【 ဆောင်းပါး 】 တောပြော တောင်ပြော လက်ဖက်ရည်ဆိုင်

【 ဆောင်းပါး 】 တောပြော တောင်ပြော လက်ဖက်ရည်ဆိုင်

၂၀၁၂ ခုနှစ်ဝန်းကျင်လောက်က ဘကြီး ရန်ကုန်ကို ရောက်နေခိုက် ကျနော်အယ်ဒီတာလုပ်နေတဲ့ ဂျာနယ်ကို ရောက်လာတယ်။

ဘကြီး ရန်ကုန်ရောက်လာတဲ့ ရည်ရွယ်ချက်ကိုက သူအင်မတန်တွေ့ချင် မြင်ချင်တဲ့ စာနယ်ဇင်းလောကကို ရောက်ရှိ လည်ပတ်ချင်တာကြောင့် မဟုတ်လား။

မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေထဲ ရောက်ဖူးချင်၊ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ ဆုံဖူး စကားပြောဖူးချင်တာဆိုတော့ ဘကြီးရဲ့ စတိုင်အတိုင်း ဘယ်နေ့လာရမလဲလို့ ကြိုတင်ရက်ချိန်းယူကာ လာခြင်းဖြစ်တယ်။

ဂျာနယ်တိုက်တို့ ထုံးစံအတိုင်း ဂျာနယ်ထွက်တဲ့ရက်က ပြဿနာကင်းစင်ပြီး အလုပ်လည်းတော်တော်ပါးတဲ့ရက်။အဲဒီရက်ဆိုရင် မနက်ခင်း သတင်းအစည်းအဝေးလုပ်၊ ဒီတစ်ပတ် ဘာလုပ်ကြမလဲ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ နှီးနှောကြ။ပြီးရင် လာမယ့်အပတ်မှာ ဖော်ပြမယ့် ဆောင်းပါး ၂ ပုဒ်၊ ၃ ပုဒ်လောက် စာရိုက်ဖို့ ရွေးချယ်ပေးလိုက်ပြီးရင် အဲဒီနေ့အတွက် အလုပ်ပြီးပြီ။လက်ဖက်ရည်ဆိုင်ထိုင်၊ စာအုပ်ဆိုင်လေး ဘာလေးပတ်၊ ကိုယ်တွေလောကရဲ့ သတင်းတွေ အတင်းတွေပြောကြ ရယ်မောကြရ။

ဒါ့ကြောင့် ဂျာနယ်ထွက်တဲ့ရက်မှာ ဘကြီးကို ချိန်းလိုက်တယ်။ကျနော်တို့ ဂျာနယ်တိုက်ရဲ့ ဧည့်ခန်းက အကျယ်ကြီး၊ ဧည့်ကြိုနေရာကလည်း ကုမ္ပဏီတွေလို စမတ်ကျကျ၊ ဧည့်သည်တွေ ထိုင်စရာနေရာကလည်း အမိုက်စားဆိုတော့ ဘကြီး ဖြုံသွားတယ်။

ကျနော်တို့တိုက်မှာက ဂျာနယ်ရော မဂ္ဂဇင်းပါ ၄-၅ မျိုး ထုတ်တာမို့  ဝန်ထမ်းကလည်း ခပ်များများ တိုက်ကလည်း ခပ်ကျယ်ကျယ် ၅ ထပ်တိုက်ကြီး။ဂျာနယ်အလုပ်တွေက သူ့အထပ်နဲ့သူ၊ သူ့လူနဲ့သူ။ကျနော်တို့ သတင်းဂျာနယ်က ၃ ထပ်မှာမို့ ဘကြီးလာရင် ခေါ်တင်လာဖို့ သတင်းထောက်မလေးတစ်ယောက်ကို အကြိုထောက်ခိုင်းရတယ်။

သတင်းထောက်မလေးက သွက်တာမှ တော်တော်သွက်မို့ လှေကားတောက်လျှောက် ဘကြီးကို တော်ကီပစ်ပြီးခေါ်လာ၊ ကျနော့်အခန်းရောက်တော့ ဟိတ်ကြီးဟန်ကြီးမရှိ နေချင်သလိုနေ-နေကြပြီး ပြောချင်ရာပြောနေကြတဲ့ အဖွဲ့သားတွေကို တွေ့ကာ ဘကြီး စိတ်သက်သာသွားပုံပါပဲ။ဒါပေမဲ့ မဟော်ဂနီရောင် ပြောင်လက်နေတဲ့ ကျွန်းသားစားပွဲကြီးမှာ ကွန်ပျူတာတစ်လုံးနဲ့ အခန့်သားထိုင်နေတဲ့ သူ့တူ အယ်ဒီတာကြီးကိုမြင်တော့ ဘကြီး အထင်တော့ ကြီးသွားပုံပါပဲ။

