【 ဆောင်းပါး 】 ဆေးသမားဘဝ သံသရာ

【 ဆောင်းပါး 】 ဆေးသမားဘဝ သံသရာ

ဆေးလိပ်မသောက်တော့တာ နည်းနည်းကြာလာမှ လက်ဖက်ရည်ဆိုင်မှာ မွှန်ထူနေတဲ့ ဆေးလိပ်ငွေ့တွေက ဆေးလိပ်မသောက်တဲ့သူတွေကို ဘယ်လောက်ထိ ဒုက္ခပေးသလဲဆိုတာ ကောင်းကောင်းသိလာတယ်။

တချို့ ကိုယ့်ဘေးနားမှာ မီးခိုးပြောင်းတိုင်ကြီးပမာ ဖွာနေရှိုက်နေရင် အဲဒီပြောင်းတိုင်ကြီးရဲ့ဒဏ်ကို နံဘေးက ဆေးလိပ်မသောက်သူတွေ မျော့နေအောင်ခံရမှန်း ကိုယ်ချင်းစာတတ်လာတယ်။

ကျနော်တို့ငယ်ငယ်တုန်းက အင်မတန်ဆိုးရွားလွန်းသူတချို့ လိုင်းကားပေါ်မှာ ဆေးလိပ်သောက်နေတာမျိုးတွေရှိတယ်။ဘယ်သူ့ကိုမှဂရုမစိုက်၊ငါလုပ်ချင်ရာလုပ်မယ်ဆိုတဲ့အစားမျိုးထဲက လူလို့ခေါ်ရမှာတောင် ခက်လှ။

ဘယ်သူဘာလုပ်လုပ် မသိချင်ယောင်ဆောင် ကိုယ်နဲ့မဆိုင်သလိုနေတဲ့အလေ့ဟာ ရန်ကုန်စတိုင် လူမှုဗေဒလို့ အဓိပ္ပါယ်ဖွင့်ဆိုရကောင်းမလား။ဒါပေမဲ့ တစ်ခါက လိုင်းကားပေါ်မှာ အသက် ၃၀ ကျော်အရွယ် ညှင်းသိုးသိုးတစ်ယောက် ဆေးလိပ်ကြီးမဲဖွာနေတုန်း ပြောင်မြောက်လှတဲ့ ၂၀ ကျော်အရွယ် ခက်လှလှကောင်မလေးတစ်ယောက်က ကားပေါ် ဆေးလိပ်မသောက်ဖို့ ခပ်ပြတ်ပြတ်ငေါက်သံကို ကြားခဲ့ရ။ညှင်းသိုးသိုးခမျာ ကားတစ်စီးလုံးက ဝိုင်းရွံရှာကြတဲ့ မျက်လုံးတွေက ရင်မဆိုင်ရဲလို့ မျက်လွှာအောက်ချ၊ ဆေးလိပ်ကို ကားပေါ်ကနေ လွှင့်ပစ်ချလိုက်ရုံမက ရှေ့မှတ်တိုင်ရောက်တော့ ကားပေါ်ကနေပါ ကုပ်ကုပ်ကလေး ဆင်းသွားတာ အမှတ်ရ။အဲဒီတုန်းက အဲဒီကောင်မလေးလိုမျိုး မပြောရဲခဲ့တာ ကျနော်တော်တော်အရှက်ရမိတယ်။နောက်ပိုင်းမှာတော့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ရှက်ရတာမျိုးတွေမဖြစ်အောင် ကားပေါ်မှာ မဆင်ခြင်တဲ့ ဆေးလိပ်သမားတွေကို ခပ်ပြတ်ပြတ် ငေါက်ငမ်းတတ်လာတယ်။

ပြီးတော့ ဝမ်းမမှန်လို့ ခံတွင်းနံ့နံနေသူတချို့ ဆေးလိပ်သောက်ထားတဲ့အချိန် ခံတွင်းနံ့နဲ့ ဆေးလိပ်နံ့ ပေါင်းစပ်ထားတဲ့ အနံ့ဆိုးက နံဘေး အတူထိုင်စကားပြောနေသူတွေအတွက် တော်တော်ခံရခက်တဲ့ အနံ့ဆိုးမှန်းသိရှိ။တစ်ချိန် ကိုယ်ဆေးလိပ်သောက်နေစဉ်က အဲဒီလို အနံ့ဆိုးမျိုးထွက်ဖူးမှာ သေချာ။တခြားသူတွေ ဘယ်လောက်ခံရခက်ရှာမလဲလို့လည်း ကိုယ်ချင်းစာမိပြန်တယ်။ပြီးတော့ ဆေးလိပ်နံ့ထောင်းထောင်းထနေတဲ့ အိမ်သာထဲ ဆေးလိပ်မသောက်သူတွေ ဝင်သွားမိတဲ့အချိန် စိတ်ညစ်ရတဲ့ဒုက္ခ။

