【 ဆောင်းပါး 】 တောင်ဥက္ကလာ အရွေ့

【 ဆောင်းပါး 】 တောင်ဥက္ကလာ အရွေ့

တောင်ဥက္ကလာကို ကျနော် စရောက်ခါစ မဆလခေတ် နေဝင်ရီတရောကာလတုန်းက အိမ်ဆိုတာ ကျဉ်းတိကျဉ်းမြောင်းလေးပါပဲ။အိမ်ထဲကို ဝင်လိုက်တာနဲ့ ဖိနပ်ချွတ်နေရာကျဉ်းကျဉ်း။နောက်တစ်ဆင့် တက်လိုက်တော့ ဧည့်ခန်းကျဉ်းကျဉ်း။ပြီးတော့ အိမ်သာနဲ့ မီးခိုးခန်းကျဉ်းကျဉ်း တွဲလျက်။ဧည့်ခန်းနဲ့တွဲလျက် ညာဘက်မှာကျတော့ အိပ်ခန်း ၂ ခန်း။အိမ်ကကျဉ်းတော့ ကိုယ်စီနားလည်မှုနဲ့ ထမင်းစားချိန် အိမ်သာမတက်ကြေး။

ကျနော်တို့ တစ်ရပ်ကွက်လုံး အဲဒီလို အိမ်ခန်းကျဉ်းကျဉ်း ၂ ခန်းတွဲတွေ ပုံစံတူ။လယ်ကွင်းပြင်ပေါ် လမ်းဖြစ်တယ်ဆိုရုံလောက်နဲ့ မြို့သစ်တည်ထားတာကြောင့် မြို့သစ်တည်ခါစ ၁၉၇၀ ဝန်းကျင်ကာလက ကျနော်တို့ရပ်ကွက်ဆိုတာ အရိပ်မရှိ၊ ဗွက်တောတွေထဲ လွင်တီးခေါင်။

ကျနော် ရန်ကုန်ရောက်တဲ့အချိန် တောင်ဥက္ကလာက ကျနော်တို့ရပ်ကွက်မှာ အရိပ်ရအပင်တွေ ဖားဖားလျားလျား ဗွက်တောထဲ ရုန်းကန်လျှောက်ရတဲ့ခေတ် မရှိတော့ပေမယ့် တိုက်ပုပုလေးတွေက မပြောင်းမလဲ၊ များသောအားဖြင့် ဆောက်ပေးထားတဲ့ ပုံစံအတိုင်း။ ၂ ခန်းတွဲဆိုပေမယ့် သူ့ဘက်မှာ သူ့ခြံ၊ ကိုယ့်ဘက်မှာ ကိုယ့်ခြံလေး ပေ ၄၀၊ ပေ ၆၀ လောက်ရှိနေတော့ အသက်ရှူရတာတော့ ချောင်တာပေါ့။

၁၉၈၈ ခုနှစ် မတိုင်ခင်လောက်ကျတော့ ငွေကြေးနည်းနည်းတတ်နိုင်သူတွေက ကိုယ့်အိမ်ကိုယ် ချဲ့လာကြတယ်။ကျနော်တို့အိမ်ဆို ပထမ နောက်ဖေးမီးဖိုခန်းကို ချဲ့လိုက်တာကြောင့် အိမ်သာနဲ့ ထမင်းဟင်းချက်တဲ့နေရာ ကပ်လျက်ရှိနေတဲ့အဖြစ်ကနေ လွတ်သွားတယ်။

မှတ်မှတ်ရရ၊ ၁၉၈၇ ခုနှစ်မှာ ကျနော်တို့ အိမ်ရှေ့ခန်းတစ်ခန်း ထပ်ချဲ့လိုက်တယ်။အဲဒီချဲ့လိုက်တဲ့ အခန်းမှာ ဘုရားခန်းသပ်သပ်လုပ်လိုက်တဲ့အပြင် ဧည့်ခန်းဆိုတာလည်း တော်တော်ကျယ်သွားတော့တယ်။ပြီးတော့ အိမ်ရှေ့ ပြတင်းပေါက်တွေက တရုတ်ကတ်မှန်တွေဆိုတော့ လှတပတ။