ဘကြီးက ကျနော့်နားကပ်ကာ “ငါ့တူကြီးရတဲ့ လစာသာ သိပ်မများတာ နေရာထိုင်ခင်းကိုတော့ သေချာလုပ်ပေးတာပဲ” လို့ ဘကြီးက တိုးတိုးလေး ဆိုတယ်။

ဘကြီးရဲ့စကားကို ကြားဖြစ်အောင် ကြားသွားတဲ့ အနားရောက် သတင်းထောက်တစ်ဦးက “ဘကြီးက ဘကြီးတူကို ထောက်ပံ့နေမှန်းသိလို့ ကျနော်တို့သူဌေးက လစာများများ မပေးတာ” လို့ ဆိုလိုက်တော့ ဘကြီးက တဟဲဟဲနဲ့။

ကျနော်တို့ အယ်ဒီတာနဲ့ သတင်းထောက်အများစု အတူတွဲလုပ်ကြတာလည်းကြာ၊ အချင်းချင်းလည်း နွေးထွေးမှုကြီးကြတာမို့ ရှိနေသူများက တောင်ပြောမြောက်ပြောလေးတွေနဲ့ ဘကြီးနားမှာ တရုံးရုံး။အခန်းထဲမှာ နာရီဝက်လောက်နေပြီးနောက် ဘကြီးက လက်ဖက်ရည်တိုက်မယ်ဆိုလို့ ကုန်းဆင်းစောင့်နေတဲ့ အယ်ဒီတာတွေ သတင်းထောက်တွေ ပျော်ပျော်ကြီး လက်ဖက်ရည်ဆိုင် ချီတက်တော့တယ်။

“ငါတူကြီးတို့ အလုပ်က စကားလေးပြောလိုက်၊ လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်နဲ့ ပျော်စရာကြီးပဲ။အလုပ်က ဘယ်အချိန်လုပ်ကြသလဲ” ဟု ဘကြီးမေးယူရတဲ့အထိ ကျနော်တို့ ပေါ့ပေါ့ပါးပါး။

“သမီးတို့အားတဲ့နေ့ ဘကြီးလာတာကိုး။ဖောင်ပိတ်ရက်မှာ သမီးတို့ယောက်ယက်ခတ်နေတာ ဘကြီး မမြင်သေးလို့။ဖောင်ပိတ်ရက်မှာ သတင်းမကောင်းလို့ဆိုပြီး ဘကြီးတူက သမီးတို့ကို မာန်မဲအော်ဟစ်နေတာ ဘကြီး တစ်ခေါက်လောက် လာကြည့်ဦး” လို့ ဘကြီးကို အောက်ဆင်းကြိုတဲ့ သတင်းထောက်မလေးကပြောတော့ ဘကြီးက ရယ်ကျဲကျဲ။

သိပ်မကြာခင်မှာပဲ ဘာသာပြန်စာရေးဆရာကြီးတစ်ဦး ရောက်လာတယ်။အဲဒီစာရေးဆရာကြီးက စာအုပ်ပေါင်း ၃၀ မက ရေးသားထားမှန်း ဘကြီး သိတာကြောင့် တလေးတစား။ဘကြီးနဲ့ မိတ်ဆက်ပေးတော့ စာရေးဆရာကြီးရဲ့ ထုံးစံအတိုင်း ဖော်ဖော်ရွေရွေ။စကားပြောနေစဉ် စာရေးဆရာကြီးရဲ့ ဖုန်းက ထမြည်လာတယ်။

“အေး၊ ငါအခုပဲ မြို့ထဲက ဆိုင်တွေ အကုန်ပတ်ရှာပြီးပြီ။တစ်ဆိုင်မှာမှ မရှိဘူး….” လို့ ဆိုကာ ဖုန်းချလိုက်တယ်။

“ဘာရှာတာလဲ ဆရာ” လို့ ကျနော် မေးကြည့်တော့ “ အလကားကွာ၊ ထီထိုးတာပဲ ထိုးချင်တာထိုးပေါ့။အဲဒါကို ရှေ့ဂဏန်းဘာ၊ နောက်ဂဏန်းဘာဆိုပြီး အိမ်က မိန်းမက လိုက်ရှာပြီး ထိုးခိုင်းတာ။ငါက အရူးမှ မဟုတ်တာ၊ လိုက်ရှာပြီးပြီ မတွေ့ဘူး ပြောလိုက်တယ်။ဘယ်မှာမှ လိုက်မရှာဘူး” ဟု စာရေးဆရာကြီးကဆိုလိုက်တော့ ကျနော်တို့ တစ်ဝိုင်းလုံး ရယ်သံတွေ ဖုံးသွားတယ်။ဘကြီးက သဘောကျလို့ မဆုံး။

