【 ဆောင်းပါး 】 တစ်ကိုယ်ကောင်းစိတ်

【 ဆောင်းပါး 】 တစ်ကိုယ်ကောင်းစိတ်

လောကသည် လူများစုနေထိုင်သော ကမ္ဘာ၊ လူများစုနေထိုင်သော နေရာဖြစ်သည်။

လင်နှင့် မယား၊ မိဘနှင့် သားသမီး၊ ဆွေမျိုးညီအစ်ကိုမောင်နှမများ မိတ်ဆွေအပေါင်းအသင်းများ လူမျိုးစုများ စုစည်းနေထိုင်သော လောကကြီးဖြစ်သည်။ထိုလောကကြီး ငြိမ်းချမ်းသာယာဖို့ စည်ကားသိုက်မြိုက်ဖို့ ပျော်ရွှင်ကြည်နူးဖို့ တိုးတက်မြင့်မားဖို့သည် စည်းလုံးညီညွတ်မှုရှိဖို့ အဓိကဖြစ်သည်။

စည်လုံးညီညွတ်မှု မပျက်စီးစေရန် အရေးအကြီးဆုံးက တစ်ယောက်နှင့် တစ်ယောက် စိတ်ဝမ်းမကွဲဖို့ဖြစ်သည်။စိတ်ဝမ်းမကွဲဘဲ သွေးစည်းညီညွတ်နေဖို့ တစ်ဦးစီ တစ်ယောက်စီတိုင်း တစ်ကိုယ်ကောင်းစိတ်မဝင်အောင် ကိုယ့်ကိုယ်ကိုယ် သတိထား ထိန်းသိမ်းကြရမည်ဖြစ်သည်။

တချို့ဆိုလျှင် မိသားစုအချင်းချင်းကိုတောင် တစ်ကိုယ်ကောင်းစိတ်မွေးပြီး ဆက်ဆံတတ်ကြသည်။လင်ယောင်္ကျားက မိန်းမကို လခနည်းနည်းပဲအပ်ပြီး သူကတော့ အပြင်မှာ သုံးချင်တာသုံး ဖြုန်းချင်တာဖြုန်းကာ အိမ်က သားသမီး၊ သားမယားကို လုံးဝအားမနာ လုံးဝမညှာတာဘဲ သူ့တစ်ကိုယ်တည်း စိတ်ချမ်းသာဖို့ လုပ်ချင်တာလုပ်တာမျိုးဖြစ်သည်။

ကျွန်တော်တို့ ငယ်စဉ်က နေထိုင်ခဲ့သောလမ်းမှာ အရက်သမားတစ်ယောက် တွေ့ခဲ့ဖူးသည်။သူက လက်သမားတစ်ယောက်ဖြစ်သည်။အိမ်ကို လစာလုံးဝပြန်မအပ်ဘဲ သူ့လစာကို သူ့ဘာသာသုံးပစ်သည်။အပေါင်းအသင်းများနှင့် အရက်သောက်သည်။တစ်ခါတလေ ဖဲရိုက်သည်။မိန်းမက ကီလီဈေးမှာ အသီးအနှံများဝယ်ကာ ဘူတာရုံဈေးလေးတွင် ပြန်ရောင်းသည်။သားသမီးက ခုနစ်ယောက်ရှိသည်။အကြီးဆုံးသားက ကျွန်တော်နှင့်ရွယ်တူ ကျွန်တော့်သူငယ်ချင်းဖြစ်သည်။သားသုံးယောက်ပြီးတော့ သမီးတစ်ယောက် နောက်ဆုံးသုံးယောက်က သားတွေဖြစ်သည်။

