【 ဆောင်းပါး 】 ထိပ်တိုက်ရှင်းမလား ညှိနှိုင်းမလား

【 ဆောင်းပါး 】 ထိပ်တိုက်ရှင်းမလား ညှိနှိုင်းမလား

လွန်ခဲ့တဲ့အပတ်က ဆောင်းပါးမှာ အဓိကဆွေးနွေးခဲ့တာက “သူတစ်ပါးနဲ့ ကျွမ်းကျင်စွာ အလုပ်အတူတူလုပ်” ရာမှာ သူတို့က အားကျစိတ်ပါလာပြီး၊ ကိုယ့်အလုပ်ကို ပံ့ပိုးကူညီလာအောင်လုပ်ဖို့ အရေးကြီးကြောင်း တင်ပြခဲ့တာဖြစ်ပြီး၊ အဲလို စည်းရုံးသွေးဆောင်ရာမှာ တစ်ခါတရံ သူတို့က မိမိနောက်ကိုလိုက်မယ့်အစား ရန်သူသဖွယ် တိုက်ခိုက်လာတတ်ကြတယ်။ဆန့်ကျင်လာတတ်ကြတယ်။အဲလိုအခြေအနေမျိုး ကြုံလာတဲ့အခါ၊ သူတို့ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာသိဖို့ကို အရင်ဖော်ထုတ်ရမှာဖြစ်ပြီး၊ အဲဒီအတွက် သူတို့နေရာကနေ ဝင်ခံစား စဉ်းစားကြည့်ပြီး၊ သူတို့ရဲ့ တိုက်ခိုက်မှုအားကို လျော့သွားအောင် လုပ်နိုင်မှ မိမိကအသာရပြီး မိမိလိုရာကို ဆွဲခေါ်နိုင်တယ်ဆိုတဲ့အကြောင်း သာဓကလေးနဲ့ လမ်းညွှန်ထားခဲ့ပါတယ်။

အခု ဒီဆောင်းပါးမှာတော့ မော်တန် တီ ဟန်ဆန်က တစ်ခါတရံ အဲလိုထိပ်တိုက်ဖြေရှင်းနည်းက အခက်အခဲကြုံလာနိုင်ပါတယ်။အဲဒီအခါမျိုးကျတော့ ကိုယ့်ဖက်က လျှော့လို့ရတဲ့ အပိုင်းလေးတွေ လျှော့ပေးပြီး ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် ဘယ်လိုလုပ်ယူမလဲဆိုတာကို လမ်းပြပေးထားတာဖြစ်ပါတယ်။

ဉာဏ်ပါပါနဲ့ ဇွဲနဘဲကြီးတာက သူများနေရာမှာ ဝင်ခံစား နားလည်တာ တစ်မျိုးတည်း မဟုတ်ပါဘူး။လိုက်လုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ပါဆီတီက သူ့ကိုဆန့်ကျင်သူတွေရဲ့ အနေအထားကို သိသွားတဲ့အခါ သူမက ကွန်ဆာဇီယိုနဲ့ လူကိုယ်တိုင်တွေ့ပြီး မျက်နှာချင်းဆိုင်ရှင်းဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။မျက်နှာချင်းဆိုင်ရှင်းတာက အန္တရာယ်များမှန်း သိပေမယ့် ဒီဗျူဟာက သူမအတွက် အလုပ်ဖြစ်သွားခဲ့တယ်။ တခြားနည်းလမ်း ရှာတယ်၊ ညှိနှိုင်းတယ်၊ ဒါကြောင့် အန္တရာယ်လျော့ကျတဲ့ အခြေအနေကို ကူးပြောင်းသွားနိုင်ခဲ့တယ်။

