【 ဆောင်းပါး 】 တရုတ်နှစ်ကူး ရိုးရာအကများနှင့် ယဉ်ကျေးမှုတို့ တူညီရာ

【 ဆောင်းပါး 】 တရုတ်နှစ်ကူး ရိုးရာအကများနှင့် ယဉ်ကျေးမှုတို့ တူညီရာ

တစ်နှစ် တစ်ခါ တရုတ်လူမျိုးများ၏ စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုများနှင့် တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်ကာလ ရောက်ရှိနေပြီဖြစ်သည်။

နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံသာမက ယဉ်ကျေးမှုများ စီးဆင်းရာ ကမ္ဘာတစ်ဝန်းက မြို့ကြီးများတွင်လည်း လွင်နေသော အနီရောင်အလှအပများ၊ ရောင်စုံအကအလှများနှင့် နှစ်သစ်ကူး၏ ပုံရိပ်တချို့ကို မြင်တွေ့ရမည်ဖြစ်သည်။

တရုတ်ပြည်တစ်ခွင်လုံးတွင် ရောင်စုံအလှအပများနှင့် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ခရီးသွားအပန်းဖြေမှုများဖြင့် စည်ကားလျက်ရှိသည်။ရှန်ဟိုင်းမြို့ကြီး၏ Yuyuan ရှေးဟောင်းဥယျာဉ်တွင် ရိုးရာအနုပညာ မီးပုံးပွဲတော်များ၊ နဂါးကြီးနှင့် အဏ္ဏဝါတိရစ္ဆာန်များ၊ သစ်ပင်များနှင့် ရောယှက်ကာ စည်ကားလှပနေသော နှစ်သစ်ကူး နွေဦးပွဲတော်က ခမ်းနားလျက်ရှိနေသည်။

မြန်မာပြည်က ရန်ကုန်မြို့တွင် ဇန်နဝါရီလကတည်းကပင် တရုတ်နှစ်သစ်ကူးပွဲတော်၏ အရိပ်အငွေ့များ လွှမ်းခြုံခဲ့ခြင်းဖြစ်သည်။နှစ်သစ်ကူးကာလတွင် ကြည့်ရှုခံစားရလေ့ရှိသည့် တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကတို့ သည် တရုတ်နိုင်ငံတွင်သာမက မြန်မာလူမျိုးများကလည်း ရင်းနှီးကျွမ်းဝင်နေသည့် အကဖြစ်သည်။

တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကအလှများကို တရုတ်လူငယ်များသာမက မြန်မာ၊ ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်း အစရှိသည့် တိုင်းရင်းသားလူငယ်များကလည်း စိတ်ဝင်တစား သင်ယူကာ ကပြဖျော်ဖြေကြသည်။တရုတ်နှစ်သစ်ကူး မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကပွဲများအတွက် လေ့ကျင့်ရေးကာလများရှိကြသည်။

တရုတ်နှစ်သစ်ကူးပွဲတော်များတွင် အရေးပါလှသော ရိုးရာအကများ၏ သမိုင်းကြောင်းများကို လေ့လာကြည့်လျှင် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။တရုတ်ရိုးရာ ခြင်္သေ့အကသည် တရုတ်နှစ်သစ်ကူးပွဲတော်များသာမက တရုတ်ရိုးရာပွဲတော်များ၊ ဘုရားပွဲတော်များ၊ မင်္ဂလာပွဲများနှင့် စီးပွားရေးလုပ်ငန်း ဖွင့်ပွဲများတွင် ကကြသည့် အကဖြစ်သည်။

ရှေးအခါက တရုတ်လူမျိုးများသည် ၎င်းတို့နေအိမ်တွင် စီးပွားလာဘ်လာဘတိုး၍ မင်္ဂလာရှိခြင်း၊ ကျက်သရေရှိခြင်းနှင့် မကောင်းသည့် နိမိတ်များမှ ဖယ်ရှားရန် အယူအဆဖြင့် ပွဲအခမ်းအနားများတွင် ခြင်္သေ့အကကို ကပြဖျော်ဖြေခြင်းဖြစ်သည်။တရုတ်လူမျိုးတို့က ခြင်္သေ့ရုပ်တု ထုလုပ်ခြင်းသည် မကောင်းဆိုးဝါး ပရလောကသားများ အနှောင့်အယှက်မပေးနိုင်ကြောင်း အယူအဆရှိသည်။ထို့ကြောင့် တရုတ်ပြည်တွင် ဗုဒ္ဓသာသာနာ ထွန်းကာလာသည်နှင့်အမျှ ခြင်္သေ့ရုပ်ထုများကို ဗုဒ္ဓကျောင်းဆောင်များ၊ နန်းတော်တံခါးရှေ့များတွင် ထုလုပ်ခဲ့ကြသည်ဟု မှတ်တမ်းများရှိသည်။