သားသမီးခုနစ်ယောက်လုံး အတန်းကျောင်း မနေခဲ့ကြရ။တစ်လမ်းလုံးက ကလေးတွေထဲမှာ စာသင်ကျောင်းကိုသွားပြီး စာသင်ခွင့်မရခဲ့တာ သူတို့မောင်နှမခုနစ်ယောက်ပဲရှိသည်။ကျွန်တော့်သူငယ်ချင်းက အကြီးဆုံးဖြစ်ပြီး လိမ္မာသည်။ကျွန်တော်တို့ အလယ်တန်းတက်သည့်အချိန်တွင် သူက ရေနံဆီမီးဖိုလုပ်သည့်ဆိုင်မှာ တောက်တိုမယ်ရ အလုပ်သမားလေးဘဝနှင့် လခစားလေးဖြစ်နေပြီ။ သူ့အဖေက အိမ်ကို လခပြန်မအပ်သည့်အပြင် မိန်းမကိုရန်ရှာပြီး အရက်ဖိုး၊ ဖဲဖိုး တောင်းသည်။သားကြီးက ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်လုပ်နေရသည်ကို မသနားသည့်အပြင် သားရသည့် လစာထဲကပင် သူ့အရက်ဖိုးပေးရသေးသည်။တကယ့်ကို တစ်ကိုယ်ကောင်းသမား အတ္တဝါဒီကြီးပါ။

တစ်ကိုယ်ကောင်းသမားတစ်ယောက်သည် သူ့မိဘမျက်နှာမထောက်၊ သူ့သားသမီးမျက်နှာမထောက်၊ သူ့အိမ်ထောင်ဖက်မျက်နှာလည်းမထောက် သူကောင်းစားဖို့ သူသက်သာဖို့က သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။

ငါးရာ့ငါးဆယ် တယောဓမ္မဇာတ်မှ တစ်ကိုယ်ကောင်းစိတ် လွန်ကဲမှုကြောင့် သားသမီးအရင်းတွေကို တောင်သေသေရှင်ရှင် ဂရုမစိုက်ဘဲ ဒုက္ခပေး၍ လိုအပ်လာလျှင် သတ်ပစ်သည်အထိ မိုက်မိုက်မဲမဲ တစ်ကိုယ်ကောင်းဆန်သော မျောက်တစ်ကောင်ရှိခဲ့သည်။ထိုမျောက်သည် ဒေဝဒတ်လောင်းဖြစ်သည်။

သူသည် မျောက်အပေါင်းခြံရံကာ ဟိမဝန္တာတော တစ်နေရာတွင် နေသည်။သူသည် မျောက်များ၏ အကြီးအကဲဖြစ်သော်လည်း ခေါင်းဆောင်ကောင်း မဟုတ်ပေ။အကြီးအမှူးခေါင်းဆောင်ကောင်းတို့တွင် ရှိသင့်သော အရည်အချင်း တစ်ခုမှမရှိပေ။သူမွေးထားသော သူ့သား မျောက်ကလေးများကိုတောင် လုံးဝသက်ညှာခြင်းမရှိပေ။မွေးဖွားလာသော မျောက်ထီးလေးများကို နောင်သောအခါ သူ့ကိုတော်လှန်မည်ကို စိုးရိမ်ကာ ငယ်စဉ်ကပင် ဝှေးစေ့များကို ကိုက်ဖြတ်ထားသည်။သူနှင့်ညားသော မျောက်မတွေကမွေးသည့် သားမှန်သမျှကို ဘယ်တစ်ကောင်မှ ညှာတာခြင်းမရှိပေ။ထိုမျှအထိ တစ်ကိုယ်ကောင်းစိတ် လွန်ကဲသူဖြစ်သည်။

ဒေဝဒတ်လောင်း မျောက်ဆိုးကြီးနှင့် ညားဖူးသော မျောက်မတွေထဲမှ တစ်ကောင်သော မျောက်မသည် ပဋိသန္ဓေရှိလာသောအခါ မျောက်ဆိုးကြီးအကြောင်း သိသောကြောင့် သူ့သားသမီးကို ကြိုတင်ကာကွယ်သည့်အနေနှင့် တိတ်တဆိတ်ထွက်သွားပြီး အခြားတောင်ခြေတစ်ခုတွင် သားငယ်ကို မွေးဖွားခဲ့လေသည်။မျောက်ဆိုးကြီးဆီကိုလည်း လုံးဝပြန်မသွားတော့ပေ။