အီရန်တဲလ်ဖို့ဒ်ကျတော့ သူ့ရဲ့ e-epoxy.com ကို ဆန့်ကျင်သူတွေက သဘောတူလာအောင် သူ့ပလန်ရဲ့ အချို့ကိစ္စတွေကို အလျှော့ပေးတဲ့နည်းကို သုံးခဲ့တယ်။သူ့ ပထမကြိုးစားသွေးဆောင်မှု ကျဆုံးသွားတဲ့အခါ သူက သူ့ခေါင်းဆောင်ကြီးတွေရဲ့နေရာက ဝင်ခံစား စဉ်းစားကြည့်ပြီး သူ့လူကြီးတွေက အွန်လိုင်းမှာရောင်းမယ့်ဈေးကို ဖော်ပြမယ့်အပေါ်မှာ စိုးရိမ်ပူပန်ကြကြောင်း နားလည်သွားခဲ့တယ်။သူ့ကိုဆန့်ကျင်သူတွေရဲ့ တိုက်ခိုက်မှု လျော့ကျသွားစေဖို့အတွက် သူက အင်တာနက်ပေါ်က ရောင်းဈေးကို အမြင့်ကြီးသတ်မှတ်ပေးလိုက်ပြီးမှ ပရိုမိုကုဒ် (ဝယ်ယူတဲ့အရေအတွက်အလျောက် ဈေးလျော့ကုဒ်နံပတ်များပေးတဲ့နည်း) ပေးပြီး ဝယ်သူများ ဈေးအမှန်ကိုရရှိစေအောင် လုပ်ပေးလိုက်ခဲ့တယ်။ဒီလိုညှိနှိုင်းလုပ်ပေးတာမျိုးမလုပ်ခဲ့ရင် သူ့စွန့်စားကြိုးပမ်းမှုကို ရှေ့ဆက်တိုးလို့ရခဲ့မှာ မဟုတ်ပါဘူး၊ သူ့လူကြီးတွေက ဆက်ပြီးကန့်ကွက်နေဦးမှာပါ။ပရိုမိုကုဒ် သုံးလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက သည်းခံ လက်လျှော့ပေးလိုက်ခဲ့တယ်။တဲလ်ဖို့ဒ်အတွက် ဒီလိုဈေးနှုန်းလှည့်စားပေးလိုက်တာက ဗိုပီစားသောက်ကုန်အတွက် တံဆိပ်ကိစ္စ ရင်ဆိုင်ရတဲ့ ပါဆီတီလို “သေမြေကြီး၊ ရှင်ရွှေထီး” စွန့်စားခန်း မဟုတ်ပါဘူး။သူကကြားချပေးလို့ရမယ့် အနေအထားကို တွေ့ခဲ့တယ်။ငြင်းတတ်တဲ့သူတွေအတွက် ဈေးဆစ်စရာ အကွက်လေးတစ်ကွက်လောက်တော့ သင်တတ်စွမ်းသမျှ ချန်ပေးပြီး ငြိမ်ဆေးကျွေးရမှာပေါ့။

           ဆန့်ကျင်သူတွေကို သင့်တဲထဲကို ဖိတ်ခေါ်ပါ

သင်က ညှိနှိုင်းပေးလို့ မဖြစ်နိုင်တော့ဘူးဆိုပါက သင့်ကို ဆန့်ကျင်တဲ့သူတွေနဲ့ မဟာမိတ်ဖွဲ့ပါ၊ နို့မဟုတ်ရင်လည်း ဒီလောကမှာ သုံးစွဲတဲ့ ဝေါဟာရအရပြောရရင် သူတို့ကို “အဖွဲ့ဝင်အဖြစ် ပူးပေါင်းလာအောင် ဖိတ်ခေါ်” ပါ။တဲလ်ဖို့ဒ်တုန်းက ဒီနည်းဗျူဟာကို သူ့ကုမ္ပဏီက IT ဌာနအပေါ်မှာ အသုံးချခဲ့တာ သူ့စွန့်စားခန်းအတွက် အမြောက်နဲ့ ပစ်လိုက်သလို ထိရောက်စေခဲ့တယ်။သူ့ပထမရိုက်ချက်က သူတို့ရဲ့စိတ်ပူပန်မှုကို နားလည်အောင် လုပ်ခဲ့တာပါ (ကုမ္ပဏီရဲ့ ဌာနအားလုံးက ချမှတ်ထားတဲ့ IT စနစ်များကို တစ်ပြေးညီကျင့်သုံးကြစေရန်)။သူက အဲဒီစိုးရိမ်မှုကို ပြေလျော့သွားဖို့အတွက် သူ့ဌာနကို ကုမ္ပဏီတွင်း စံပြလိုက်နာသုံးစွဲသူဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။