အဲဒီကာလတွေမှာ ကျနော်တို့ရပ်ကွက်ထဲက အိမ်တွေချဲ့ကြတာ တော်တော်များလေတော့ မူလက တစ်ပုံစံတည်းသော အိမ်ပုံစံ အချိုးပျက်သွားတော့တယ်။ဒါပေမဲ့ ကျနော်တို့ရပ်ကွက်က ဝန်ထမ်းခပ်များများနဲ့ ဖွဲ့စည်းထားတာကြောင့် အိမ်တိုင်းလည်း ဘယ်ပြင်ဆင် ချဲ့ထွင်နိုင်ပါ့မလဲ။

၁၉၈၈ ခုနှစ် ဒီဘက်ရောက်တော့လည်း အိမ်တွေ ထပ်ချဲ့တာ အောတိုက်။ကျနော်တို့အိမ်ဆို အိမ်နောက်ဘက် ထမင်းစားခန်းတစ်ခန်း၊ မီးခိုခန်းနဲ့ ရေချိုးခန်းအိမ်သာ ထပ်ချဲ့လိုက်တာကြောင့် တော်တော့်ကို ကျယ်သွားတော့တယ်။အထူးသဖြင့် အိမ်သာကို ဟိုးအနောက်စွန်ဘက် ပို့လိုက်နိုင်တာကြောင့် အိုကေသွားတော့တယ်။

လမ်းဘေးနဲ့ကပ်လျက် အိမ်တွေကျတော့ အိမ်တင်မက ခြံကိုပါ မြေစာရင်းတွေဘာတွေကို လာဘ်ထိုးပြီး ချဲ့ယူကြတာကြောင့် မြေသားအပိုတွေဘာတွေနဲ့ ကျယ်ကျယ်။ကျနော်တို့ တိုက်နဲ့ တွဲလျက် တိုက်ဆို သူတို့ခြံနဲ့တွဲလျက် မြေအပိုတွေကို အပိုင်ရလိုက်တာမို့ ခြံနည်းနည်းပိုကျယ်သွားတယ်။

၁၉၉၀ ပြည့်နှစ်လောက်ကျတော့ ဒဂုံမြို့သစ်တွေ ပေါ်လာ။အရင်က ရန်ကုန်ရဲ့ အစွန်အဖျားဆုံးဖြစ်တဲ့ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းတို့ဟာ ဒဂုံမြို့သစ်တွေတည်တော့ အလိုလို ရန်ကုန်မြို့အတွင်းပိုင်း ရောက်လာတယ်။

စတည်ခါစ ဒဂုံမြို့သစ်ဟာ ထုံးစံအတိုင်း လယ်ကွင်းတွေပေါ် လမ်းတွေဖြစ်တယ်ဆိုရုံမို့ အရင့်အရင် တောင်ဥက္ကလာမြို့သစ် စတည်တုန်းကလို လေကြမ်းကြမ်း မြေကြမ်းကြမ်း သစ်ပင်တွေလည်းမရှိ လွင်တီး။ဒဂုံမြို့သစ်တွေမှာ အစိုးရဝန်ထမ်းတွေကို မြေကွက်ချပေးတာမို့ ကျနော်တို့ရပ်ကွက်ထဲက ဝန်ထမ်းတော်တော်များများ ဒဂုံမှာ မြေကွက်တွေရကြတယ်။

စစချင်း ဘယ်လိုမှနေလို့မဖြစ်သေးတော့ ကိုယ့်ခြံကိုယ် ခြံစည်းရိုးခတ်၊ အိမ်ရှေ့နဲ့ ခြံထဲမှာ အရိပ်ရ အပင်တွေ သွားစိုက်။ ၁၉၉၅ ခုနှစ်လောက်ရောက်တော့ ဒဂုံမှာ သွားနေကြသူတွေ နည်းနည်းများလာပြီမို့ ကျနော်တို့ ရပ်ကွက်ထဲက မူလလက်ဟောင်းတချို့ တောင်ဥက္ကလာအိမ်ကိုရောင်းကာ ရောင်းရငွေနဲ့ ဒဂုံမှာ အိမ်ကောင်းကောင်းဆောက်၊ပိုတဲ့ငွေတွေနဲ့ စီးပွားရေးလုပ်သူကလုပ်၊ မလုပ်တတ်သူက ဘဏ်တိုးစား။

