【 ဆောင်းပါး 】 ဆေးလိပ်ဟာ ဘကြီးရဲ့ ရန်သူ

【 ဆောင်းပါး 】 ဆေးလိပ်ဟာ ဘကြီးရဲ့ ရန်သူ

ဆေးလိပ်သမားတွေဆိုတာ ဘာမှန်းမသိတဲ့ အငွေ့တွေကို ဆေးလိပ်စွဲရင် စွဲသလို အမြဲမပြတ် ရှူရှိုက်နေတာတဲ့။ဘကြီးက ကျနော်လူငယ်ဘဝတုန်းက အဲဒီလိုဆုံးမလေ့ရှိတယ်။သူ့တူကို သူ့လို ဆေးလိပ်မသောက်တဲ့သူ ဖြစ်စေလိုတဲ့ ဆန္ဒမွန်။

“ငါတူကြီး စဉ်းစားကြည့်၊ အရက်သမားတွေတောင် အရက်ကို တစ်နေ့လုံးသောက်နိုင်ကြတာမဟုတ်ဘူး။အရက်သောက်ပြီး မူးရင် လဲပြီ။ဆေးလိပ်ကျတော့ တကယ်သောက်တဲ့ကောင်က အိပ်ချိန်နဲ့ စားချိန်ကလွဲရင် လက်ကြားကနေမချဘူး။အလုပ်လုပ်နေရင်းနဲ့တောင် မောလို့ဆိုပြီး ဆေးလိပ်ပြေးသောက်ရသေးတယ်” တဲ့။

ဘကြီးက အဲဒီလို ဆေးလိပ်ဆန့်ကျင်ရေးဝါဒီ။ဒါတောင် ဘကြီးငယ်စဉ်က သူ့ဦးလေး ဆေးတံကြီးခဲလို့ သတင်းစာဖတ်နေတဲ့စတိုင်ကို ကြိုက်လွန်းလို့ အရွယ်ရောက်လာတော့ ဆေးတံခဲဖို့ ကြိုးစားလိုက်သေး။ဘကြီးနဲ့ ဆေးတံ၊ဆေးလိပ်က ဘယ်လိုမှ ရေစက်မပါလို့ပဲလား။ဆေးတံတစ်ဖွာလောက် ဖွာလိုက်တာနဲ့တင် ချောင်းတဟွတ်ဟွတ်ဆိုးနေလိုက်တာမှ နောက်ထပ် ၃ ကြိမ်လောက် စမ်းသပ်ပြီးတဲ့နောက် ဆေးတံခဲပြီး သတင်းစာဖတ်မယ့် စိတ်ကူးကို လုံးဝစွန့်လိုက်တော့တာတဲ့။

ဒါတောင် ဘကြီးအမေနဲ့ ကြီးတော်က ဆေးလိပ်သမားတွေ။ဘကြီးက သူ့နားမှာ ဆေးလိပ်လာဖွာရင်ကို မကြိုက်။မိဘကို လုံးဝပြန်မပြောတတ်တဲ့သား ဆေးလိပ်နဲ့ပတ်သက်ရင် ‘အမေတို့ကလည်း လုပ်ပြန်ပြီ’ လို့ ဆိုတတ်သမို့ သူ့အမေရော ကြီးတော်ပါ သူရှိနေချိန် ဆေးလိပ်မသောက်။

‘ဆေးလိပ်သမားတွေ လူတစ်ကိုယ်လုံးလည်း ဆေးလိပ်နံ့နံနေရော။အဝတ်အစားတွေလည်း နံတာပဲ။စကားပြောလိုက်ရင်လည်း ဆေးလိပ်နံ့က ထောင်းခနဲ။ဒီကြားထဲ အာပုတ်နံ့ နံနေတဲ့အချိန်ဆို ဆေးလိပ်နံ့နဲ့ အာပုတ်နံ့ရောနေတဲ့ အနံ့က အန်ချင်လောက်အောင် နံသေးတယ်’ တဲ့။

‘အရက်သမားက သူသောက်တဲ့အရက် သူတစ်ယောက်တည်းပဲခံရတာ။ကွမ်းသမားဆိုလည်း ကွမ်းစားလို့ ရောဂါဖြစ်ရင် သူ့တစ်ယောက်တည်းပဲခံရတာ။ဆေးလိပ်သမားကျတော့ ဆေးလိပ်သောက်တဲ့သူတင်မကဘူး။သူ့ဘေးနားက ဆေးလိပ်ငွေ့ရှူရတဲ့သူတွေပါ ကျန်းမာရေးထိခိုက်တာ။ဘကြီးက ကိုယ့်ကြောင့် လူတစ်ဖက်သားပါ ဒုက္ခရောက်ရတာမျိုးကို ဆေးလိပ်မှ မဟုတ်ဘူး။ဘယ်အလုပ်ကိုမဆို မကြိုက်တာ” တဲ့။