ရှုပ်ထွေးနက်နဲတဲ့ IT စနစ်တွေရဲ့ ကွာဟမှုကို အုပ်မိအောင်လို့ Accenture လို ပြင်ပ IT ကုမ္ပဏီတွေနဲ့ နာရီပေါင်းများစွာ ဆွေးနွေးပြောဆိုခဲ့တယ်။ IT နဲ့ “တစ်လေသံထဲ” ပြောနိုင်အောင် IT ဝေါဟာရ အသုံးအနှုန်းတွေကို လေ့လာခဲ့တယ်။အခြား ဒေါကုမ္ပဏီက မန်နေဂျာတွေလို မဖြစ်နိုင် မဆီလျော်တာတွေကို မတောင်းဆိုမိအောင်၊ သူတို့ရဲ့အခက်အခဲတွေကို နားလည်အောင် သူ့အနေနဲ့ ကြိုးစားခဲ့တယ်။သူတို့ရဲ့ အွန်လိုင်း အီပိုဆီလုပ်ငန်း စတင်ပြီး ပထမဆုံးဖောက်သည်ရဲ့ အော်ဒါအမှာစာကို ရတဲ့အခါတုန်းကလည်း သူက ဖုန်းချက်ခြင်းကောက်ကိုင်ပြီး IT ဌာနကို ဂုဏ်ယူဝမ်းမြောက်ကြောင်း စကားပြောခဲ့တယ်။ “အဲဒီ အပြုအမူလေးက ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့တယ်။အဲဒါက IT အဖွဲ့တွေကို သူတို့ကလည်း ဒီပရောဂျက်ရဲ့ ဖက်စပ်ပိုင်ရှင်တွေအဖြစ် ခံစားမှုဖြစ်စေခဲ့တယ်။အဲဒီလို သူတို့ခံစားမိလေ သူတို့က ကျွန်တော့်ဘက်လိုက်တဲ့ ကျွန်တော့်လူတွေ လွယ်လွယ်ကူကူဖြစ်လေလေ ဖြစ်လာခဲ့တယ်” လို့ တဲလ်ဖို့ဒ်က ပြောခဲ့တယ်။

           အဖွဲ့တွေကို သင့်နောက်လိုက်ပါလှုပ်ရှား ရွှေ့ပြောင်းနိုင်အောင် လှုံ့ဆော်ထားပါ။ (တစ်ကိုယ်တော်မလုပ်နဲ့)

“ကျားကျားမီးယပ်” လို့ တစ်ခါတစ်ခါ အခေါ်ခံရတဲ့  မူရူဂန်နံသမ်ရဲ့ ဇာတ်လမ်းမှာ ပြောပြစရာ နောက်ဆက်တွဲ ကျန်နေပါသေးတယ်။သူစက်ဆင်ပြီးလို့ အမျိုးသမီးတွေ မသုံးခဲ့တဲ့ ပက်တွေ ထုတ်ခဲ့တဲ့အခါ၊ သူ့ပရောဂျက်က ရပ်နေပါပြီ ဆက်လုပ်လို့ မရတော့ပါဘူး။ခုနစ်နှစ်ကြာ ကြိုးစားပမ်းစား လုပ်ခဲ့သမျှက သူကူညီဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေအတွက် တန်ဖိုးသုညပဲ ဖြစ်သွားပါတယ်။ဒါကို လက်လျှော့လိုက်ရမယ့်အစား သူက သူ့အမှားသူရှာပြီးပြင်ဖို့ ကြိုးစားခဲ့ပြန်တယ်။သူက သူကူညီဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ နွမ်းပါးတဲ့ အမျိုးသမီးတွေရဲ့ အကူအညီကို မယူတော့ဘဲ ချက်ခြင်း ဆက်လက်လုပ်ဆောင်ခဲ့တယ်။အဲဒီအတွက် သူက အခု သူ့ဗျူဟာကို ပြောင်းပြန်လှန်ခဲ့လိုက်တယ်။သူ့လစဉ်သုံးပက်တွေကို သုံးဖို့ အခြားအမျိုးသမီးတွေကို စည်းရုံးခိုင်းဖို့ အမျိုးသမီးစာရင်း ပြုစုလိုက်တယ်။

