【 ဆောင်းပါး 】 တောဝက်ခေါင်း မြေမြှုပ် မီးဖုတ်နဲ့ သေမင်းတမန်ဝါးဗူးလေး

【 ဆောင်းပါး 】 တောဝက်ခေါင်း မြေမြှုပ် မီးဖုတ်နဲ့  သေမင်းတမန်ဝါးဗူးလေး

နယ်မြို့လေးတစ်မြို့က စာဖတ်ဝါသနာပါသူတွေရဲ့ ထုံးစံအတိုင်း စာပေလောကကြီးကို အဝေးကနေ လှမ်းငေးကြည့် သိပ်အထင်ကြီးလေ့ရှိတယ်။
 
သူတို့ရပ်ရွာတွေမှာ စာပေဟောပြောပွဲပြုလုပ်တယ်ဟေ့ဆို စာလာဟောတဲ့ စာရေးဆရာတွေကို အထူးဂါရဝနဲ့ ကြိုဆို။လိုလေသေးမရှိစေရ အစစအရာရာ အကုန်ကျခံ ဂရုတစိုက်။
 
တချို့စာရေးဆရာတွေကျ နယ်ခံတွေရဲ့ မေတ္တာကို စော်ကားမော်ကား သောက်စားမူးယစ် ဖြစ်ချင်တိုင်း ဖြစ်လို့။
 
ကျနော့်ဘကြီးကလည်း နယ်မြို့လေးက စာပေဝါသနာရှင် သူဌေးမို့ ကျနော်တို့ဇာတိမြို့မှာ စာပေ ဟောပြောပွဲလုပ်မယ်ဟေ့ဆို ငွေအားရော လူအားပါ ရှေ့ဆုံးကနေဦးဆောင် တက်ကြွတဲ့သူ။
 
တစ်ခေါက် ကျနော်အဖော်လိုက်လာတဲ့ စာပေဟောပြောပွဲမှာ စာဟောဆရာကြီးတစ်ယောက်က ဘကြီးနဲ့ တော်တော်အဖွဲ့ကျသွားတာမို့ သိပ်ပျော်ပေါ့။အဲဒီတုန်းက စာဟောဆရာတွေကို ဘကြီးက သူ့ခြံထဲက နာမည်ကျော် ဘူးစင်ကြီးအောက်မှာ ညနေဘက် တည်ခင်းခဲ့တာ။စာဟောဆရာ ၃ ယောက်၊ အဖော်လိုက်လာတဲ့ ကျနော်တစ်ယောက်၊ ကျန်တာတွေက ကျနော်တို့ဇာတိမြို့က ဟောပြောပွဲဖြစ်မြောက်ရေး စာပေဝါသနာရှင်တွေ၊ စုစုပေါင်း ၁၅ ယောက်လောက်။ဘကြီးရဲ့ ဧည့်ခံမှုက ဝက်ဝက်ကွဲ။စားစရာတွေအကုန် ဒေသထွက် စားစရာတွေချည်း ဘကြီးကိုယ်တိုင်လုပ်ထားတဲ့ လက်ရာ။
 
ဘကြီးရဲ့ အထူးပြုလုပ်ချက်က တောဝက်ခေါင်းနဲ့ ဝမ်းတွင်းသားအစုံ မြေမြှုပ် မီးဖုတ် ဆရာကြီးရွှေဥဒေါင်းရဲ့အရသာ။ဘကြီးက သူငယ်ငယ်ကတည်းက ဆရာကြီးရွှေဥဒေါင်း ခရေစီ၊ ဆရာကြီးရွှေဥဒေါင်း စာအုပ်မှန်သမျှ မလွတ်တမ်း အပိုင်ဝယ်သိမ်း ဖတ်တဲ့သူ။ဆရာကြီးရဲ့ တစ်သက်တာမှတ်တမ်း စာအုပ်ကြီးဆိုရင် သိပ် ကြိုက်။ဘာမှဖတ်စရာမရှိရင် အဲစာအုပ်ကြီး ပြန်ဖတ်နေတာမို့ ဘကြီးဖတ်နေတာ ဘယ်နှစ်ခေါက်မှန်းကို မမှတ်မိ။ပြီးတော့ ဘကြီးက ဆရာကြီးလို အစားကြိုက်သူလည်းဖြစ်တော့ ဆရာကြီးနဲ့ ဆရာသော်တာဆွေရဲ့ စာအုပ်တွေထဲ တွေ့ရတဲ့ ဟင်းလျာတွေကို ကိုယ့်ဘာသာ ပြန်ချက်စားလေ့ရှိသူ။
 