၁၉၉၅ ခုနှစ်ဝန်းကျင်ရောက်တော့ ကျနော်တို့ တောင်ဥက္ကလာရပ်ကွက်ဟာ ကတ္တရာလမ်းတွေလည်းဖြစ်၊ မူလလက်ဟောင်း အိမ်တွေမရှိသလောက်နီးပါး ချဲ့ထားတဲ့ အိမ်တွေနဲ့ တင့်တယ်လို့။တကယ့်ကို ဝင်းနဲ့ခြံနဲ့ ဆိပ်ငြိမ်ရပ်ကွက်ဖြစ်နေပြီမို့ အိမ်ဈေးတွေကလည်းတက်။အရင်တုန်းကလို တောင်ဥက္ကလာမှာနေလို့ နှာခေါင်းရှုံ့တဲ့သူမရှိတော့။တောင်ဥက္ကလာအစား ဒဂုံမှာနေတယ်ဆို စီးပွားရေးဘဝမစွံတဲ့လူလို့ သတ်မှတ်ကြ။

တောင်ဥက္ကလာဟာ ခေတ်ကောင်းလာတော့ ကျနော်တို့ရပ်ကွက်ထဲမှာ ဝိတ်လျှော့တယ်ဆိုတဲ့စကား ခေတ်စားလာတယ်။ဝိတ်လျှော့တယ်ဆိုတာက ဈေးကောင်းရတဲ့ တောင်ဥက္ကလာအိမ်ကိုရောင်းပြီး ဒဂုံမှာ မြေကွက်ပြန်ဝယ်၊ အိမ်ပြန်ဆောက်။ပြီးတော့ ပိုတဲ့ငွေတွေနဲ့ တစ်ခုခုရင်းနှီး။

ပထမဆုံး တောင်ဥက္ကလာကို လက်ပြသွားတာက ကျနော့်သူငယ်ချင်းအရင်းရဲ့ မိသားစု။သူတို့အဖေက အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာ။သူ့အဖေရထားတဲ့ မြေကွက်က ဒဂုံမြောက် မဝတလမ်းဆုံ မရောက်ခင် မန္တလေးလမ်း။ကားလမ်းမကနေ မန္တလေးလမ်းထဲလည်း သိပ်မဝင်ရတာကြောင့် တကယ့်ကိုနေရာကောင်း။အဲဒီမှာ ၂ ထပ်တိုက်ဆောက်။တိုက်ဆောက်ပြီး ၁ နှစ်ကျော်ကြာတဲ့အထိ သူတို့မိသားစု မပြောင်းသေးတာမို့ ကျနော်တို့သူငယ်ချင်းတွေ တစ်လမှာ ၂ ရက်၊ ၃ ရက် အဲအိမ်မှာ ညသွားအိပ် သောက်စား။

ပြီးတော့ နောက်ထပ်ပြောင်းသွားတာက ကျနော်တို့လမ်းနဲ့ ၂ လမ်းကျော်က ကျောင်းနေဘက် သူငယ်ချင်း။သူ့အဖေက စား/ဖျော် မန်နေဂျာမို့ ဒဂုံမြောက်မှာပဲ မြေကွက်ရလို့ အိမ်ဆောက်။ပြီးတော့ ဒဂုံဟာ နည်းနည်းစည်လာတော့ သူတို့မိသားစု ပြောင်းရွှေ့သွား။    

အဲဒီလိုနဲ့ ပြောင်းရွှေ့သွားလိုက်ကြတာ ကျနော်တို့ ငေါင်စင်းပြီး ကျန်ခဲ့တယ်။လုပ်ငန်းခွင်ဝင်နေတဲ့အရွယ်လည်း ရောက်လာပြီမို့ မနက် အလုပ်သွား၊ ညနေ အလုပ်ပြန်၊ငယ်ပေါင်းတွေကလည်း ဒဂုံတင်မက ရန်ကုန်မြို့ရဲ့ တိုက်ခန်းယဉ်ကျေးမှုတွေဆီ ရောက်သွားကြတာဆိုတော့ တောင်ဥက္ကလာဟာ ကျနော့်အတွက် အထီးကျန်လာတယ်။ကိုယ့်လမ်းထဲမှာလည်း ကိုယ်မသိတဲ့ လူသစ်တွေနဲ့ သူစိမ်းပြင်ပြင်။

၂၀၀၀ ပြည့်နှစ်ရောက်တော့ ကျနော်တို့မိသားစုလည်း ဘယ်နေလိမ့်မလဲ။လူငယ်ဘဝတစ်လျှောက် ပျော်ခဲ့တဲ့ တောင်ဥက္ကလာကို လက်ပြလို့ တိုက်ခန်းမြင့်မြင့်ပေါ် တက်ခဲ့ရတယ်။

ငြိမ်းဆက်