မူရူဂန်နံသမ်က ကူငွေအချို့နဲ့ စက်တွေကို ရွာတချို့မှာ ချထားပေးပြီး ရွာသူတွေကို သုံးကြည့်ဖို့၊ ပစ္စည်းထုတ်ဖို့နဲ့ ရောင်းကြည့်ကြဖို့ လေ့ကျင့်ပေးခဲ့တယ်။အခုဆိုရင် အမျိုးသမီးတွေက စုပေါင်းပြီး စက်တွေကဆင်ကာ စီးပွားလုပ်ငန်းတွေ စတင်နေပါပြီ။သူတို့က အခြားအမျိုးသမီးတွေကို အသိပညာပေးပြီး၊ ပက်တွေရောင်းချကြတယ်။သူတို့ဟာ ကျန်းမာရေးနဲ့ သန့်ရှင်းစင်ကြယ်ဖို့ ကူညီပေးနိုင်ရုံမက လုပ်ငန်းရှင်အဖြစ် ရပ်တည်ဖို့ အခွင့်အလမ်းတွေရပြီး၊ ပက်တွေရောင်းချ ငွေတွေရနဲ့ ဟန်ကျနေကြပါပြီ။မူရူဂန်နံသမ်ကလည်း အမျိုးသမီးတွေ တက်ကြွလှုပ်ရှားလာအောင် စည်းရုံးနိုင်တဲ့အတွက် အမြဲရှင်သန်နေတဲ့သူများကို လွှမ်းမိုးနိုင်တဲ့ မဟာမိတ်တပ်ဖွဲ့ကြီး ထူထောင်ပြီးဖြစ်နေပါပြီ။

နောက်ဆုံးတော့ ရိုက်ချက်မိသွားပြီ။မူရူဂန်နံသမ်ရဲ့ မိန်းမနဲ့ သူ့အမေတို့လည်း အိမ်ပြန်လာကြပြီ၊ သူ့ရွာကလည်း သူ့ကို ပြန်လက်ခံလိုက်ကြပြီ။အဲဒီတက်ကြွဇွဲသန်တာတစ်မျိုးတည်းမဟုတ်ဘဲ ဉာဏ်ပါတဲ့ ဇွဲလုံ့လက သူ့ကို အောင်မြင်မှုသရဖူ ဆောင်းပေးလိုက်ပါပြီ။

လူတော်တော်များများဟာ အခြားသူတွေ ပြောင်းလဲလာဖို့အတွက် စည်းရုံးနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကိုယ်တိုင်ကြိုးစားကြတယ်။ သူတို့ဟာ တစ်ကိုယ်တော် စည်းရုံးလှုံ့ဆော်ရေးသမားတွေဖြစ်လာကြပြီး လုပ်ရင်းကိုင်ရင်းနဲ့ သူတို့ကိုယ်သူတို့ ခြေကုန်လက်ပမ်းကျအောင် လုပ်မိသလို ဖြစ်လာပါတော့တယ်။အခြားသူနည်းနည်းကိုပဲဖြစ်ဖြစ် ခန့်ထားပြီး သူများတွေကို စည်းရုံးဖို့ အသုံးချရင် ပိုကောင်းပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ အချို့မန်နေဂျာနဲ့ ဝန်ထမ်းတွေဟာ သူတို့ကိုယ်စား လုပ်ပေးနိုင်မယ့်သူတွေကို စည်းရုံးအသုံးချတတ်တယ်ဆိုတာ တွေ့ရပါတယ်။ “သူ/သူမက အခြားသူတွေ လိုက်ပါလာအောင် စည်းရုံးလှုံ့ဆော်ပြီး အပြောင်းအလဲဖြစ်အောင်လုပ်တဲ့နေရာမှာ စွမ်းကြတယ်” ဆိုတဲ့ အဆိုမှာ ၂၉ ရာခိုင်နှုန်းသောသူတွေက အမှတ်အများကြီးရတာကို တွေ့ရပါတယ်။ဒီအဆိုမှာ အီရန် တဲလ်ဖို့ဒ်က အမြင့်ဆုံးရမှတ် ၇ မှတ်ရပါတယ်။သင်မှတ်မိဦးမယ် ထင်ပါတယ်။တဲလ်ဖို့ဒ်က သူ့အထက်လူကြီးကို သူတို့ရဲ့ ထိပ်တန်းအရာရှိကြီး ဘော့ပ် ဝုဒ်နဲ့ အရေးပေါ်တွေ့ဆုံ အစည်းအဝေးလုပ်ပြီး သူ့စွန့်စားမှုနဲ့ပတ်သက်ပြီး ဆွေးနွေးနားချပေးဖို့ စည်းရုံးတိုက်တွန်းနိုင်ခဲ့တယ်။သူက သူတစ်ယောက်တည်း တစ်ကိုယ်တော် မလုပ်ခဲ့ဘူး။ကျွန်တော်တို့ ရဲ့ သုတေသနတွေ့ရှိချက်တွေအရ တဲလ်ဖို့ဒ်လိုပဲ အခြားသူတွေကို စည်းရုံးလှုံ့ဆော်နိုင်တဲ့သူတွေက စွမ်းဆောင်ရည် ပိုကောင်းကြတာကို တွေ့ရပါတယ်။ (စည်းရုံးလှုံ့ဆော်ခြင်းနဲ့ စွမ်းဆောင်ရည်တို့ရဲ့ ဆက်နွယ်မှုဟာ ရမှတ်မြင့် ၀.၆၆ မှာ ရှိပါတယ်။)

