့ လာကြသည်တွင် အမစာရေးဆရာမများကို အားမနာပါးမနာ ဘေးမှာထား၍ ကျနော်တို့ အရက်သောက်ကြခြင်းဖြစ်သည်။အခုမှ အမတို့ ဇီဇာမကြောင်သည်ကို ကျေးဇူးတင်မိသည်။စာရေးဆရာ/ဆရာမတွေအကြားမှာ သိပ်လည်းခွဲကြားမနေ၊ တမင်လုပ်တာတော့လည်း မဟုတ်။

ကျနော်တို့ နေပုံထိုင်ပုံက ဆရာ နတ်နွယ်တို့နှင့် ပိုနီးသည်။ဆရာ တာရာကတော့ အရက်နှင့်ပတ်သက်၍ စည်းကမ်းကြီးသည်။သူကမသောက်ပါ။ကျနော်တို့ သောက်တတ်သည့်အတွက်လည်း တစ်ခွန်းတပါဒမပြောပါ။ကျနော်တို့ကလည်း သိသာသိစေ မမြင်စေနှင့်ဟု ကျင့်သုံးသည်၊ ဆရာ တာရာကို အလေးအနက်ထား၍ဖြစ်ပါသည်။

ဆရာ တာရာက ၁၉၁၉ ခုနှစ်ဖွား၊ ဆရာ နတ်နွယ်က ၁၉၃၃ ခုနှစ်ဖွား။ဆရာ နတ်နွယ်ထက် ဆရာ တာရာက ၁၄ နှစ်ကြီးသည်။အသက်ခြင်းတော့ အတော်ကွာကြသည်။သို့တိုင် ဆရာ နတ်နွယ်က သူ့မူအတိုင်း မထိခလုတ် ထိခလုတ်တွေ ပြောမိသွားသည်။

(ဆက်လက်ဖော်ပြပါမည်။)

လင်းထင်