【 ဆောင်းပါး 】 ဆွေမျိုးပေါက်ဖော် ဧည့်သည်များ

【 ဆောင်းပါး 】 ဆွေမျိုးပေါက်ဖော် ဧည့်သည်များ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံအတွင်းမှ ပြည်ပနိုင်ငံများသို့  အဖွဲ့လိုက်ခရီးသွားလာမှုများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ဆိုင်းငံ့ထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြုလာပြီဖြစ်သည်။

ထိုကဲ့သို့ ပြည်ပနိုင်ငံများသို့ အဖွဲ့လိုက်ခရီးသွားလာခွင့်ကို တစ်ဆင့်စီ ခွင့်ပြုလုပ်ဆောင်ခဲ့ရာမှ မကြာသေးမီက တတိယအကြိမ် ထုတ်ပြန်ရာတွင် ပြည်ပသို့ အဖွဲ့လိုက်ခရီးသွားလာမှုခွင့်ပြုသည့် နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံ ပါဝင်လာခဲ့သည်။

ယခုလို တတိယအကြိမ်အဖြစ် ပြန်လည်ခွင့်ပြုလိုက်သည့် အာရှနိုင်ငံများအနက်တွင် မြန်မာနိုင်ငံအပါအဝင် အိုမန်၊ ပါကစ္စတန်၊ ဘာရိန်း၊ တောင်ကိုရီးယား၊ ကာတာ၊ လက်ဘနွန်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ တူရကီ၊ အစ္စရေး၊ အိန္ဒိယ စသည့် နိုင်ငံများလည်း ပါဝင်လာခဲ့သည်။

ဤသည်မှာ ၃ နှစ်ခွဲခန့်အကြာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အဖွဲ့လိုက်ခရီးသွားလာမှုများကို ပြန်လည်စတင်ခြင်းပင်ဖြစ်သည်။

အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသို့ အများဆုံးဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်များမှာ တရုတ်ခရီးသွားဧည့်သည်များဖြစ်ကြသည်။မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးအတွက် ဗီဇာဖြေလျှော့ပေးသည့် အစီအစဉ်များကိုလည်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ရန် ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါအဖွဲ့လိုက်ခရီးသွားလာခွင့်ပြုလိုက်သည့် စာရင်းတွင်ပါဝင်သော နိုင်ငံများသို့ တရုတ်နိုင်ငံသားများမှ အဖွဲ့လိုက်ခရီးသွားလာနိုင်ရန် ပြီးခဲ့သော သြဂုတ်လ ၁၀ ရက်မှစတင်၍ ယင်းနိုင်ငံတစ်ဝန်းလုံးတွင်ရှိသော လေယာဉ်လက်မှတ်ဆိုင်ရာလုပ်ငန်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းများ၊ ခရီးသွားအေဂျင်စီများနှင့် အွန်လိုင်းခရီးသွားကုမ္ပဏီများကို တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုလာခဲ့သည်။ယင်းကဲ့သို့ အဖွဲ့လိုက်ခရီးသွားလာခွင့်အတွက် တရုတ်ပြည်တွင်းရှိ ခရီးသွားလာရေးလုပ်ငန်းများကို ရှေ့ပြေးလုပ်ငန်းစဉ်များအဖြစ် ယခင်ကခွင့်ပြုပေးခဲ့ပြီးနောက် လုပ်ငန်းစဉ်များ စနစ်တကျဖြစ်လာကာ အဆင်ပြေချောမွေ့စွာ လည်ပတ်လာနိုင်မှုနှင့်အတူ ယခုလိုခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့သော ခရီးသွားလာမှုဖလှယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို တရုတ်နိုင်ငံရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တက်ကြွစွာလုပ်ဆောင်နေသလို ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကြောင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ အများအပြားလာရောက်မှုအပေါ် အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများ၌ လည်ပတ်ကြမည့် တရုတ်ခရီးသွားဧည့်သည်များအနေဖြင့် အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး၊ ခရီးသွားရာသီအမီ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေး၊ ဘာသာစကားနှင့် နေထိုင်သွားလာရေး အခြေအနေများအတွက်ကိုလည်း ခရီးသွားကုမ္ပဏီများအပါအဝင် ခရီးသွားကဏ္ဍ၌ လုပ်ကိုင်နေသူတိုင်းက အလေးထားကာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လ (၂၈) ရက်တွင် နေပြည်တော်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ကိုဗစ်မတိုင်ခင် ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်းကျော်အထိရှိခဲ့သည်။ထိုခရီးသွားများအနက်တွင် တရုတ်ခရီးသွားဧည့်သည်များလည်း အပါအဝင်ဖြစ်ခဲ့သည်။ကိုဗစ်ပြီးသည့်နောက်ပိုင်းတွင် တရုတ်ခရီးသွားဧည့်သည်များ တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။

ပြီးခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး လာရောက်ခဲ့ပြီး ယင်းလာရောက်သူဦးရေအနက် ၁၃ ဒသမ ၁၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ လာရောက်သည့် ဧည့်သည်များပင်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်းကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ် ဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ခရီးသွားလာရေးဆိုင်ရာ ကဏ္ဍများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပါအဝင် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာလည်ပတ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်ရေး၊ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေး အစရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍများအတွက် ဆွေးနွေးခဲ့ကြသည်။ထို့အပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အာဆီယံ-တရုတ် ဗဟိုဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာခရီးသွားပြပွဲများ၊ ပွဲတော်များနှင့် ကုန်စည်ပြပွဲများသို့ မြန်မာဘက်မှ တက်ရောက်နိုင်ရန် ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်များမှာ လေးသိန်းကျော်ရှိလာပြီဖြစ်သည်။ ယင်းကာလအတွင်း တရုတ်ခရီးသွား ဧည့်သည်များမှာ စုစုပေါင်း ၈၆,၀၀၀ ကျော် လာရောက်ခဲ့ကြပြီး နောက်ပိုင်းတွင် ပိုမိုများပြားလာမည်ဟုလည်း ခန့်မှန်းထားကြသည်။ထိုသို့လာရောက်ကြသည့် တရုတ်ခရီးသွားဧည့်သည်များမှာ ဇန်နဝါရီလအတွင်း ၃၉၆၅ ဦး၊ ဖေဖော်ဝါရီလတွင် ၁၄,၉၁၃ ဦး၊ မတ်လတွင် ၂၈,၃၈၅ ဦး၊ ဧပြီလတွင် ၃၈,၈၈၆ ဦးအထိ လာရောက်ခဲ့ကြခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံ၏ မိုးရာသီကာလလည်းဖြစ်နေသော်လည်း တဖွဲဖွဲဖြင့် ဝင်ရောက်မှုရှိလာခဲ့သည်။သို့ရာတွင် မကြာခင်ရောက်ရှိလာမည့် ပွင့်လင်းရာသီနှင့်အတူ တရုတ်ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်မည့် အခြေအနေမျိုး ဖြစ်လာနိုင်မည်ကိုလည်း ခရီးသွားလုပ်ငန်းဏ္ဍမှ ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

ကိုဗစ်ကာလက ရပ်နားခဲ့ရသော အခြေအနေများမှာ ယခုကာလတွင် ပြန်လည်ကာ လည်ပတ်လာသည့်အတွက် ပြည်တွင်းက ဒေသခံများမှာလည်း ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ခရီးစဉ်အတွင်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်စေရေးအတွက်လည်း ဘာသာစကားသင်တန်းများကို ပြန်လည်ဖွင့်လှစ်ပေးလာပြီဖြစ်သည်။

ခရီးသွားကဏ္ဍတွင် လုပ်ကိုင်အသက်မွေးနေကြသူ အားလုံးမှာလည်း ဧည့်သည်ဝင်ရောက်မှု ကျဆင်းရာမှ စားဝတ်နေရေးကျပ်တည်းသွားသော အခြေအနေကို ပြန်လည်ကုစားပေးနိုင်တော့မည်ဖြစ်သည်။ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းအစီအစဉ်များကို ဟန်ချက်ညီညီ လုပ်ဆောင်ကြသည့်အခါတွင်လည်း တက်ကြွနေလျက်ရှိကြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလည်းရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ လာကြမည့် ဧည့်သည်တော်များကို မျှော်လင့်ချက်များဖြင့် စောင့်မျှော်နေကြပေသည်။

ဧပရယ်လ်