ကျနော့်အဘွားဆို ငယ်ငယ်ကတည်းက ဆေးလိပ်သောက်လာလိုက်တာ အသက် ၇၀ လောက်အထိ သောက်တုန်း။အဲဒီလို အိုးဆားဗစ်ဆေးလိပ်သမားကြီးက အိမ်သာထဲဝင်တိုင်း လုံးဝဆေးလိပ်မသောက်။ဘာလို့လဲလို့မေးကြည့်တော့ မိန်းကလေးတန်မဲ့ အိမ်သာထဲ ဆေးလိပ်ဖွာနေတာ လူကြားမကောင်းဘူး ထင်လို့တဲ့။ဘယ်လိုကြောင့်ဖြစ်ဖြစ် ဆေးလိပ်မသောက်တဲ့ မိသားစုဝင်တွေကို အနှောင့်အယှက်မဖြစ်စေတာတော့ သေချာရဲ့။

ဘာပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်လိုက်တာကြောင့်  ချက်ချင်းဆိုရသလို ရလာတဲ့ အကျိုးကျေးဇူးက ငွေကုန်သက်သာသွားခြင်းပါပဲ။ ၁၉၉၅ ခုနှစ်မတိုင်ခင်ကာလ၊ အဲဒီတုန်းက ၂၀ အရွယ် လူငယ်ဆိုတော့ ဈေးသက်သာတဲ့ ဆေးပေါ့လိပ်ကို အဓိကအားပြုသောက်တယ်ဆိုပေမယ့် လက်ဖက်ရည်ဆိုင်နဲ့ လူမြင်ကွင်းတချို့မှာ ဟန်လုပ်ပြီး စီးကရက်ကောက်ဖွာလိုက်တာမျိုးလည်း နေ့စဉ်နီးပါးရှိတော့ အထိုက်အလျောက်တော့ ငွေကုန်ကျတာပေါ့။

ဟန်လုပ်တတ်တဲ့ သူငယ်ချင်းတချို့ဆို စီးကရက် ၄-၅ လိပ်ဝယ်၊စီးကရက်ဗူးထဲထည့်ပြီး စီးကရက်ဗူးလိုက်သောက်နိုင်တဲ့ပုံမျိုးနဲ့ အိတ်ကတ်ထဲ စီးကရက်ဗူးထည့်ထားတဲ့ စတိုင်ထုတ်။သိပ်မရင်းနှီးတဲ့ ရပ်ကွက်ထဲက တစ်ယောက်ဆို အလုပ်မရှိအကိုင်မရှိ သူ့မိသားစုစီးပွားရေးကလည်း အဆင်တပြေကြီးမဟုတ်ပေမယ့် လက်ဖက်ရည်ဆိုင်ထွက်လာတိုင်း မင်းသားရှုံးလောက်တဲ့ဟန်။သူ့အိတ်ကတ်ထဲမှာလည်း ဘယ်အချိန်မဆို မာဘိုလိုဗူးလိုက်နဲ့ သူဌေးလေးပမာ။တစ်ခါတရံ စီးကရက်ဗူးထဲက မာဘိုလိုထုတ်သောက်လိုက်တော့ တခြားစီးကရက်နံ့နဲ့မတူ ဈေးကြီးတဲ့ မာဘိုလိုနံ့ ယဉ်ယဉ်လေး။

နောက်တော့မှသိရတာက သူ့အိတ်ကတ်ထဲက မာဘိုလိုဗူးခွံထဲ ဈေးအင်မတန်ပေါတဲ့ ပိုလိုစီးကရက်တွေကများများ၊ လိုအပ်လာရင် ဟန်လုပ်ပြီး ထုတ်သောက်ဖို့ မာဘိုလိုအစစ် ၂ လိပ်၊ ၃ လိပ်သာ ဝယ်ထည့်ထားသတဲ့။ကြံကြံဖန်ဖန် ကြွားတတ်ပုံက လက်ဖျားခါလောက်ဖွယ်။

ကျနော် ဆေးလိပ်ဖြတ်လိုက်တဲ့နှစ် ဇာတိမြေတောအရပ်ဆီပြန်တော့ ဆေးလိပ်ဆန့်ကျင်ရေးသမား ဘကြီးက ကျနော့်ကို အထူးတလည် ကြိုဆိုတယ်။ ‘ငါ့တူကြီး အသားအရေ သိသိသာသာစိုလာတယ်’ တဲ့။ ‘ငါ့တူကြီးက ကိုယ့်စိတ်ကိုယ် အင်မတန်နိုင်တယ်’ တဲ့။

