【 ဆောင်းပါး 】 တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှ မြန်မာ့ထုတ်ကုန်တို့၏ အနာဂတ်

【 ဆောင်းပါး 】 တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှ မြန်မာ့ထုတ်ကုန်တို့၏ အနာဂတ်

သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၀ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၇ ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲကို စည်ကားစွာ ကျင်းပခဲ့သည်။

၎င်းပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၁၀၀ ကျော်က လယ်ယာထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အဖိုးတန် ကျောက်မျက်ရတနာပစ္စည်းများကို ပါဝင်ပြသခဲ့ကြသည်။

မြန်မာနိုင်ငံမှ လက်ဖက်၊ လက်ဖက်ခြောက်၊ ပျားရည်၊ သီဟိုဋ်စေ့၊ ကော်ဖီ၊ ဆီးဖျော်ရည် အစရှိသည့် စားသောက်ကုန်များအပြင် မြန်မာ့ကျောက်မျက်ရတနာများကို ပြပွဲလာသူများက စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။

တရုတ်ကုမ္ပဏီများက မြန်မာ့သီဟိုဋ်စေ့ကို စိတ်ဝင်စား၍ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ခရီးသွားလုပ်ငန်းများကိုလည်း စိတ်ဝင်စားကြသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်စည်ပြပွဲမှ ရလဒ်အနေဖြင့် Made in Myanmar ကို လူသိပိုများလာပြီး အာဆီယံဈေးကွက်ကိုပါ ချဲ့ထွင်နိုင်သည့် အခွင့်အလမ်းများကို ရရှိခဲ့သည်။

မြန်မာလုပ်ငန်းရှင်များကလည်း ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းနမူနာများကို ကြည့်ရှုအတုယုနိုင်သည့် အခွင့်အလမ်းများရရှိခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံသို့လည်း အခွင့်အလမ်းများပေးနေသည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် မြန်မာထုတ်ကုန်ဈေးကွက်အတွက် ကျယ်ပြန့်သော ဈေးကွက်ကို ဖန်တီးပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်း ကုန်စည်ပြပွဲများကို နှစ်စဉ်ပါဝင်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကုန်စည်ပြပွဲတွင် ဆွေးနွေးမှုဖိုရမ်များလည်း ပါဝင်သည့်အတွက် စီးပွားရေးအခွင့်အလမ်းများနှင့် လိုအပ်သော ဖြေလျှော့မှုများကို ဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။

China South Asia Southeast Asia Cross Border e-commerce Industry Center သည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များကို live sales ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို live sales ရောင်းချနိုင်သည့် Broadcast Room တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြည်တွင်းထုတ်ကုန်များ ပြည်ပနိုင်ငံသို့ ထိုးဖောက်နိုင်ဖို့ဆိုရာတွင် ကုန်အမှတ်တံဆိပ် (Brand) က အရေးကြီးပါသည်။စားသုံးဈေးကွက်အတွင်း ယုံကြည်လက်ခံနိုင်မှုတို့ကို အဓိကကိုင်ဆွဲထားရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် နှစ်စဉ်ကျင်းပသော နိုင်ငံတကာကုန်စည်ပြပွဲများတွင် ချိတ်ဆက်ရရှိပါက ဝင်ရောက်ပြသလေ့ရှိသည်။အထူးသဖြင့် တရုတ်နိုင်ငံရှိ ပြည်နယ်များတွင် ကျင်းပသော ကုန်စည်ပြပွဲများသို့ ဝင်ရောက်ပြသခြင်းက အများဆုံးဖြစ်သည်။ပြည်တွင်း၌လည်း တရုတ်နှင့် ကုန်စည်ပြပွဲများ အပြန်အလှန်ကျင်းပလေ့ရှိကြသည်။

ပြီးခဲ့သည့် မေလအတွင်းက နေပြည်တော်တွင် စတုတ္ထအကြိမ် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပခဲ့သည်။ ယခုလို ကုန်စည်ပြပွဲများ ကျင်းပခြင်းသည် စီးပွားရေးမိတ်ဖက်များကိုရရှိခြင်း၊ ရင်းနှီးမြုပ်နှံသူများနှင့် အပြန်အလှန်ယုံကြည်မှုကို ဖြစ်စေသည်။ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပရိသတ်အား ကျယ်ကျယ်ပြန့်ပြန့် ချပြနိုင်သည်။အခြားသော အသွင်တူလုပ်ငန်းများကိုလည်း လေ့လာနိုင်ပြီး မိမိလုပ်ငန်းနှင့်ယှဉ်၍ အားသာချက်၊ အားနည်းချက်များကို စုဆောင်းနိုင်သည်။