မွေးဖွားလာသော ဘုရားလောင်းမျောက်သည် အလွန်ကျန်းမာသန်စွမ်းသည်။အရွယ်ရောက်လာသည်နှင့်အမျှ ခွန်အားဗလလည်းကောင်းသည်။ဉာဏ်ရည်လည်း ထက်မြက်သည်။သူ့ဘခင် မျောက်ကြီးရှိကြောင်း သိရသောအခါ ဘခင်ဆီသွားချင်ကြောင်း ပြောသည်။မိခင် မျောက်မကြီးက မျောက်ကြီး၏ စိတ်ယုတ်မာကြောင့် သားငယ်အတွက် စိုးရိမ်ပြီး ယခုကဲ့သို့ ပုန်းလျှိုးကွယ်လျှိုးနေရတာဖြစ်ကြောင်း ရှင်းပြပြီး မသွားရန် တားမြစ်သည်။သားဖြစ်သူက တွင်တွင်တောင်းဆိုနေသဖြင့် နောက်ဆုံးတွင် ပို့ပေးလိုက်ရလေတော့သည်။

မျောက်ဆိုးကြီးသည် သူ့သားမျောက်လေးကို တွေ့သည်နှင့် သူစိုးရိမ်ရမည့်သူမှန်း သိလိုက်၏။ထို့ကြောင့် ဝမ်းသာအားရပုံစံဖမ်းကာ မျောက်လေးကို အားရှိပါးရှိဖက်သည်။တကယ်တော့ အားပါးတရ ဖက်ဟန်ဆောင်ကာ မျောက်လေး၏ လည်ပင်းကို ညှစ်သတ်နေခြင်းသာဖြစ်သည်။မျောက်ကလေးကတော့ သူ့အဖေ မျောက်ဆိုးကြီး သူ့ကိုလုပ်ကြံသည်ကို သိသည်။သို့သော်လည်း သူ့အရွယ်၊ သူ့ဗလ၊ သူ့အင်အားကြောင့် အနည်းငယ်နာကျင်မှုတောင် မခံစားခဲ့ရပေ။မျောက်ဆိုးကြီးသည် သူ့သားမျောက်လေးကို သူကိုယ်တိုင်သတ်လို့တော့ မည်သို့မှမဖြစ်နိုင်ကြောင်း ကောင်းကောင်းသိသွားသည်။ထို့ကြောင့် ပရိယာယ်ဆင်ကာ သူသည်အသက်ကြီးပြီဖြစ်လို့ သားငယ်ကို မျောက်အားလုံး၏ အကြီးအကဲအဖြစ် နေရာပေးတော့မည်ဖြစ်၍ သူမှာသော ကြာပန်းများကို သွားခူးရန် တာဝန်ပေးသည်။ဘီလူးစောင့်သော ရေကန်တွင် ကုမုဒြာကြာနှစ်ပွင့်၊ ဥပ္ပလကြာသုံးပွင့်၊ ပဒုမ္မာကြာငါးပွင့်တို့ကို ခူးခိုင်းလိုက်သည်။

ဘုရားလောင်း မျောက်လေးသည် ကြာပန်းရှိရာ ရေကန်သို့ရောက်သည်နှင့် ဘီလူးစောင့်သော ရေကန်ဖြစ်နိုင်ကြောင်း တွက်ဆမိသည်။ထို့ကြောင့် အန္တရာယ်ကင်း ဘေးကင်းဆိုပြီး ရေကန်ထဲသို့မဆင်းဘဲ သည်ဘက်ကမ်းစပ်မှ ဟိုဘက်ကမ်းစပ်၊ ဟိုဘက်ကမ်းစပ်မှ သည်ဘက်ကမ်းစပ် ခုန်ပျံကျော်လွှားရင်း ကြာပန်းများကို ခူးလေသည်။မကြာမီမှာပင် သူ့အဖေ မျောက်ကြီးမှာသော ကြာပန်းအရေအတွက်ကို ခူးနိုင်ခဲ့လေသည်။