ပြီးတော့ စာရေးဆရာကြီးက “အစ်ကို၊ မိန်းမရှိသေးလား” လို့ ဘကြီးကို မေးပြန်တယ်။

“မရှိတော့ဘူး ဆရာ၊ ဆုံးသွားပြီ” လို့ ဘကြီးကဆိုတော့ “စောစောစီးစီး ဆုံးသွားတာ အစ်ကို ကံကောင်းတယ်။ဟောဒီမှာကြည့်၊ ကျနော်ဆို ဒီဘက်နားတစ်ဖက် ကန်းနေပြီ” လို့ စာရေးဆရာကြီးက အတည်ပေါက်ဆိုလိုက်တော့ ဘယ်သူမှ နားမလည်။

“အိမ်က မိန်းမ ပြောသမျှ မကြားချင်ယောင်ဆောင်ရင်းနဲ့ ကြာတော့ ကန်းသွားတာ” လို့ စာရေးဆရာကြီးကဆိုတော့ ကျနော်တို့ဝိုင်း ရယ်သံတွေ အောတိုက် ထွက်လာပြန်တယ်။

“ကျနော် မိန်းမယူပြီး တစ်လအကြာမှာပဲ မိန်းမယူမိတာ မှားပြီလို့ နောင်တရမိတယ်။ဒါတောင် အဲဒီတစ်လမှာ ၂၈ ရက်က အလုပ်ကိစ္စနဲ့ ခရီးထွက်နေသေးတယ်။မိန်းမနဲ့ ပေါင်းတာက ၂ ရက်တည်း” လို့ စာရေးဆရာကြီးက သူ့စတိုင်အတိုင်း ခပ်ဟဟလေးသာ ပြုံးကာ အတည်ပေါက်လွှတ်ပြန်တော့ ဒီလိုအလုံးမျိုး မကြားဖူးတဲ့ တောသားဘကြီး လွှတ်ကြွေလို့။

“ဟေ့ကောင်၊ ငါပြောတာတွေ ငါ့မိန်းမကို ပြန်မပြောနဲ့ဦး” လို့ဆိုကာ စာရေးဆရာကြီး စပ်ဖြဲဖြဲနဲ့ ထွက်သွားတော့တယ်။

စာရေးဆရာကြီးက မိန်းမနောက်ကွယ်ဆို မိန်းမအတင်းတွေ ဘာတွေ လျှောက်ပြောနေကျ ။ကျနော်က အဲဒီစာရေးဆရာကြီးရဲ့ မိန်းမနဲ့လည်း တော်တော်ခင်တာမို့ တွေ့တဲ့အခါ ဆရာက ဘယ်လိုတွေပြောနေတာဆိုပြီး ကြပ်နေကျမို့ အခုလို နှုတ်ပိတ်သွားတာ။

စာရေးဆရာကြီး ပြန်သွားတော့ ဘကြီးက “ဆရာက မိန်းမကို တော်တော်ပြီးတယ် ထင်တယ်” တဲ့။

“ဘယ်ကလာ ဘကြီးရာ၊ မိန်းမရှေ့မှာဆို မိန်းမငေါက်သမျှ တစ်ခွန်းပြန်ပြောတာ မဟုတ်ဘူး” လို့ ကျနော်ကပြောပြတော့ ဘကြီးခမျာ ခေါင်းကုတ်လို့နေရဲ့။

“ဒါဆို စာရေးဆရာတွေက တော်တော်ပဉ္စလက်ဆန်တာပဲ” လို့ ဘကြီးက မှတ်ချက်ချတော့ နံဘေးရှိ သတင်းထောက်မလေးတစ်ယောက်က ဘကြီးရဲ့တူ စာရေးဆရာက ပိုလိုတော့ ပဉ္စလက်ဆန်သေးတယ်လို့ဆိုလိုက်တော့ ဘကြီးက ရယ်ကျဲကျဲ။

နောက်ထပ်သတင်းထောက်မလေးတစ်ယောက်က “ဘကြီးတူ ပဉ္စလက်ဆန်တာ ဘကြီးနဲ့တူလို့နေမှာ” လို့ ထပ်ပင့်လိုက်တော့ အတော်မသတ် ဘကြီး ဆက်ရယ်လိုက်ပြန်တယ်။

“ဒီတစ်ခေါက် ရန်ကုန်လာရင် တော်တော်တန်တယ်။နောက်တစ်ခေါက် ထပ်လာဦးမယ်” တဲ့။

ငြိမ်းဆက်