【 ဆောင်းပါး 】 ဇာတိရပ်ရွာ မရှိသည်လား… ရှိသည်လား.. မရေမရာဘဝတွေ

【 ဆောင်းပါး 】 ဇာတိရပ်ရွာ မရှိသည်လား… ရှိသည်လား.. မရေမရာဘဝတွေ

အတိတ်ခြေရာသည် ကောက်လျှင် ကောက်သလို ရှည်လျားတတ်လို့ ဆုံးသည်လည်းမရှိ။ထို့ကြောင့် ဖြစ်ခဲ့သည်များကို လူတွေက ပြန်မတွေးကြတာ၊ ပြန်မစဉ်းစားကြတတ်တာဖြစ်မည်။

ကျနော်က ရန်ကုန်သားစစ်စစ်ဖြစ်သည်။သို့သော် အမေ့ဇာတိ တောရပ်တောရွာကို ပိုခုံမင်သည်။အမေက ဆယ်နှစ်သမီးအရွယ်ကပင် ဇာတိဘက်ကနေ စစ်ဘေးကြောင့် ရန်ကုန်၊ ဆင်ဖြေဖုံးဒေသသို့ မိသားစုလိုက်ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။တစ်ခါတလေ ငယ်စဉ်က ပြည့်ပြည့်စုံစုံနေရသည့်ဘဝကို အမေက ပြန်ပြောင်းပြောလေ့ရှိသည်။ထိုအခါ ရာဝင်အိုးများနှင့် တစ်မိုးစာ ငပိသိပ်ထားသည်များ၊ စပါးကို တစ်လစာကုန်မှ တစ်လစာထောင်းပြီး စားကြသည်များ၊ တစ်ရွာနှင့် တစ်ရွာ လှည်းနှင့်မဟုတ်ဘဲ မြစ်ချောင်းပေါများသောအရပ်ဖြစ်သဖြင့် လှေနှင့်သွားရင်း တစ်အိုးစာ သားငါးကို ဘယ်တံငါသည်ဆီကဖြစ်ဖြစ် ပေးတတ်သည်များကို အမေ့ဆီက ကြားရသည်။အရာရာပေါများကာ ရပ်ဆွေရပ်မျိုးကို ချစ်ခင်စောင့်ရှောက်တတ်ကြသည့် တောဓလေ့တောအရပ်မို့  အမေနေခဲ့သည့် ရွာနှင့် ဒေသပတ်ဝန်းကျင်မှာ ကျနော်တို့စိတ်ထဲ ကိုယ်ရပ်ကိုယ်ရွာလို စွဲနေခဲ့သည်။

ထို့ကြောင့် ဇာတိရပ်ရွာများအကြောင်း စဉ်းစားမိသည့်အခါ မြစ်ဘေးမှာရှိသည့် အမေ့ရွာကို စိတ်ထဲ အရင်ဆုံးပြေးပေါ်သည်။အမေက ဘာပဲပြောပြော ရွာအကြောင်းပြောရလျှင် ဘယ်တော့မှမမော။ငါတို့ငယ်ငယ်ကဟု အစချီကာပြောပြီဆို နေ့တစ်ဝက်လည်းရသည်။အမေ၏ ဇာတိလွမ်းစိတ်ကို အမေမှာ သည်လိုဖြေသိမ့်ပုံရလေသည်။

ကျနော်တို့မှာ အမေ့ရွာသို့ မရောက်ဖူးသော်လည်း အမေ့စကားတွေကြောင့် ရောက်ဖူးသကဲ့သို့ ဖြစ်နေသည်။အမေပြောလေ့ရှိသည့် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲလေ့ရှိသည့် ကျွဲညီနောင်၊ သမ္မာန်ဆိပ်ကနေ ဂျပန်တွေ တက်လာလို့ ပြေးရသည့် အဖြစ်တွေ။အဲဒီကာလ ငပိတောင်ရှားလို့ ဖွက်စားရသည့် ခေတ်၊ ဗုံးကြဲသည့်လေယာဉ်တွေ လာသည့်အခါ ဆေးလိပ်မီးတောင် မဖွာရဲသည့်အဖြစ်၊ ကလေးငိုသံတောင် မိုးပေါ်ကနေကြားမှာစိုးလို့ ပါးစပ်အတင်းပိတ်ထားရတဲ့အထိ အကြောက်ကြီးခဲ့ရသည့် အဖြစ်တွေ။ဒါတွေကို ကျနော်တို့ အိမ်ယာဝင် ပုံပြင်သဖွယ် မကြာခဏကြားရသည်။