ဆရာကြီးရဲ့ လူငယ်ဘဝ၊ သူရိယသတင်းစာတိုက်အယ်ဒီတာဘဝကနေ အလုပ်ပြုတ်ပြီးနောက် ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက သူ့သူငယ်ချင်း သစ်တောအရာရှိထံ အလည်သွားစဉ် တောထဲမှာ တောဝက်ခေါင်းနဲ့ ဝမ်းတွင်းသား မြေမြှုပ် မီးဖုတ်တာကို ဘကြီးဖတ်ပြီးနောက် အဲဒီနည်းအတိုင်း တောဝက်ခေါင်းရတိုင်း လုပ်စားလေ့ရှိတာမို့ အဲဒီနည်းစဉ်မှာ ဘကြီးက အိတ်စပတ်။
 
တောဝက်ခေါင်းနဲ့ ဝမ်းတွင်းသားကို ဆေးကြောသန့်စင်၊ ခေါင်းအမွှေးအမျှင်တွေ ဖယ်ရှား။ပြီးတော့ အနေတော်ခုတ်ပြီးနောက် ဂျင်း၊ ငရုတ်၊ ကြက်သွန်ဖြူ စတာတွေနဲ့ နယ်ဖတ်ကာ ဖက်ရွက်နိုင်နိုင်နဲ့ သေချာထုပ်ပိုး၊ ပြီးတော့ တူးထားတဲ့ မြေကျင်းထဲထည့်ကာ မြေပြန်ဖို့။အဲဒီဖို့မြေပေါ်မှာ သစ်တုံးကြီးတစ်တုံးကို မီးမြှိုက်ကာ တစ်ရက်လောက်ပစ်ထားပြီးမှ ပြန်ဖော်စားတဲ့ တောဝက်သား။
 
စာရေးဆရာကြီးတွေ ရောက်လာပြီဆိုမှ တောဝက်ခေါင်းဖုတ်ကိုဖော်ကာ ကျွေးတာမို့ ပူပူနွေးနွေး၊ မွှေးကလည်းမွှေး၊ နူးညံ့လိုက်တာမှ လွန်ရော။စာရေးဆရာကြီးတွေက ကောင်းလိုက်တာလို့ ချီးမွမ်းကြတာ တဖွဖွ။စာရေးဆရာ ၃ ဦးစလုံးက ဆရာကြီးရွှေဥဒေါင်း ရေးပြတဲ့ အဲဒီတောဝက်ခေါင်း မြေမြှုပ်မီးဖုတ်ကို ဖတ်ဖူးခဲ့တာ နှစ်တော်တော်ကြာပြီဖြစ်ပေမယ့် တစ်ခါမှမစားဖူးခဲ့။စာရေးဆရာတွေက အဲဒီတောဝက်ခေါင်းနဲ့တင် ဘကြီးကို အမှတ်တွေ စွတ်ပေးလို့။
 
ဘကြီးက သူတို့မြို့မှာ ၁၀ ခါမက စာပေဟောပြောပွဲလုပ်ခဲ့ပေမယ့် တစ်ခါမှ စာရေးဆရာတွေကို ဧည့်ခံခွင့်မရ။ကျနော်ပါလာမှပဲ ဧည့်ခံခွင့်ရတာဆိုတော့ သူ့တူ ကျနော့်ကိုလည်း ချီးမွမ်းလို့မဆုံး။အဲဒီနောက် စာရေးဆရာကြီးတစ်ဦးက ဘကြီးကိုခင်၊ သူ့စာအုပ်ထွက်တိုင်း ကျနော့်ကိုသာမက ဘကြီးအတွက်ပါ လက်မှတ်ထိုး လက်ဆောင်ပေး၊ ဘကြီးကလည်း ကျနော် ဇာတိလာလည်ပြီး ပြန်တိုင်း အဲဒီစာရေးဆရာအတွက် ဒေသထွက်လက်ဆောင်ပြန်ပေးနဲ့ သံယောဇဉ်ဖွဲ့။
 
