【 ဆောင်းပါး 】 ဆောင်းခိုငှက်များ ပျော်စံရာ မိုးယွန်းကြီးအင်း

【 ဆောင်းပါး 】 ဆောင်းခိုငှက်များ ပျော်စံရာ မိုးယွန်းကြီးအင်း

ပဲခူးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး မော်တော်ကားလမ်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအနီးတွင်ရှိသည့် မိုးယွန်းကြီးအင်းမှာ မြန်မာနိုင်ငံတွင် ထင်ရှားသည့် နေရာဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေတိမ်ဒေသအဖွဲ့အစည်း (ရမ်ဆာ) က ရေတိမ်ဒေသအဖြစ် အသိအမှတ်ပြုထားသည့် ဒေသလည်းဖြစ်သလို ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ လာရောက်ကျက်စားရာ နေရာတစ်ခုဖြစ်သည်။

နှစ်စဉ်နှစ်တိုင်းလည်း ကမ္ဘာ့မြောက်ခြမ်းမှ ကမ္ဘာ့တောင်ဘက်ခြမ်းသို့ လာရောက်ကြသည့် ဆောင်းခိုငှက်များ ကျက်စားရာ နေရာဒေသတစ်ခုအဖြစ် ရှိနေကြသည်။ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ နှစ်စဉ် အောက်တိုဘာလမှစ၍ ဝင်ရောက်လေ့ရှိသည်။ဆိုက်ဘေးရီးယားဒေသမှ ဆောင်းခိုငှက်များ၊ တရုတ်နှင့် ရုရှားဘက်မှ ဆောင်းခိုငှက်များလည်း ဝင်ရောက်လာလေ့ရှိသလို နှစ်စဉ် ဧပြီလလောက်တွင် ပြန်လည်ထွက်ခွာသွားလေ့ရှိကြသည်။

ထိုသို့ဆောင်းခိုငှက်များ လာရောက်ကျက်စားရာ နေရာများတွင် ဒေသခံများမှ ဖမ်းယူခြင်းများကြောင့် ရှားပါးသော မျိုးစိတ်များမှာ မျိုးသုဉ်းမည့်အခြေအနေမျိုး ကြုံကြရသလို ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန် အသိပညာပေးမှုများဖြင့် လုပ်ဆောင်လာကြရသည်။

ဆောင်းခိုငှက်များမှာ ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲများဖုံးလွှမ်းရာ ဒေသများတွင် နေထိုင်ကာ ဥများဥ၍ ရှင်သန်ကြီးထွားကြသော်လည်း ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာ၌ ရေခဲများဖုံးလွှမ်းခြင်းကြောင့် စားသောက်ရန် အခက်အခဲများ ဖြစ်လာသည့်အတွက် ကမ္ဘာ့တောင်ဘက်ခြမ်းသို့ မိုင်ထောင်ချီပျံသန်း၍ မိုးယွန်းကြီးအင်းအပါအဝင် နေထိုင်ကျက်စားရန် အစာရေစာပေါ၍ သင့်လျော်ရာ နေရာဒေသအသီးသီးသို့ နှစ်စဉ်နားခိုရန် ပျံသန်းရောက်ရှိလာကြခြင်းလည်းဖြစ်သည်။

ထိုသို့ ကမ္ဘာ့တောင်ခြမ်းသို့ ပျံသန်းရာတွင် လမ်းကြောင်းကြီး (၉) ခုရှိပါပြီး ယင်းလမ်းကြောင်းကြီးများမှာ အရှေ့အတ္တလန်တိတ် ပျံသန်းလမ်းရာကြောင်း (East Atlantic Flyway) ပင်လယ်နက်/မြေထဲပင်လယ် ပျံသန်းရာလမ်းကြောင်း (Black Sea/ Mediterrannean Flyway)၊ မစ္စစ္စပီ အမေရိက ပျံသန်းရာလမ်းကြောင်း (Mississippi Americas Flyway)၊ အတ္တလန်တိတ် အမေရိက ပျံသန်းရာလမ်းကြောင်း (Atlantic Americas Flyway) ပစိဖိတ် အမေရိက ပျံသန်းရာလမ်းကြောင်း (Pacific Americas Flyway)၊ အနောက်ပစိဖိတ် ပျံသန်းရာလမ်းကြောင်း (West Pacific Flyway)၊ အရှေ့အာရှ သြစတြေးလျ ပျံသန်းရာလမ်းကြောင်း (East Asian- Australasian Flyway)၊ အာရှအလယ် ပျံသန်းရာလမ်းကြောင်း (Central Asian Flyway)၊ အနောက်အာရှ-အရှေ့အာဖရိက ပျံသန်းရာလမ်းကြောင်း (West Asian- East African Flyway) စသည်ဖြင့် ရှိကြသည်။