ရေကန်စောင့်ဘီလူးသည် မျောက်လေး၏ အရည်အချင်းကို မျက်မြင်တွေ့နေသဖြင့် များစွာသဘောကျသွား သည်။ထို့ကြောင့် ရဲရင့်ခြင်း၊လုံ့လဝီရိယရှိခြင်း၊ ပညာဉာဏ်အမြော်အမြင်ရှိခြင်းဟူသော အရည်အချင်းသုံးပါးရှိသောသူသည် လောကကို အောင်မြင်နိုင်ကြောင်း ထိုအရည်အချင်းသုံးမျိုးလုံးနှင့် ပြည့်စုံသော မျောက်လေးကို လေးစားချီးကျူးကြောင်း ပြောသည်။ထို့နောက် ကြာပန်းများကို ကူညီသယ်ယူကာ မျောက်လေးကို လိုက်ပို့ပေးလေသည်။

မျောက်လေးသည် အသက်မသေဘဲ သူ့ကိုသတ်ရမည့် ဘီလူးကပင် သူ့ကိုကူညီကာ ကြာပန်းများသယ်လာတာမြင်တော့ သားမျောက်ကလေးကို ဘယ်လိုမှသတ်လို့မရနိုင်တော့ကြောင်း သေချာသွားပြီဖြစ်သဖြင့် ရင်ထဲမှာ သောကပရိဒေဝမီးတောက်လောင်ကာ ထိုလောဘဇောကြောင့်ပင် နှလုံးကွဲကာ သွေးအန်ပြီး သေသွားရှာလေသည်။မျောက်အပေါင်းလည်း ဝမ်းသာအားရနှင့် မျောက်ဆိုးကြီး၏သား မျောက်လေးကို သူတို့အားလုံး၏ အကြီးအကဲအဖြစ် တင်မြှောက်ကြလေသည်။

မျောက်ကလေးသည် အကြီးအကဲကောင်းပီသစွာ သူ့လက်အောက်မှ မျောက်အားလုံးကို မေတ္တာကရုဏာထားကာ သတ္တိရှိရှိ၊ စိတ်ကောင်းရှိရှိ၊ အမြော်အမြင်ရှိရှိနှင့် အုပ်ချုပ်သောကြောင့် မျောက်တွေအားလုံး ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်ကြည်နူးကြရလေသည်။

တကယ်တော့ တစ်ကိုယ်ကောင်းစိတ်ဆိုတာ အတ္တစိတ်ပါပဲ။အတ္တဆိုတာကြီးလျှင်ကြီးသလောက် ကိုယ့်အတွက်ရော ကိုယ့်မိသားစုအတွက်ပါ အန္တရာယ်ရှိသည်။ထို့ကြောင့် တစ်ကိုယ်ကောင်းစိတ် မမွေးမိအောင် ကြိုးစားကြရမည်။ကိုယ်ချင်းစာစိတ်မွေး၍ မိသားစုကို တန်ဖိုးထားရမည်။တစ်ဖက်လူ၏ စကားကို နားမထောင်တတ်သောအကျင့်များကို ပြင်ရမည်။တခြားသူများ၏ အမြင်တွေ အတွေးအထင်တွေကို နားထောင်ပေးပြီး လက်ခံသင့်တာကို လက်ခံပေးရမည်။

အမှားလုပ်ခဲ့မိလျှင်လည်း သူများကိုဝန်မခံချင်တောင် ကိုယ့်ကိုယ်ကိုယ်ဝန်ခံဖို့ လိုအပ်သည်။ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရန် အမြဲအဆင်သင့် ဖြစ်နေသင့်ပေသည်။

ရိုက်မောင်း
Photo Credit - Google