           သာယာတဲ့ လုပ်ငန်းခွင်ကိုလည်း ဖြစ်စေတယ်

အီရန် တဲလ်ဖို့ဒ်၊ လိုရန်ဇာပါဆီတီ၊ ဂျေမီအိုလီဗာ၊ အာရူနချမ်လမ် မူရူဂန်နံသမ်တို့ တစ်ယောက်ချင်းစီက သူများရဲ့အကူအညီကို ရအောင် လုပ်ဆောင်ရာမှာ အသိအမှတ်ပြုလောက်တဲ့ ခွန်အားနဲ့ ကိုယ့်လိုင်းနဲ့ကိုယ် ဉာဏ်ပါပါ အားထုတ်ခဲ့ကြတယ်။သူတို့စည်းရုံးရမယ့်သူတွေအပေါ်မှာ နဂိုကတည်းက သြဇာလွှမ်းမိုးနိုင်တာမျိုး မရှိပါဘူး၊ အဲဒီလိုပဲ သူတို့ရဲ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ ပင်ကိုယ်အရည်အချင်းကို အသုံးချပြီး သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အခြားသူတွေကို သူတို့အပေါ်တိမ်းညွတ်လာအောင် သွေးဆောင်ခြင်းမျိုးကိုလည်း အသုံးမချခဲ့ပါဘူး။အဲဒီအစား သူတို့က စိတ်ဓာတ်ဆွဲဆောင်မှုရှိတဲ့ နည်းဗျူဟာနဲ့ ဉာဏ်ပါပါ ဇွဲလုံ့လစိုက်ထုတ်ခြင်းနည်းကိုပဲ အသုံးချပြီး ဆန့်ကျင်သူတွေကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့တာပါ။သူတို့ရဲ့ နည်းဗျူဟာက အပြုအမူပေါ်မှာ အခြေခံပြီး ကိုယ်ရည်ကိုယ်သွေးပေါ်မှာ အခြေခံတဲ့နည်းမဟုတ်ပါဘူး။သင့်အနေနဲ့လည်း သေချာသင်ယူပြီး ထိထိရောက်ရောက် အသုံးချနိုင်တဲ့နည်းဖြစ်ပါတယ်။ရလာမယ့် အကျိုးကျေးဇူးက အလေးအနက်ထားရလောက်ပါ တယ်။

အင်အားကြီးချန်ပီယံတွေက သူတို့ရဲ့စွမ်းဆောင်ရည်ကို အမြဲတိုးတက်စေကြပြီး၊ လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များ၊ အထက်လူကြီးများ စတဲ့ အခြားသူများနဲ့ ဆက်ဆံရေးကောင်းအောင်လည်း အမြဲတည်ဆောက်ကြတယ်။အင်အားကြီးချန်ပီယံတွေရဲ့ နည်းစနစ်ကို ကျင့်သုံးတာဟာ ကျွန်တော်တို့အတွက် လူမှုအရင်းအနှီးတစ်ခုဖြစ်ရုံမက နောင်လိုအပ်လာတဲ့အခါ အလွယ်တကူအသုံးချနိုင်တဲ့ ကူညီပံ့ပိုးမှုကိုလည်း ရရှိစေနိုင်ပါတယ်။