ထိုလမ်းကြောင်းများအနက်မှ အရှေ့အာရှ သြစတြေးလျ ပျံသန်းရာလမ်းကြောင်း (East Asian- Australasian Flyway) နှင့် အာရှအလယ်ဗဟို ပျံသန်းရာလမ်းကြောင်း (Central Asian Flyway) စသည့် လမ်းကြောင်းကြီးနှစ်ခုမှ ပျမ်းမျှမျိုးစိတ်ပေါင်း ၃၀၀ ကျော်မှာ မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက် ဆောင်းခို၍ နေထိုင်ကျက်စားလေ့ရှိသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းဒေသတွင် ဆောင်းရာသီကုန်ဆုံးချိန်၌ မူရင်းဒေသများသို့ ပြန်လည်ထွက်ခွာ ပျံသန်းကြလေ့ရှိပြီး မူရင်းဒေသသို့ လာရောက်သည့် အကောင်ရေအခြေအနေအတိုင်း ပြန်မရောက်နိုင်သော အခြေအနေမျိုးကို နှစ်စဉ်ကြုံလေ့ရှိသည်။သဘာဝပတ်ဝန်းကျင်တွင် ဇီဝမျိုးစုံမျိုးကွဲများမှာ တစ်ခုနှင့် တစ်ခု အမှီသဟဲပြုနေကြပြီး ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေခြင်းဖြင့် လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူပြုလျက်ရှိသည်။

တစ်နှစ်ထက် တစ်နှစ် ရှားပါးလာသော ဆောင်းခိုငှက်များကို ကာကွယ်ထိန်းသိမ်းရန် ပညာပေးမှုများကို လုပ်ဆောင်ကြရာတွင် မိုးယွန်းကြီးအင်းသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ပြည်တွင်းမှ ငှက်ကြည့်ရှုသည့် ဝါသနာရှင်များသာမကဘဲ တရုတ်နိုင်ငံမှလာသော ဧည့်သည်များအနက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ငှက်ကြည့်ရှုသော ဧည့်သည်များလည်း လာရောက်လေ့ရှိသည်။မိုးယွန်းကြီးအင်းသို့ ငှက်ကြည့်ရှုရန် လာရောက်ရင်း နှစ်စဉ်လာရောက်တတ်သည့် ဆောင်းခိုငှက်များနှင့် ဒေသမျိုးရင်း ငှက်များကို မှန်ပြောင်းဖြင့် ကြည့်ရှုရသည့်အရသာမှာ ငှက်ကြည့်ဝါသနာရှင်များအဖို့ အဖိုးမဖြတ်နိုင်သော ခံစားမှုတစ်မျိုးလည်းဖြစ်သည်။

အဆိုပါမိုးယွန်းကြီးအင်းသည် ဧက ၂၅,၆၀၀ ကျယ်ဝန်းပြီး လယ်ယာနှင့် သစ်တောရေးရာဝန်ကြီးဌာနက မိုးယွန်းကြီးဘေးမဲ့တောအဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ငှက်ကြည့်ဝါသနာရှင်များနှင့် သုတေသနပညာရှင်များက အဆိုပါမိုးယွန်းကြီးအင်းအတွင်းသို့ ဆောင်းခိုငှက်များ အများဆုံးဝင်ရောက်လေ့ရှိသော ကာလအတွင်းတွင် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အများဆုံးလာရောက်ကြည့်ရှုလေ့ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်ရာတွင် မိုးယွန်းကြီးဘေးမဲ့အင်းသို့ ငှက်မျိုးစိတ်ပေါင်း ၃၀ မှ ၄၀ ကြား ဆောင်းခိုလေ့ရှိပြီး ယင်းဆောင်းခိုငှက်မျိုးစိတ်များတွင် မျိုးစိတ်အသစ်များလည်း ပါဝင်လာခဲ့သည်။ယခင်နှစ်က စင်ယော်ငှက်မျိုးစိတ်သစ်တစ်ခု ပထမဆုံးဝင်ရောက်၍ ဆောင်းခိုခဲ့ဖူးပြီး ၎င်းကို မှတ်တမ်းတင်ထားသလို ပြီးခဲ့သော အောက်တိုဘာလအတွင်းက မိုးယွန်းကြီးဘေးမဲ့အင်းသို့ ငှက်မျိုးစိတ် ၁၁ မျိုး ဝင်ရောက်ခဲ့သည်။ ယင်းငှက်များအနက်တွင် မျိုးသုဉ်းရန် အန္တရာယ်နှင့် နီးကပ်နေသော ငှက်မျိုးစိတ်တစ်ခုဖြစ်သည့် ဂေါဒ်ဝစ်နှုတ်သီးရှည်ငှက်နှင့် အခြားသောငှက်မျိုးစိတ်များလည်း လာရောက်၍ ဆောင်းခိုလျက်ရှိသည်။