ဒီလိုဖြတ်သန်းမှုမျိုးသည် တစ်ချိန်တွင် ကိုယ်လည်း ကြုံလာနိုင်သည်မျိုး ကျနော်တို့တွေးထင်ထားမှုမျိုး မရှိခဲ့။ပြန်စဉ်းစားကြည့်တော့ အမေတို့ မရချင်ဘဲ ရခဲ့သော ဘဝအတွေ့အကြုံသည် ကျနော်တို့အတွက် မရနိုင်သော ဘဝဖြတ်သန်းမှုမျိုးဖြစ်သည်။အမေတို့က ဒီလိုမျိုးခေတ်ပျက်ခေတ်ကြပ်တွေကို တောက်လျှောက်ကြုံလာခဲ့ရတော့ အရာရာမမြဲသည့် သဘောကို ဆင်ခြင်နိုင်သည်။ထို့ကြောင့်လည်း စည်ကားရာအရပ်ကနေ မြို့သစ်သို့ ရွှေ့ရသည့်အခါ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ခြင်းပင်ဖြစ်သည်။

အမေက ဇာတိရပ်ရွာတွေအကြောင်း ပြောသည့်အခါ နောင်တစ်ချိန် ငါတို့လည်း ငါတို့သားသမီး မြေးမြစ်တွေကို ငါတို့ဇာတိဆိုတာ ဘာလဲဆိုတာကိုပြောဖို့ ရှိပါ့ရှိပါမလားဆိုတာ တွေးမိသည်။ဘာကြောင့်လဲဆို ကျနော်တို့ခေတ်မှာ မကြာခဏဆိုသလို ရပ်ကွက်ဖျက်တာ၊ ရပ်ကွက်သိမ်းတာ၊ လမ်းဖောက်တာ၊စီမံကိန်းမလွတ်တာနှင့် ရွှေ့ရပြောင်းရလွန်းသဖြင့် နေရာတစ်ခုတွင် အများဆုံးနေရလှ ဆယ်နှစ် ဆယ့်ငါးနှစ်သာဖြစ်သည်။

ယခုနေသည့် မြို့သစ်မှာလည်း မြို့စတင်တည်ကတည်းက နေလာသည်ဖြစ်သော်လည်း ဆယ်နှစ်ကျော်အတွင်း ရွှေ့ပြောင်းများ၊အလုပ်သမားများဖြင့် စည်ကားလာသဖြင့် မြို့ကြီးတစ်ခုလိုဖြစ်လာရာ အတွေ့အကြုံအရ ဘာစီမံကိန်း၊ ညာစီမံကိန်းတွေပေါ်လာပြီး ပြောင်းရလေဦးမလားဟု စိတ်ထဲက ထင့်မိသည်။