အင်အားကြီးချန်ပီယံတွေရဲ့ နည်းစနစ်တွေက ကျွန်တော်တို့ရဲ့ အလုပ်ဝန်းကျင်တွင်း အပေးအယူမျှတကြစေဖို့အတွက်လည်း အကျိုးပေးပါတယ်။အခြားသူတွေကို စိတ်တက်ကြွလိုက်ပါလာစေခြင်းနဲ့ ဉာဏ်ပါပါ ဇွဲလုံ့လစိုက်ထုတ်ခြင်းဖြင့် ကျွန်တော်တို့ဟာ စည်းလုံးတက်ကြွပြီး လူတိုင်းအတွက် ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့ လုပ်ငန်းဝန်းကျင်လေးတစ်ခု ဖန်တီးနိုင်ပါတယ်။စိန်ခေါ်မှု ယှဉ်ပြိုင်မှုတွေ မရှိတော့ဘဲ၊ မိတ်ဆွေရင်းတွေလို ဖြစ်လာကြပြီး၊ လုပ်ငန်းခွင်က ပိုသာယာစိုပြည် ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့ အခင်းအကျင်းဖြစ်လာမှာပါ။ဒီလိုပြောတော့ အလုပ်ဝန်းကျင်မှာ ဝိရောဓိကင်းသင့်တယ်၊ မရှိသင့်ဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။သင့်အဖွဲ့အနေနဲ့ ခက်ခဲတဲ့ကိစ္စ ဖြေရှင်းရမယ့်အချိန်၊ ဆုံးဖြတ်ချက်ချရမယ့်အချိန်တစ်ခုရောက်လာရင်တော့၊ သူတို့ကြားမှာ ဝိရောဓိ (လွတ်လပ်စွာ ကွဲလွဲခွင့်) တစ်ခုတော့ သင် “ရှိစေချင်” မှာပါ။ တကယ်တော့ လွတ်လပ်စွာ ကွဲလွဲခွင့် ဝိရောဓိလေးတွေဟာ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ချက်အတွက် အထောက်အကူပြုတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ အစွမ်းပြအလုပ်လုပ်ခြင်းအတွက် အရေးပါတဲ့ကိစ္စ (ကဏ္ဍ) တစ်ခုဖြစ်တယ်ဆိုတာ ရှေ့လာမယ့် ဆောင်းပါးမှာ တွေ့ရမှာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့သလို မော်တန် တီ ဟန်ဆန်က ထိပ်တိုက်ဖြေရှင်းနည်းတွေရော၊ ထိပ်တိုက်ရှင်းလို့ ပိုခက်ခဲ အလုပ်မဖြစ်နိုင်ဘူးလို့ ကြုံလာတဲ့အခါကျရင် ကိုယ့်ဖက်က လျှော့လို့ရတဲ့အပိုင်းကို လျှော့ပေးပြီး ကြားချတဲ့နည်းနဲ့ စည်းရုံးရင်၊ မိမိကိုဆန့်ကျင်နေတဲ့သူတွေကို မိမိဘက်ပါလာအောင် လုပ်နိုင်မယ့်အပြင် သူတို့နဲ့မဟာမိတ်ဖွဲ့ပြီး ရေရှည်မှာ အသုံးချနိုင်မယ့် နည်းလမ်းလေးတွေကိုပါ လက်တွေ့ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ဖော်ပြပေးတာက တော်တော်ဘဝင်ကျစရာကောင်းလှပါတယ်။ထို့အပြင် ရှေ့က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို ပိုမှတ်မိအောင် အောက်ပါအတိုင်း ထုတ်နှုတ်ဖော်ပြပေးတာကလည်း နှစ်သက်စရာကောင်းလှပါတယ်။