ဧပြီလလောက်အထိ ဆောင်းခိုရောက်ရှိကြသော ငှက်များတွင် ရေပျော်ငှက်မျိုးစိတ် ၁၈၂ မျိုး ဝင်ရောက်လေ့ရှိပြီး ယင်းအနက်တွင် ခရုတုတ်ငှက်၊ ရေဘဲ၊ တောဝမ်းဘဲ၊ ရေကြက်၊ ဘဲရစ်ငှက်၊ ဒုန်းငှက်၊ ဒေါင်းလန်းခြေထောက်ငှက် စသည်တို့ ပါဝင်လျက်ရှိသည်။

အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းမှ ဆိုက်ဘေးရီးယား၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ရုရှား၊ တရုတ်နှင့် နိုင်ငံပေါင်း ၁၃ နိုင်ငံကို ဖြတ်သန်းသည့် ဆောင်းခိုငှက်များမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်နေသလို အာရှဗဟို ငှက်ပျံသန်းရာလမ်းကြောင်းမှလည်း နိုင်ငံပေါင်း ၃၀ ကို ဖြတ်သန်းပြီး ငှက်မျိုးစိတ်ပေါင်း ၃၀၇ မျိုးက အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက် ဆောင်းခိုလျက်ရှိသည်။

ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကောက်ယူခဲ့သည့်စာရင်းများအရ ငှက်မျိုးစိတ် ၁၂၂ မျိုးမှ ငှက်ကောင်ရေ ၂၉,၀၀၀ ကျော်လောက် ကျက်စားနေထိုင်လျက်ရှိကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။ထိုငှက်မျိုးစိတ်များအနက်တွင် ရေပျော်ဆောင်းခိုငှက် ၃၃ မျိုး၊ ဆောင်းခိုငှက်ကုန်းငှက် ၁၈ မျိုး၊ ဌာနေငှက် ၇၁ မျိုး၊ စုစုပေါင်း ငှက်မျိုးစိတ် ၁၂၂ မျိုးမှာ မိုးယွန်းကြီးအတွင်း၌ ကျက်စားရောက်ရှိနေပြီး ကောင်ရေအားဖြင့် ဆောင်းခိုငှက် ၁၂,၀၀၀ ကောင်နှင့် ဌာနေ ငှက် ၁၇,၀၀၀ စသည်ဖြင့် စုစုပေါင်း ငှက်ကောင်ရေ ၂၉,၀၀၀ လောက် ရှိနေခြင်းလည်းဖြစ်သည်။

အလားတူ တရုတ်နိုင်ငံ၊ ကျန်းစူးပြည်နယ် Suqian မြို့ရှိ Hongze ရေကန်၌လည်း ယခုနှစ်တွင် သောင်းနှင့်ချီသော ငှက်များ စုစည်းရောက်ရှိကာ ဆောင်းခိုနေလျက်ရှိသည်ကို ယင်းနိုင်ငံအခြေစိုက်သတင်းများ၌ ဖော်ပြထားကြသည်။ထိုနေရာသည် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဇုန်လည်းဖြစ်ပြီး တရုတ်မိုင်ပေါင်း ၇၅၀,၀၀၀ ကျယ်ဝန်းသော နေရာလည်းဖြစ်ခဲ့သည်။

ယခုနောက်ပိုင်းတွင် ပတ်ဝန်းကျင်ဂေဟစနစ် ဆက်တိုက်ကောင်းမွန်လာမှုနှင့်အတူ ငှက်အမျိုးအစားများကလည်း တစ်နှစ်ထက် တစ်နှစ် တိုးလာပြီး အမျိုးအစားပေါင်း ၂၃၀ အထိ တိုးလာခဲ့သည်။နှစ်စဉ်ဆောင်းရာသီတွင် ယင်းနေရာသို့ လာရောက်ကြသည့် ရွှေ့ပြောင်းငှက် အကောင်ရေမှာ ငါးသိန်းကျော်ရှိအထိ ရှိလာခဲ့သည်။ထိုဆောင်းခိုငှက်များ လာရောက်ခြင်းသည် ဂေဟဟစနစ်များ ကောင်းမွန်ကာ ၎င်းတို့အတွက် အစာရေစာပေါကြွယ်၀မှု ကောင်းမွန်သည်ကို ထင်ဟပ်ပြသနေလျက်ရှိသည်။ယင်းကဲ့သိုပသော ငှက်များကို အမှီပြုပြီး ဒေသခရီးသွားလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူကောင်းများ ရရှိလာစေမည်ဖြစ်သည်။