အဲဒီလို ဆေးလိပ်ငွေ့ကိုပင် လက်မခံနိုင်တဲ့ ဘကြီးက သူလက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင်လည်း ဆေးလိပ်သောက်တဲ့ ဝိုင်းနဲ့ ခပ်လှမ်းလှမ်းမှာထိုင်လေ့ရှိ။သူ့ဝိုင်းလာထိုင်တဲ့ ဆေးလိပ်သမားတွေဆို လူရင်းဆိုရင် ဝိုင်းမှာ ဆေးလိပ်မသောက်ဖို့ ပြောလေ့ရှိ။သိပ်မရင်းလို့ ပြောမကောင်းတဲ့သူဆို ဆေးလိပ်ငွေ့မလာနိုင်မယ့် လမ်းကြောင်းဘက် ပြောင်းထိုင်လေ့ရှိ။ဘကြီးက ဆေးလိပ်နဲ့ပတ်သက်ရင် သိပ်အားမနာ။

ဘကြီး ရန်ကုန်သွားပြီဆို ရထားကို အထက်တန်းတွဲလက်မှတ်ရမှ သွားတာ အဲဒီဆေးလိပ်ကြောင့်ပဲ။အဲဒီတုန်းက မဆလခေတ်၊ ရထားတွဲတွေက စုတ်စုတ်ပြတ်ပြတ်။ရိုးရိုးတန်းရထားတွဲပေါ်မှာ ထိုင်ခုံမဲ့တွေက ပြွတ်သိပ်နေရော။ဘယ်လောက်ထိအောင် ထိုင်ခုံမဲ့များသလဲဆို ထိုင်ခုံရှိတဲ့လူတောင် သူ့ထိုင်ခုံရှေ့ ခြေထောက်ချရ ခက်လှ။လူတွေက ရထားတွဲလူသွားလမ်းပေါ် ဖြစ်သလိုလိုက်ရတာဆိုတော့ ပစ္စည်းတွေကို လွတ်တဲ့နေရာ အကုန်လျှောက်ထိုးထည့်တာနဲ့ ခြေချဖို့ ခက်တာတဲ့။

“ရထားပေါ်မှာ အပေါ့သွားဖို့ဆိုတာ မိုင်းထောင်ထားတဲ့ ရှေ့တန်းရောက်နေတဲ့အတိုင်းပဲ။လျှောက်လမ်းပေါ် ထိုင်နေတဲ့သူ၊ အိပ်နေတဲ့သူကို မနင်းမိအောင် တော်တော်သတိထားသွားရတယ်။ရထားကလည်း ရမ်းနေတာကိုး။ ဈေးရောင်းတဲ့ ယောကျာ်းလေးတွေဆို ထိုင်ခုံလက်ရန်းတွေပေါ်ကနေ နင်းပြီးသွားကြတာ” တဲ့။

ဘကြီးအတွက် အဲဒီလို လူကျပ်တာက ပြဿနာတော့မဟုတ်ဘူး။တကယ့် အကြီးကြီးပြဿနာက ဒီလောက် လူပြည့်သိပ်နေတာတောင် ဆေးလိပ်သောက်ကြတာ။တစ်ခါတရံ လေငြိမ်နေချိန် ရထားသွားနေပေမယ့် ဆေးလိပ်ငွေ့က ရထားအပြင်ဘက်မထွက်ဘဲ ရထားထဲ ပိတ်မိနေတဲ့အခါ ဘကြီးခမျာ ခေါင်းကို ချာချာလည်ချင်ရော။ရထားစီးတဲ့ ဆေးလိပ်သမား လူကြီးတွေက လေတိုက်ပြီး ဆေးလိပ်မီးပွားလွင့်မှာစိုးလို့ ဆေးလိပ်ကို နို့ဆီခွက်ထဲ ထည့်သောက်လေ့ရှိပေမယ့် တချို့တွေက လက်နဲ့အုပ်ပြီး ဆေးလိပ်သောက်တာဆိုတော့ မီးပွားတွေက လွင့်ပေါ့။

“ရထားပေါ် ဟိုလူသောက် ဒီလူသောက်နေတော့ ဘကြီးလည်း ဘယ်ပြောရဲမလဲ။အဲဒါနဲ့ ဘကြီး ကိုယ်ပိုင်ဝင်ငွေရှိတဲ့အချိန်ကစပြီး ရန်ကုန်သွားရင် အပ်ပါး (upper) ပဲ စီးတယ်။အပ်ပါးမရရင် မစီးဘူး။ကိုယ်လည်း ရန်ကုန်သွားခဲတော့ သွားတဲ့အခါ အပ်ပါးပဲ” တဲ့။