တစ်ညနေခင်း၊ အဲဒီစာရေးဆရာကြီးနဲ့ ကျနော် ရန်ကုန်မှာ ဝိုင်းဖွဲ့နေတုန်း ဘကြီးဆီ ဖုန်းဆက်ခိုင်း တာနဲ့ လှမ်းဆက်ဖြစ်။စာရေးဆရာကြီးက “ခင်ဗျားတူနဲ့ ထိုင်နေတုန်း ခင်ဗျားကို သတိရလို့ လှမ်းဆက်တာ၊ ရန်ကုန်လာခဲ့ဦး” လို့ ဖုန်းဆက်ခေါ်တယ်။
 
အဲဒါနဲ့ အင်မတန့်၊ အင်မတန် ရန်ကုန်လာခဲတဲ့ ဘကြီး လာချင်စိတ်ဖြစ်လာတယ်။ပြီးတော့ ရန်ကုန်က တခြားစာရေးဆရာကြီးတွေနဲ့လည်း တွေ့ချင်၊ ကျနော့်ရဲ့ အယ်ဒီတာလုပ်ငန်းခွင်ထဲလည်း လာကြည့်ချင်၊ ရန်ကုန်တိုက်ခန်းမှာက ကျနော်တစ်ယောက်တည်းမို့ မလွတ်မလပ် နေရတာ မကြိုက်တဲ့ ဘကြီးအတွက် အိုကေ။
 
အင်မတန်လာခဲတဲ့ ဘကြီး ရန်ကုန်လာမယ်ဆိုတော့ သင်္ဘောပေါ်ကနေ ဆင်းလာခါစ ကျနော့်ညီ လည်း ကျနော့်တိုက်ခန်းကိုလာပြီး ဆေးသုတ် ပြင်ဆင်၊ ဟောင်းနွမ်းနေတာမှန်သမျှ ပြန်ခြယ်သ။ဘကြီးက သူ့ကားလေးနဲ့ ရန်ကုန်လမ်းတွေကောင်းကောင်းမောင်းနိုင်တဲ့ တူဝမ်းကွဲတစ်ယောက်ကိုခေါ်ကာ ရောက်လာတယ်။
 
ကားနောက်ခန်းထဲမှာ ဒေသထွက်စားစရာ လက်ဆောင်တွေ အပုံလိုက်။စည်းစနစ်ကြီးတဲ့ ဘကြီးရဲ့ မူအတိုင်း ဘယ်ဆွေမျိုးအိမ် ဘယ်နေ့သွားမယ်၊ ဘာလက်ဆောင်ပေးမယ်၊ တစ်ခါတည်းထုပ်ပိုး ပြင်ဆင်ခဲ့ပြီးသား။သူသွားမယ့် ဆွေမျိုးတွေအိမ်လည်း ကြိုဖုန်းဆက်ကာ ရက်ချိန်းယူပြီးသား။
 
ဘကြီးမိတ်ဆွေ စာရေးဆရာကြီးက တစ်ညနေမှာ ဘကြီးကို ဧည့်ခံတယ်။စာရေးဆရာကြီးက ငွေ ကြေးအထိုက်အလျောက်ပြည့်စုံသူမို့ အေးအေးဆေးဆေးရှိတဲ့ ဆိုင်ကောင်းကောင်းတစ်ဆိုင်မှာ ကောင်းနိုးရာရာတွေနဲ့ ပြည့်ပြည့်စုံစုံ။
 