ဆောင်းခိုငှက်များ ပျံသန်းသွားလာရာ လမ်းကြောင်းတွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ်များအပါအဝင် အခြားသောငှက်မျိုးစိတ်များမှာ ထိခိုက်သေဆုံးခြင်းတို့ ကြုံလာကြသည်။ယင်းကဲ့သို့ ကြုံရခြင်းမှာ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ကြသလို အများအားဖြင့် လူတို့၏ ပယောဂကြောင့်ဖြစ်ကြသည်။ထို့ကြောင့် မူရင်းဒေသသို့ ပြန်ကြသည့်အခါ မူလလာရောက်ကြသည့်အတိုင်း ကောင်ရေအပြည့်အဝ ပြန်မရောက်နိုင်သောအခြေအနေမျိုးကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိသည်။တစ်နှစ်ထက် တစ်နှစ် ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်များ လျော့နည်းလာမှုကို ကာကွယ်ရန် ဆောင်းခိုငှက်များ လာရောက်ရာ ဒေသများတစ်ဝိုက်ရှိ ဒေသခံများကို အသိပညာပေးခြင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဝန်ထမ်းများက မှတ်တမ်းယူစာရင်းပြုစု၍ အခြေအနေ ခန့်မှန်းတွက်ချက်ခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်နေရသော အခြေအနေမျိုးလည်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်စုစုပေါင်း (၁၈,၀၀၀) ခန့်ရှိကာ မြန်မာနိုင်ငံတွင် (၁,၁၃၆) မျိုး တွေ့ရလေ့ရှိပြီး ငှက်မျိုးစိတ်များသည် ကမ္ဘာအနှံ့အပြားရှိ နေရာဒေသအမျိုးမျိုးတို့တွင် မျိုးစိတ်အလိုက် သင့်လျော်ရာ ဒေသများအသီးသီးတွင် ပျံ့နှံ့နေထိုင်၍ ကျက်စားကြပါသည်။ယင်းငှက်များအနက်မှ မျိုးစိတ်ပေါင်း (၃,၀၀၀) ခန့်သည် ရာသီအလိုက် နေရာဒေသပြောင်းရွှေ့ကာ နေထိုင်လေ့ရှိကြသည်ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၏ မှတ်တမ်းများတွင် ဖော်ပြထားလျက်ရှိသည်။

ထိုသို့ပတ်ဝန်းကျင်ဂေဟစနစ်သာမကဘဲ ခရီးသွားလုပ်ငန်းများအပါအဝင် ဒေသခံများအတွက်ပါ အကျိုးပြုနေသည့် ဆောင်းခိုငှက်များကို ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ဆောင်းခိုငှက်များနေ့အဖြစ် နှစ်စဉ် မေလနှင့် အောက်တိုဘာလတို့၏ ဒုတိယပတ် စနေနေ့များ၌ သတ်မှတ်မှုကို ၂၀၀၆ ခုနှစ်မှ စတင်ပြုလုပ်လာခဲ့သည်။ထိုရက်များတွင် ဆောင်းခိုငှက်များနှင့်ပတ်သက်၍ ဒေသခံများကို အသိပညာပေးမှုများအပါအဝင် ဆောင်းခိုငှက်များ၏ အရေးပါပုံ၊ ပတ်ဝန်းကျင်ဂေဟစနစ်များအပေါ် အကျိုးပြုပုံ၊ ပတ်ဝန်းကျင်အတွက် အမှီသဟဲပြုပုံအပါအဝင် စသည်ဖြင့် ထိန်းသိမ်းနိုင်မည့် အသိပညာပေးမှုများကို မီးမောင်းထိုးကာ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်များကို ကာကွယ်ထိန်းသိမ်းရာတွင် ၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ခြင်းများရှိသော်လည်း ဒေသခံများမှ အားတက်သရော ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်ခြင်းဖြင့် ထိရောက်သည့် အကျိုးရလဒ်ကောင်းများကို ခံစားရရှိစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်