           အဓိကသင်ယူရန်များ - အင်အားကြီးချန်ပီယံ အလုပ်ကြိုးစားလုပ် ရှေးရိုးပုံစံ

ကျွန်တော်တို့ရဲ့ အမှုကိစ္စအတွက် အလွန်တရာ ထူးခြားတဲ့ ကြိုးပမ်းအားထုတ်မှုအကြောင်းကို ထပ်ခါတလဲလဲပြောပြရုံပဲ ကျွန်တော်တို့ဖက်က လုပ်ဖို့လိုမယ်၊ ဒါဆိုရင် အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေက အလိုလျောက် ကူညီလာကြလိမ့်မယ်လို့ ကျွန်တော်တို့ အရင်ကထင်ခဲ့တယ်။ဒါ့အပြင် ရေရှည်ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် ဇွဲလုံ့လပြင်းပြင်းထန်ထန်ပြုခြင်းနဲ့ စူးစူးစိုက်စိုက် စိတ်ထက်သန်ခြင်းတို့ဟာ မိမိတို့ရဲ့ ကြိုးစားမှုအားလုံးကို ဟန့်တားနေတဲ့ အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်စေလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။ဒီရှေးရိုးပုံစံက ကျွန်တော်တို့ကို အလုပ်လုပ်တဲ့အခါမှာ ဆက်သွယ်ပြောကြားဖို့၊ ထပ်ပြီးဆက်သွယ်ပြောကြားဖို့ဆိုတဲ့ ပင်ပင်ပန်းပန်း ကြိုးစားလုပ်စေဖို့ လှုံ့ဆော်နေတဲ့အပြင် ကြီးကြီးမားမား ကြိုးစားအားထုတ်မှုကိုလည်း အချိန်နဲ့အမျှ ထပ်ခါတလဲလဲလုပ်ခြင်းဖြင့် အတားအဆီးတွေကို ကျော်လွှားစေလိမ့်မယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဦးတည်သွားစေပါတယ်။

“ဉာဏ်ပါပါ အလုပ်လုပ်” ခြင်းရဲ့ အမြင်သစ်
အကောင်းဆုံးစွမ်းဆောင်ရှင်တွေက သူတို့ရဲ့အကြံဉာဏ်နဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့် ငြင်းခုန်နေလေ့ မရှိတတ်ပါဘူး။သူတို့က သူများရဲ့ပံ့ပိုးမှုရလာအောင် ဘယ်ညာတွဲလုံးထိုးချက်တွေနဲ့ ဇွတ်စည်းရုံးတတ်ပါတယ်။

ပထမဦးစွာ သူတို့ပံ့ပိုးမှုလိုချင်သူတွေ တစ်ယောက်ချင်းရဲ့စိတ်ကို ဆွပေးခြင်းဖြင့် ဆွဲဆောင်စည်းရုံးတတ်ကြပါတယ်။

ဒုတိယအနေနဲ့ သူတို့က ဆန့်ကျင်သူတွေ တစ်ဦးချင်းနဲ့ကိုက်ညီအောင် ဉာဏ်ပါတဲ့ ဇွဲလုံလဗျူဟာကို ချိန်ညှိမှုတွေ လုပ်တတ်ပါတယ်။ဉာဏ်ပါတဲ့ ဇွဲလုံ့လနဲ့ သူများစိတ်ညွတ်လာအောင် လှုံ့ဆော်စည်းရုံးတတ်သူတွေဟာ တစိုက်မတ်မတ်လုပ်ရင်းနဲ့ လုပ်ငန်းခွင်မှာ သူတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိအောင် များသောအားဖြင့် လုပ်တတ်ကြပါတယ်။

           အဓိကအချက်အလက်များ

           •    ကျွန်တော်တို့ သုတေသနပါ လူ ၅,၀၀၀ ရဲ့ အချက်အလက်တွေအရ၊ အင်အားကြီးချန်ပီယံတွေဟာ သူတို့လို သူများအားကျလာအောင် မဆွဲဆောင်နိုင်၊ ဉာဏ်ပါတဲ့ ဇွဲလုံ့လကိုလည်း အသုံးမပြုသူတွေထက် စွမ်းဆောင်ရည်ပေးမှတ်တွေမှာ အများအားဖြင့် ၁၅ ရာခိုင်နှုန်းမှတ် သိသိသာသာကြီး ပိုသာနေတာကို တွေ့ရတယ်။