မြန်မာနိုင်ငံတွင်လည်း ခြင်္သေ့သည် ရဲရင့်သော တောဘုရင် ကေသရာဇာ ခြင်္သေ့မင်းအဖြစ် သတ်မှတ် တင်စားကြပြီး ဒဏ္ဍာရီရာဇဝင်များလည်းရှိသည်။ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ စေတီ၊ ပုထိုးများရှိ မုခ်ဦးတိုင်းတွင် ခြင်္သေ့ရုပ်များ ထုလုပ်ထားကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ခြင်္သေ့ရုပ် မပါသော စေတီပုထိုးများဟူ၍ မရှိသလောက် ရှားပါးသည်။ဤသို့ဖြင့်ပင် တရုတ်လူမျိုးများနှင့် မြန်မာလူမျိုးတို့ကြား ခြင်္သေ့သတ္တဝါကို အလေးအမြတ်ထား ယုံကြည်သော အယူအဆ၊ ယဉ်ကျေးမှုတို့ တူညီနေကြသည်။

မြန်မာနိုင်ငံတွင် ထူးခြားသော တရုတ်ရိုးရာ အစဉ်အလာများရှိသည့် ခြင်္သေ့အကများကို တရုတ်နှစ်သစ်ကူးကာလများတွင် အထူးတလည် တွေ့ရသကဲ့သို့ပင် နဂါးအကယဉ်ကျေးမှုကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်သည်။နဂါးကို တရုတ်လူမျိုးတို့က ဒဏ္ဍာရီလာ ကောင်းခြင်းသုခမင်္ဂလာကို သယ်ဆောင်ပေးသည့် မြင့်မြတ်သော သတ္တဝါဟု တင်စားထားကြသည်။နဂါးသည် အာဏာ၊ ဂုဏ်သိက္ခာ၊ ဉာဏ်ပညာ၊ မင်္ဂလာရှိခြင်းတို့ ဆောင်ကြဉ်းပေးသည် သိရသည်။နဂါးအကသည် တစ်ဦးတစ်ယောက်တည်း က၍ရသည့် အကမဟုတ်ဘဲ လူများစွာ ပါဝင်ကပြရသဖြင့် ပေါင်းစည်းညီညွတ်မှုကို ဖော်ပြသည်။

နဂါးအကသည် ခြင်္သေ့အကထက် အရင်ဦးစွာ ပေါ်ပေါက်ခဲ့သော တရုတ်ရိုးရာအကဖြစ်ပြီး နဂါးအက ကမည့်သူများသည် အကကျွမ်းကျင်ဖို့ လိုအပ်ကြသည်။နဂါးတစ်ကောင်လုံးရှိ အစိတ်အပိုင်းများအားလုံး ဟန်ချက်ညီညီ လှုပ်ရှားမှသာ သက်ဝင်လှုပ်ရှားသော နဂါးအကကို မြင်တွေ့ရမည်ဖြစ်သည်။နဂါးအကကို အများအားဖြင့် နှစ်သစ်ကူးပွဲတော်ရက်ကာလများတွင် ကပြဖျော်ဖြေလေ့ရှိသည်။

နဂါးအက ကရာတွင် လူနှစ်ဦး ကပြဖျော်ဖြေပေးနိုင်သည့် ၁၀ ပေအရွယ်အစားမှ လူပေါင်းများစွာ ပါဝင်ကပြရသည့် ပေ ၁၀၀ ၊ ၂၀၀ အထိ ရှည်လျားသော နဂါးရုပ်များလည်းရှိသည်။တရုတ်လူမျိုးများ၏ ရိုးရာယုံကြည်မှုအရ နဂါး၏အလျား ပိုရှည်ခြင်းသည် ချမ်းသာကြွယ်ဝခြင်းကို ပိုမိုရရှိနိုင်သည်ဟု အယူအဆများရှိကြသည်။