ဒီလိုပြောမိတော့ ဇာတိအဖြစ် ပထမနေခဲ့သည့် ရပ်ကွက်မှာ ဖြစ်ခဲ့တာတွေ ပြန်သတိရမိသည်။ထိုစဉ်က ၁၉၈၅ ခုနှစ်လောက်ဖြစ်မည်။လမ်းထဲ မြေလာတိုင်းသည်။ရထားလမ်းတစ်လျှောက် လာတိုင်းခြင်းဖြစ်ပြီး ဘေးကရပ်ကွက်တွေကို တိုင်းသည်။ထို့နောက် နှစ်နှစ်လောက် ပျောက်သွားသည်။ ၈၈ အရေးအခင်းဖြစ်ပြီးနောက် ပြန်ပေါ်လာသည်။ဒီတစ်ခါကျတော့ မြေတိုင်းတာက ရထားလမ်းဘက်မဟုတ်။ရပ်ကွက်အလယ်ကိုဖြတ်ပြီး တိုင်းခြင်းဖြစ်သည်။ ၁၉၈၅ ခုနှစ်လောက်တုန်းက မြို့စွန်သာသာရှိသော ကျနော်တို့နေရာ ရပ်ကွက်မှာ ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် အတော်ကိုစည်ကားနေပြီ။သို့သော် အားချင်းပင် လမ်းတွေ ဖြတ်ဖောက်သဖြင့် လမ်းအူကြောင်းနှင့် လမ်းဘေးကျသည့် မြေမလွတ်သူများ မြို့သစ်သို့ ပြောင်းရသည်။ထိုစဉ်က ပို့တာ အုတ်ဖိုမြို့သစ်။နောင်တော့ ရွှေပြည်သာဆိုပြီး ဖြစ်လာသည်။ထိုစဉ်တုန်းက ရွှေ့လိုက်ရသည့် လူတွေ အခုထိ ရွှေပြည်သာ ထန်းခြောက်ပင်၊ ကားလေးဂိတ် စသည့် နေရာအနီးတစ်ဝိုက်မှာ ယခုထိရှိသေးသည်။  

ဒီကနေ့ နောက်တစ်သုတ် တဲပေါ်ကနေ တိုက်ပေါ်တင်ဆိုပြီး ရပ်ကွက်တွေကို ဖျက်ကာ ကန်ထရိုက်တိုက်တွေ ဆောက်သည်။တိုက်ခန်း ယူချင်ယူ၊ မယူလျှင် လျော်ကြေးနှင့် မြေကွက်။ဒီမှာ ရပ်ကွက်တွေ အတော်များများပျက်ပြီး တိုက်ခန်းတွေပေါ် စုပြုံကာ ရောက်ကုန်သည်။ယခင် မြေကျယ်ကျယ်လွင့်လွင့်ကနေ အခန်းကျဉ်းလေးထဲ ထိုးထည့်လိုက်သလို။တကယ်အမြတ်ထွက်တာက စီးပွားရေးသမားတွေနှင့် ထိုတုန်းက လုပ်ပိုင်ခွင့်ရှိသူတွေ။ဘယ်လောက်အကျိုးမြတ်ရှိသလဲဆို ယခုထိပ်တန်းချမ်းသာသူအတော်များများမှာ ထိုစဉ်တုန်းက ထိုသို့သော စီမံကိန်းများတွင် တာဝန်ယူလုပ်ခဲ့သူများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဒီကနေ နောက်တစ်ဆင့် လမ်းတွေ ပြန်ဖောက်ပြန်သည်။ဒီမှာ နေအိမ်တွေ ထပ်ပါပြန်သည်။ထိုအတွက် ကာလပေါက်စျေးတောင် အဖျားစွန်းမကပ်သည့် လျော်ကြေးနှင့်။ဒီလိုနှင့် ရွှေ့ရပြောင်းရပြန်သည်။ထိုပြောင်းရွေ့မှုထဲ ကျနော်တို့မိသားစု ပါသွားသည်။ဒီတစ်ခါ မြို့သစ်က လှိုင်သာယာ။ဒုက္ခရောက်ကြသည်ဖြစ်ချင်း။ကျနော်တို့နေခဲ့သည့် နေရာတွေကတော့ တိုက်ကြီးတာကြီးတွေ ခြံကြီးဝင်းကြီးတွေ ဖြစ်ကုန်ပြီ။

ပြန်စဉ်းစားကြည့်တော့ ဇာတိကနေ ရွှေ့ပြောင်းရခြင်းသည် မိမိသဘောဆန္ဒအရ ရွေ့ပြောင်းခြင်းထက် တစ်စုံတစ်ခုသော ဖိအားကြောင့် ပြောင်းရခြင်းက များနေသည်ကို တွေ့ရသည်။