အထက်တန်းလက်မှတ်ရဖို့ဆိုတာက အပြင်လူဆို လွယ်တာမှတ်လို့။ဘကြီးသူငယ်ချင်းက အဲဒီတုန်းက ပဲခူးမှာ ရုံပိုင်မို့ သူ့သူငယ်ချင်းဆီ ဖုန်းဆက်။သူ့သူငယ်ချင်း ရုံပိုင်က မော်လမြိုင်လက်မှတ်ရောင်းတဲ့ဌာနဆီ ဖုန်းဆက်ပြောပေး။အဲဒီလိုလမ်းကြောင်းမရှိဘဲ အထက်တန်းတွဲစီးချင်ရင်တော့ မော်လမြိုင်မှာ ၃ ရက်ကြို မနက်အစောကြီး သွားတန်းစီပေတော့။တန်းစီလည်း အထက်တန်းလက်မှတ် လေး၊ ငါးစောင်လောက် ရောင်းပြီးရင် လက်မှတ်ကုန်သွားလေ့ရှိတာမို့ အထက်တန်းလက်မှတ်ကို ဈေးကြီးပေးပြီး မှောင်ခိုဝယ်တာ စိတ်အချရဆုံး။ထားတော့။

ရန်ကုန်ရောက်တော့လည်း ဘကြီးခမျာ လိုင်းကားပေါ်မှာ အဲဒီဆေးလိပ်ပြဿနာကြောင့်ပဲ ရန်ဖြစ်ရသေးတယ်။ဘကြီးက တောသားမို့ ရန်ကုန်လိုင်းကား မစီးချင်။လိုင်းကားက ကျပ်ကကျပ်၊ ခေါင်းကမူးဆိုတော့ ခြေထောက်အညောင်းခံပြီး လမ်းလျှောက်တာကမှ ဟုတ်တုတ်တုတ်။ဒါပေမဲ့ ဘကြီးက လယ်ပိုင်ရှင်သူဌေးမို့ အဲဒီခေတ် အဌားကား B600 နဲ့ သုံးဘီးငှားစီးတာပေါ့။

ရန်ကုန်မှာ တခြားလူတွေနဲ့ တစ်နေရာသွားတယ်ဆို ပြဿနာမရှိ၊ ဘကြီးက သူ့စိတ်ကြိုက် သုံးဘီးတွေဘာတွေ ဌားစီးလိုက်ရုံပဲ။ရန်ကုန်မှာ အနေကြာပြီဖြစ်တဲ့ ဘကြီးရဲ့ညီ (ကျနော့်အဖေ) နဲ့ အပြင်သွားပြီဆိုရင် တကျက်ကျက်။ဘကြီးက သူ့ပိုက်ဆံနဲ့သူ ကားဌားစီးချင်ပေမယ့် ညီဖြစ်သူက မကြိုက်။အလကား ပိုက်ဆံဖြုန်းတီးတယ်ဆိုပြီး လိုင်းကားပဲစီးချင်။သူ့ညီက သူ့ကိုငယ်ငယ်ကတည်းက ဗိုလ်ကျနေကြမို့ လိုင်းကားစီးမယ်ချည်း ဇွတ်တရွတ်။

တစ်ခါက သူ့ညီကိုပြောမရတာနဲ့ လိုင်းကားတိုးစီးမိ။လိုင်းကားပေါ်မှာ သကောင့်သားတစ်ယောက်က ဘယ်သူ့ကိုမှ ဂရုမစိုက် ဆေးပေါ့လိပ်ဖွာမပျက်။ဘကြီးလည်း လိုင်းကားတိုးစီးရလို့ ညစ်နေတာနဲ့ ဆေးလိပ်သောက်နေသူကို မသောက်ဖို့ ပြောရော။ဟိုက ‘ခင်ဗျားအပူပါသလား တောသား’ လို့ ပြောတော့ ပြဿနာကကြီးရော။

‘ဘကြီးကို အဲလူက တောသားမှန်း ဘယ်လိုသိတာလဲ’

‘ဘကြီး အသံဝဲနေလို့ သိတာနေမှာပေါ့။ဘကြီးလည်း ပြန်ငေါက်တော့ ဟိုကထိုးမယ်တွေဘာတွေ စိန်ခေါ်ရော။ဘကြီးက ကြောက်တတ်တဲ့ကောင်၊ထိုးလည်းမထိုးရဲတော့ ငြိမ်ရတာပေါ့။အဲဒါသားအဖေက ဝင်ထိုးတာနဲ့ ဟိုကောင်တော်တော်ထိပြီး ပွဲပြီးသွားရော။အဲဒါနဲ့ သားအဖေက ဘကြီးကို ငြိမ်ခံလို့ဆိုပြီး ပြောရော’ တဲ့။

အဲဒီပြဿာနာလည်းပြီးရော၊ သားအဖေလည်း လိုင်းကားစီးဖို့ မပြောတော့တာ အမြတ်ရလိုက်သတဲ့။ဘကြီးမှာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ပြဿနာက ခပ်များများ။ဆေးလိပ်နဲ့ပတ်သက်ရင် ဘကြီးက လုံးဝသည်းမခံ။ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးအပြစ်အကြောင်း ပြောပြရမယ်ဟေ့ဆို ဘကြီးက မနားတမ်း။

ဆေးလိပ်ဟာ ဘကြီးရဲ့ရန်သူ။ဆေးလိပ်သမားဆို ဘကြီး ကြည့်မရ။

ငြိမ်းဆက်