ဘကြီးက တခြားအရသာတွေ မကြိုက်သူမို့ သူ့ဝါးဗူးလေးနဲ့ သူရောက်လာ။ဝါးဗူးထဲမှာက ဘကြီး သောက်နေကျ ဇာတိမြို့က ချက်အရက် မွှေးမြမြ။ဝါးဗူးလေးက စိမ်းစိမ်းစိုစို၊ အရစ်နဲ့ဖွင့်ပိတ်လို့ရတဲ့ အဖုံးကလည်း ချစ်စဖွယ် စတိုင်ကျကျ။စာရေးဆရာကြီး ၂ ယောက်က အဲဒီဗူးကို စိတ်ဝင်စားနေတာနဲ့ ဂျပန်ခေတ် ချွေးတပ်စခန်းလက်ရာအတိုင်း လုပ်ထားတာလို့ ဘကြီးက ရှင်းပြ။ဒါနဲ့ ကျနော်တို့ စကားဝိုင်းက သေမင်းတ မန်ရထားလမ်းအကြောင်းနဲ့ စဖွင့်ဖြစ်သွားတယ်။
 
ဘကြီးရဲ့ ဦးလေးအရင်းက ချွေးတပ်သားဟောင်း၊ သေမင်တမန်ရထားလမ်း ဖောက်လုပ်ရေးကနေ ထွက်ပြေးလွတ်မြောက်လာသူ။ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်တောက်လျှောက် ဝါးတွေကပေါပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ချွေးတပ်သားတွေထဲ လက်မှုကျွမ်းကျင်သူတွေလည်းပါလာတော့ ဝါးဗူးတွေကို တီထွင်ကြတာတဲ့။ထမင်းထည့်ဖို့၊ ရေထည့်ဖို့၊ ဆားထည့်ဖို့၊ အတိုအထွာတွေထည့်ဖို့ ဝါးဗူးတွေက အရွယ်အစားအစုံ၊ ဒီဇိုင်းအစုံ။
 
ဘကြီးရဲ့ ဦးလေးက အဲဒီမှာ ဝါးဗူးမျိုးစုံကို လုပ်တတ်လာခဲ့တာဆိုတော့ ရွာကိုပြန်ရောက်လာတော့ သေမင်းတမန်ရထားလမ်းကနေ ပြန်ပါလာတာ အာဟာရချို့တဲ့မှု၊ ရောဂါဘယအစုံအလင်နဲ့ ဝါးလက်မှုထည်။
 
“ကျနော့်ဦးလေးဆီကနေ ကျနော်ပြန်သင်ထားတာတွေ။ဝါးဗူးတွေက လှပြီး ပစ္စည်းတွေထည့်ရင် ကျန်းမာရေးနဲ့ ညီညွတ်လို့ ကိုယ့်ဘာသာ လျှောက်လုပ်ထားတာ” လို့ာဘကြီးက ဆိုတယ်။
 
စာရေးဆရာ ၂ ယောက်စလုံးက လိုချင်တယ်ဆိုတာနဲ့ နောက်တစ်ခေါက် စာပေဟောပြောပွဲ ဖိတ်တဲ့အခါ လက်ဆောင်ပေးမယ်လို့ ဘကြီးက ကတိပေးခဲ့တယ်။
 
ဒါပေမဲ့၊ နောက်တစ်ခေါက် စာပေဟောပြောပွဲလည်း ထပ်မလုပ်ဖြစ်၊ ကိုဗစ်တွေ ဘာတွေကြောင့် ကျနော်လည်း ဇာတိမပြန်တာ တော်တော်ကြာ။
 
ဘကြီးကတော့ ရန်ကုန်ကနေပြန်ကတည်းက စာရေးဆရာတွေအတွက် ဝါးဗူးလေးတွေလုပ်ထားကာ ဗူးရဲ့အတွင်းဘက်ခြမ်းကို တာရှည်ခံမယ့် ဆေးတွေ ဘာတွေ သုတ်ကာ လက်ဆောင်ပေးဖို့ရာ အဆင်သင့်ပြင်ထားလေရဲ့။
 
ငြိမ်းဆက်