           •    အင်အားကြီးချန်ပီယံတွေဟာ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုကို လုပ်ဖော်ကိုင်ဖက်တွေက ပံ့ပိုးပေးလာအောင် သွေးဆောင်တဲ့နေရာမှာ စိတ်တက်ကြွမှု မြင့်တက်လာအောင်နဲ့ အားကျလိုက်ပါလာအောင် လုပ်ဆောင်မှုပုံစံအမျိုးမျိုးသုံးပြီး စည်းရုံးလှုံ့ဆော်တတ်ကြပါတယ်။

           •    သူတို့က လူတွေ သူတို့ရဲ့ ဒီနေ့အခြေအနေကို စိတ်ဆိုးပြီး၊ မနက်ဖြန်ဖြစ်လာမယ့် အခြေအနေကို စိတ်လှုပ်ရှား ပျော်ရွှင်လာအောင် ဖန်တီးတတ်ကြပါတယ်။

           •    သူတို့က အပြောသက်သက်မဟုတ် တစ်ဖက်လူ ချက်ခြင်း စိတ်ခံစားမှု နိုးထလာအောင် ထိရောက်တဲ့ပုံတွေ သရုပ်ပြမှုတွေနဲ့ လုပ်ပြတတ်သူတွေဖြစ်တယ်။

           •    သူတို့က ငြီးငွေ့စရာကောင်းတဲ့ နိစ္စဒူဝအလုပ်နဲ့ ကြီးကျယ်တဲ့ ရည်ရွယ်ချက်ကောင်းကို ချိတ်ဆက်ပြပြီး လူတွေ ရည်ရွယ်ချက်ကောင်းကို သိမြင်ခံစားလာအောင် လုပ်ပြတတ်တယ်။

           •    အင်အားကြီးချန်ပီယံတွေဟာ မိမိကိုဆန့်ကျင်သူတွေရဲ့ အားကို ဖြိုခွဲပြီး သူတို့ရဲ့ ပရောဂျက်တွေကို ပံ့ပိုးလာစေအောင် ဉာဏ်ပါတဲ့ ဇွဲလုံ့လဝိရိယကို ချပြတတ်ကြတယ်။

           •    သူတို့က မိမိရဲ့အတိုက်အခံတွေရဲ့ အမြင်ရှုထောင့်ကို အသိအမှတ်ပြု ထည့်သွင်းစဉ်းစား (“သူတို့ဖိနပ်ကို ဝင်စီးကြည့်ခြင်း”) ပြီး အတိုက်အခံတစ်ဦးချင်းရဲ့ သီးခြားစိတ်ပူပန်မှုနဲ့ အစီအစဉ်တစ်ခုခြင်းနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာ ချမှတ်တတ်တယ်။

           •    လိုအပ်ရင် သူတို့က ဆန့်ကျင်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းတတ်တယ်။

           •    သူတို့က ဆန့်ကျင်သူ အတိုက်အခံတွေနဲ့ တတ်စွမ်းသမျှ လိုက်လျော ညှိနှိုင်းယူတတ်တယ်။

           •    ဆန့်ကျင်သူ အတိုက်အခံတွေကို မိမိအဖွဲ့တွင် နေရာပေးခြင်း၊ အဖွဲ့ဝင်ဖြစ်စေခြင်းဖြင့် ၎င်းတို့ကလည်း သူတို့ကိုယ်ပိုင် ပရောဂျက်သဖွယ် စိတ်တူကိုယ်တူ ဖြစ်လာစေတတ်တယ်။

           •    သူတို့က လူတွေ အချိန်မရွေး တက်ကြွစွာပါဝင်လာပြီး သူတို့ကိုယ်စား အလုပ်လုပ်လာအောင် တွန်းအားပေးတတ်တယ်။  

မော်တန် တီ ဟန်ဆန်က အထက်ကလို သူတင်ပြလမ်းညွှန်ခဲ့ပြီးသမျှတွေကို ကောက်နှုတ်ချက်လေးတွေနဲ့ ချုပ်ပြသွားခဲ့တာဟာ ပိုမိုနားလည်စေပါတယ်။

အင်အားကြီးချန်ပီယံတွေရဲ့ လက်တွေ့အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေကို ကိုယ့်အလုပ်မှာကိုယ် လက်တွေ့အသုံးချကြခြင်းအားဖြင့်  ထူးချွန်အစွမ်းပြနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

           (ဆက်လက်ဖော်ပြပါဦးမယ်။)

သက်ထွန်း (သျှမ်း)
Photo Credit - Chess