နဂါးအကကို တရုတ်ပြည်တွင်သာမက မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ဂျပန်၊ ကိုရီးယား စသည့် တရုတ်လူမျိုးအများစု နေထိုင်ရာ နိုင်ငံများတွင် တွေ့ရှိရသည်။

မြန်မာလူမျိုးများတွင်လည်း ရှေ့ခေတ်ရာဇဝင်သမိုင်းကြောင်းများ၌ နဂါးနှင့်ပတ်သက်သော ရာဇဝင်များ ရှိခဲ့ပါသည်။နဂါးသတ္တဝါကို ယုံကြည်ကိုးကွယ်မှုများ ယနေ့အချိန်ကာလအထိရှိကြသည်။ထို့ကြောင့်ပင် နဂါးသည် တရုတ်လူမျိုးများနှင့် မြန်မာလူမျိုးများအတွက် အရေးပါသော ရိုးရာဓလေ့များ၊ ယုံကြည်မှုများနှင့် ယနေ့တိုင်ရှိနေပါသည်။

ဤသို့ဖြင့်ပင် တရုတ်နှစ်သစ်ကူးကာလရောက်ပြီဆိုလျှင် တရုတ်ရိုးရာ ခြင်္သေ့အကနှင့် နဂါးအကတို့ကို လူမျိုးအစုံ ပေါင်းစည်းကာ အတူတကွ ကပြဖျော်ဖြေမှုများကို ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်ရိုးရာ ယဉ်ကျေးမှုအကများဖြစ်သည့် ခြင်္သေ့အကနှင့် နဂါးအကတို့ကို ကပြဖျော်ဖြေသူများပြီး ကျောင်းသားများအတွက် နွေရာသီသင်တန်းများလည်းရှိကြသည်။ထို့ပြင် နဂါးအကပြိုင်ပွဲ၊ ခြင်္သေ့အကပြိုင်ပွဲများလည်းရှိသည်။

နဂါးအကပြိုင်ပွဲများကို တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကာလရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကျင်းပလေ့ရှိသည်။ခြင်္သေ့အကနှင့် နဂါးအကတို့သည် ပွဲတော်များတွင် ကျင်းပသော ရိုးရာအကတစ်ခုသာမဟုတ်ဘဲ အားကစားပြိုင်ပွဲအဖြစ်လည်း ထင်ရှားပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မလေးရှားနိုင်ငံ၊ ဂျန်တင်းမြို့တွင် ကျင်းပသော ကမ္ဘာ့ချန်ပီယံရှစ် ခြင်္သေ့အကပြိုင်ပွဲတွင် မြန်မာနိုင်ငံအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ယင်းပြိုင်ပွဲကြီးတွင် ကမ္ဘာတစ်ဝန်းမှ အသင်းပေါင်း ၃၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လသာမြို့နယ်တွင် တရုတ်နှစ်သစ်ကူးကာလများ၌ အနယ်နယ်မှ အကအဖွဲ့များနှင့် ခြင်္သေ့အကပြိုင်ပွဲများနှင့် နဂါးအကပြိုင်ပွဲများ၊ အလှပြပြိုင်ပွဲများ ကျင်းပလေ့ရှိကြသည်။တရုတ်ဘုရားကျောင်းတွင် နဂါးအလှများဖြင့် တရုတ်နှစ်သစ်ဆုတောင်း တေးသီချင်းများနှင့် အကအလှဖျော်ဖြေပွဲများကို ကျင်းပကြလေ့ရှိသည်။

တရုတ်လူမျိုးတို့၏ အစဉ်အလာကြီးမားသော နှစ်သစ်ကူး ရိုးရာအကများသည် မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့် စုပေါင်းနေထိုင်ကြသည့် မြန်မာနိုင်ငံတွင်လည်း အရေးပါသော ယဉ်ကျေးမှုအကများအဖြစ်ရှိနေပါသည်။သို့ဖြစ်၍ နှစ်နိုင်ငံယဉ်ကျေးမှုတို့ တူညီရာ၊ စုပေါင်းရာမှတစ်ဆင့် ချစ်ကြည်ရေးကို ရုပ်လုံးပေါ်လွင်လာသော အနုပညာတစ်ရပ်အဖြစ်ရှိနေပါသည်။

အမွန်