‘ကျနော်က ဘွားတော် (အမေ) ပွားလွန်းလို့ တစ်နှစ်ဖြတ်ပြမယ်ဆိုပြီး ဖြတ်တာ။တစ်နှစ်ပြည့်ရင် ပြန်သောက်ချင် သောက်မှာ’ လို့ ဆိုတော့ ဘကြီးက စိတ်မကောင်း။ဖြတ်လက်စနဲ့ ရာသက်ပန်ဖြတ်ဖို့ ဘကြီးက တိုက်တွန်းရှာတယ်။

တကယ်လည်း ဆေးလိပ်ဖြတ်တာ တစ်နှစ်ပြည့်တဲ့နေ့မှာ ဆေးလိပ်ပြန်သောက်တော့ ဘကြီးရော အမေပါ တဖျစ်တောက်တောက်နဲ့။အမေက ဆေးလိပ်မသောက်ရမနေနိုင် စွဲနေပြီဆိုလို့ မခံချင်စိတ်နဲ့ တစ်နှစ်ဖြတ်ပြတ်ခဲ့တာ တကယ်ပြတ်ခဲ့ပြီးခါမှ ဘာ့ကြောင့်ပြန်သောက်လေသလဲ။

တို့ဘဝမှာ ဇိမ်ခံစရာဆိုလို့ သိပ်များများစားစားမှမရှိတာကိုးဆိုတဲ့ ဆင်ခြေနဲ့ ပြန်သောက်ခြင်းဖြစ်ပါတယ်။အဲဒီဆင်ခြေက မှန်ချင်မှ မှန်နိုင်ပေမယ့် ကျနော်ဆေးလိပ်ပြန်သောက်ခဲ့ပြန်တယ်။ဆေးလိပ်ပြန်သောက်ပြီး တစ်လလောက်အကြာမှာ အရင့်အရင်က စံချိန်ကိုပြန်ရောက်ကာ အိပ်ချိန်ကလွဲ ဆေးလိပ်သောက်လိုက်မယ်ဆိုတာချည်း။

၂ နှစ်တာ ဂျီတီအိုင်ကျောင်းသားဘဝ ဆေးလိပ်လက်ကြားကမချ။ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်တော့လည်း ဆေးလိပ်သမားဘဝ။ဒီကြားထဲ စီးကရက်စက်ရုံတစ်ရုံမှာ တစ်နှစ်ကျော်ကြာ ကယောင်ကတမ်း အင်ဂျင်နီယာအလုပ်ရလေတော့ ဆေးပေါ့လိပ်ကိုပင် လှည့်မကြည့်တော့ဘဲ စီးကရက်ချည်းသာ စွဲစွဲလန်းလန်း သောက်ခဲ့လေတာ ကျန်းမာရေးအတွက် ကြောက်စရာ။

ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်တစ်ကြိမ် ဖြတ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဒီဆေးလိပ်ကို ငါမသောက်ချင်တော့တဲ့အချိန် အချိန်မရွေးဖြတ်ပစ်လို့ရတယ်ဆိုတဲ့ ယုံကြည်မှုကရှိလေတော့ ဆေးလိပ်ကို ကျနော်မကြောက်။

အယ်ဒီတာဖြစ်ပြီးတော့မှ မှန်ခန်းထဲ ဆေးလိပ်သောက်ရတာ အဆင်မပြေ။မကြာခဏ အပြင်ထွက် ဆေးလိပ်သောက်နေရတာ အလုပ်မတွင်လို့ ဆေးလိပ်ဖြတ်ပစ်ကာ ကွမ်းပြောင်းစားဖြစ်တယ်။ဆေးလိပ်ဖြတ်ရတာ အလွယ်တကူပါပဲ။အရင်တုန်းကလို ဒုံးတိဖြတ်တာမျိုးမဟုတ်ဘဲ ကွမ်းယာလေး ပါးစပ်ထဲထည့်ပြီး ကာဗာလုပ်ထားတော့ ဖြတ်ရတာ ပထမအကြိမ်ထက် ပိုလွယ်တယ်လို့တောင် ခံစားမိတယ်။

ပြီးတော့ ကွမ်းမရတဲ့ နိုင်ငံရပ်ခြားတစ်နေရာအရောက် ဆေးလိပ်ကို ၆ လလောက် ပြန်သောက်မိ။ပြီးတော့ ပြန်ဖြတ်။ ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ ဆေးလိပ်ကင်းစင် လူသားတစ်ယောက်။ဒီတစ်သက်လည်း ဆေးလိပ်ပြန်သောက်ဖြစ်တော့မှာ မဟုတ်ဘူးလို့လည်း ထင်နေမိ။

ငြိမ်းဆက်