အမေတို့ခေတ်ကတော့ သေဘေးကို စိုးရွံ့သဖြင့် တောမှာ အခြေတကျဖြစ်နေသည်ကို စွန့်ပစ်ကာ မြို့သို့တက်လာကြပြီး အစကနေ ပြန်စရသည်။ကျနော်တို့ကျတော့ မပြောင်းရင်မဖြစ်လို့ ပြောင်းပေးရသည့် အမိန့်တွေကြောင့်ဖြစ်သည်။ပြောင်းရသဖြင့် အသိုက်တစ်ခုလုံးပျက်သည်။အရာရာ အစကနေ ပြန်စရသည်။ခဏခဏဆိုတော့ ဘဝတွေကို ပြန်မစနိုင်တော့။တကယ်တော့ လမ်းများ၊ တံတားများကြောင့် ပြောင်းပေးရသည်ဆိုလျှင် မထောင်းတာ။ဒီလိုမဟုတ်ဘဲ လူတချို့ အကျိုးစီးပွားအတွက် အိမ်ရာစီမံကိန်းများလိုမျိုးအတွက် ပြောင်းရသည်ဆိုသောအခါ နှင်ထုတ်ခံရသလို ရင်ထဲ နင့်ခနဲ ခံစားရသည်။

ပြောနေရင်း စကားလမ်းကြောင်းက ပြောင်းသွားသည်။တကယ်တော့ ကျနော်ပြောချင်သည်က ကျနော်တို့ နေဖို့နေရာ အခုထိပင် မတည်ငြိမ်ဖြစ်နေခြင်းကိုဖြစ်သည်။နေရာတစ်ခု စည်ကားလာပြီ၊ အချက်အချာကျလာပြီဆို ရွှေ့ရပြီ။ဒီလိုမျိုးချည်းပဲ ဘဝတစ်လျှောက် ကြုံလာရသည့်အခါ ရပ်ကွက်စည်ကားလာတိုင်း စိတ်ထဲ ငါတို့ရွှေ့ပေးရတော့မလားဆိုသည့် စိတ်ခံစားမှုမျိုးက လာလာထင်နေလေသည်။ ဒီလိုတွေကြောင့် ကျနော်တို့ငယ်ဘဝ အစသည် ဘယ်မှာမှန်း ရေရေရာရာ သေသေချာချာမသိ။ဇာတိလို့ ပြောသည့်အခါတိုင်း ရန်ကုန်လို့သာပြောနိုင်ပြီး ဇာတိနှင့် ငယ်စဉ်ကအကြောင်း တွဲဖက်ပြောသည့်အခါ ကျနော်တို့မှာ ပြောစရာ သေသေချာချာ ရေရေရာရာ မရှိခြင်းဖြစ်သည်။

ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ပြည်တွင်းစစ်ခေတ်မျိုး ဖြတ်ခဲ့ရသည့် အမေမှာတောင် ငယ်စဉ်က ဘယ်မှာနေခဲ့ရသည် ဘယ်လိုပျော်ခဲ့ရသည် အရင်ကလူတွေဆိုတာ ဘယ်လိုဘယ်ဝါဆိုတာ ပြောဖို့ရှိသေးသည်။ငြိမ်းချမ်းသည်ဟု သမုတ်သောခေတ်တွင် နေခဲ့ရသည့် ကျနော်တို့ အသက်ငါးဆယ် ခြောက်ဆယ်တန်းတွေမှာ ငယ်စဉ်က ဘယ်မှာနေခဲ့သည် ဘယ်လိုပျော်ခဲ့ရသည်ကို ကျနော်တို့သားသမီးမြေးမြစ်တွေကိုပြောဖို့ ရေရေရာရာမရှိ။

တစ်ခါတလေ ငြိမ်းချမ်းသောခေတ်မှာ နေရသည်ဆိုသော ကျနော်တို့က မငြိမ်းချမ်းသော ခေတ်မှာနေရသည့် အမေတို့ထက် ပိုပြီးအဖြစ်ဆိုးနေသလို။  

ဒါသည် ….. ဝဋ်လား၊ ကံလားဆိုတာ ယခုထိတိုင် ကျနော်မသဲကွဲ ….. ။

မောင်ဦးလွင်
Photo Credit - Lost Footsteps