ယေဘုယျအားဖြင့် နိုင်ငံတကာကုန်စည်ပြပွဲများသည် စီးပွားရေးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို လွယ်ကူချောမွေ့စေသည့် ပလက်ဖောင်းများဖြစ်သည်။၎င်းတို့သည် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရန်၊ ပြသရန်၊ လေ့လာရန်၊ ယှဉ်ပြိုင်နိုင်သော ကမ္ဘာ့ပတ်ဝန်းကျင်တွင် ရှင်သန်ရန် နေရာတစ်ခုအဖြစ် အခွင့်အရေးများရှိနေသည်။

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးရေးအခြေခံ အားကောင်းသော နိုင်ငံတစ်ခုဖြစ်သည်။ဒေသအလိုက် ထင်ရှားသော ကုန်အမှတ်တံဆိပ် (Brand) ထုတ်ကုန်များရှိသည်။ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွာငံကော်ဖီ၊ မိုးကုတ်လက်ဖက်၊ ပျဉ်းမနားမျှစ်ချဉ်၊ ပုသိမ်ဟာလဝါ စသည့် ထင်ရှားသော ထုတ်ကုန်များစွာရှိသည်။ထို့အပြင် ပုဂံဒေသက ယွန်းထည်နှင့် အနုသုခမလက်ရာများလည်း ပြည်ပနိုင်ငံများတွင် ထင်ရှားသည်။

ရတနာများတွင် မိုးကုတ်က ပတ္တမြားနှင့် မြန်မာ့ကျောက်စိမ်းတို့က နိုင်ငံတကာတွင် ထင်ရှားသော မြန်မာ့အမှတ်တံဆိပ်များပင်ဖြစ်ပေသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၃ ခုနှစ်က စတင်ရေးဆွဲခဲ့သည်။ ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အတွင်း စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ လယ်ယာထွက်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍတို့ဖြင့် ဦးစားပေးကဏ္ဍ (၁၈) ခုဖြင့် အကောင်အထည်ဖော်မည်ဟု အမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲထားသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးမှ ထုတ်ကုန်များသည် ပြည်ပနိုင်ငံများသို့ ထိုးဖောက်ရာတွင် အားသာချက်များစွာရှိသော်လည်း အဓိကစိန်ခေါ်မှုမှာ သိုလှောင်မှု၊ ထုတ်ပိုးမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာလိုအပ်ချက်များလည်း အထိုက်အလျောက်ရှိနေပါသေးသည်။

တရုတ်နိုင်ငံတွင် ကျင်းပသော ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ၊ ဆန်နှင့် ဆန်ကွဲသည် နှစ်သက်သူများပြီး မျက်နှာပန်းလှခဲ့သည်။မြန်မာ့ကျောက်စိမ်းကို တရုတ်လူမျိုးတို့က ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားသဖြင့် ဈေးကောင်းပေးဝယ်ကြသည်။ဆန်နှင့် ဆန်ကွဲသည် တရုတ်ပြည်၏ အစားအသောက်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အဓိကအရည်အသွေးကို ပေးစွမ်းနိုင်သော ကုန်ကြမ်းပစ္စည်းများအဖြစ် မျက်နှာပန်းလှခဲ့သည်။

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၇ ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအတွက် အနာဂတ်ကောင်းကျိုးများကိုရရှိခဲ့သည်။ယခုပြပွဲတွင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းတို့ ထုတ်ကုန်များ ဈေးကွက်အလားအလာကောင်းများ ရရှိခဲ့သကဲ့သို့ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာများလည်း ဈေးကွက်အားသာချက်များ ရရှိခဲ့သည်ဟု သိရသည်။

၎င်းကုန်စည်ပြပွဲတွင်  AJ Myanmar Good Brother Group ကုမ္ပဏီလိမိတက်၊ Global Earth Agro and Aqua International ကုမ္ပဏီလိမိတက်နှင့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့က တရုတ်နိုင်ငံရှိ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့အခြေစိုက် ကုမ္ပဏီလေးခုတို့နှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းများနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

သို့ဖြစ်၍ တရုတ်-မြန်မာကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ စသည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများမှတစ်ဆင့် Made in Myanmar brand များသည် စားသုံးသူဈေးကွက် အလွန်ကြီးမားသော အိမ်နီးချင်း တရုတ်နိုင်ငံဈေးကွက်မှ ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။

အမွန်