【 ဆောင်းပါး 】 ထိရုံနဲ့ငြိတာ လောဘ

【 ဆောင်းပါး 】 ထိရုံနဲ့ငြိတာ လောဘ

လောဘဆိုတာ လိုချင်တပ်မက်မှုပါ။လောဘ သဘောက အသိတရားတစ်ခုခုဖြင့် အချိန်မီမထိန်းသိမ်းနိုင်ခဲ့လျှင် နောက်မဆုတ်တမ်း ရှေ့ဆက်တိုးတော့မှာဖြစ်သည်။

နွားငယ်၏ ပေါက်ခါစ ဦးချိုသည် အရွယ်ကြီးလေ ရှည်လေဖြစ်သကဲ့သို့ လောဘ သဘောကလည်း အရွယ်ကြီးလေ လောဘကြီးလေဖြစ်သည်။ထို့ကြောင့်လည်း လောဘကို အချိန်မီမသတ်မိခဲ့သော သက်ကြီးရွယ်အိုတို့ကို ရည်ရွယ်၍ “ရောင်ကြီးလျှင်ငိုက် လူကြီးလျှင်မိုက်” ဟူသော စကားပုံပေါ်လာခဲ့ခြင်းဖြစ်သည်။

လောဘအပူးခံရသောသူတစ်ယောက်သည် သူလိုချင်သမျှကို မရရအောင်ကြံရွယ် ကြိုးစားတတ်သည်။သူလိုချင်သည့်အရာကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ရအောင်ယူသည်။လောဘစိတ်က အားကောင်းနေသည့်အတွက် ရှက်ရမှန်း ကြောက်ရမှန်းလည်း လုံးဝမသိတော့ပါ။အချိန်ကြာလာသည်နှင့်အမျှ မြင်မြင်သမျှ သူ့ဟာချည်းလို့ ထင်လာလေသည်။

လောဘသားတစ်ယောက်သည် ဘယ်တော့မှ မရောင့်ရဲတတ်ဘဲ နောက်ထပ် နောက်ထပ် လိုချင်မြဲဖြစ်သည်။လူတစ်ယောက်၏ ဘဝကိုခြယ်လှယ် ကြိုးကိုင်သွားနိုင်တာ လောဘစိတ်ဖြစ်သည်။မိသားစုသံယောဇဉ်ကို ဖျက်ဆီးနိုင်တာလည်း လောဘဖြစ်သည်။နောက်ဆုံး လူ့အသိုင်းအဝိုင်းတစ်ခု လုံးကိုဗြောင်းဆန်အောင် ကိုင်လှုပ်နိုင်တာလည်း လိုချင်တပ်မက်မှုဟူသော ထိုလောဘပင်ဖြစ်သည်။

လောဘစိတ်မဝင်ခင်မှာ ယုန်သူငယ်လေးလို ဖြူစင်နေသူသည် လောဘစိတ်ဝင်နှောက်ခံရသောအခါ တကယ့်ကို ကိုးတောင်ပြည့်ကျားကြီးတစ်ကောင် ဖြစ်သွားနိုင်ပါသည်။တကယ့်ကို အစွယ်ပြူးပြူး ဘီလူးကြီး ဖြစ်သွားနိုင်ပါသည်။

ဗြဟ္မဒတ်မင်းကြီးတွင် သားတော်နှစ်ပါးရှိသည်။အရွယ်ရောက်လာသောအခါ သားအကြီးက အိမ်ရှေ့စံဖြစ်၍ သားအငယ်က စစ်သူကြီးဖြစ်လာသည်။ဘုရင်ကြီး နတ်ရွာစံသောအခါ မှူးမတ်များက သားကြီးဖြစ်သူကို ဘုရင်မင်းမြတ်အဖြစ် တင်မြှောက်၍ သားငယ်ကို အိမ်ရှေ့မင်းသားအဖြစ် ဆက်ခံရန် လျှောက်ထားကြသည်။သို့သော်လည်း သားကြီးဖြစ်သူက ထီးနန်းဆက်ခံရမည်ကို ငြင်းပယ်လိုက်ပြီး ညီဖြစ်သူကို ဘုရင်လုပ်စေသည်။သို့နှင့် ညီငယ်က ဘုရင်အဖြစ် ထီးနန်းဆက်ခံရလေသည်။ညီဘုရင်လည်း အကိုကြီးကို အိမ်ရှေ့မင်းသားလုပ်စေသော်လည်း ငြင်းပယ်ပြန်သည်။ဘုရင်မလုပ်ဘဲ သာမန်ဘဝနှင့်နေမည်ဆိုသောကြောင့် ဘာတာဝန်မှမပေးဘဲ ဘုရင့်နောင်တော်အဖြစ် သိက္ခာရှိရှိနှင့် နန်းတော်တွင် သဘောကျနေစေသော်လည်း မနေပြန်ပေ။သာမန်ပြည်သူတစ်ယောက်လို နေချင်သည်ဆိုကာ နိုင်ငံတွင်းရှိ နယ်တစ်နယ်သို့ထွက်သွားပြီး ထိုနယ်ရှိ သူဌေးကြီးတစ်ဦးအိမ်တွင် လက်ခစား အလုပ်သမားလုပ်နေခဲ့သည်။

အချိန်ကာလအနည်းငယ်ကြာလာသောအခါ သူ့ကို ဘုရင့်သားအကြီးဖြစ်မှန်း ရွာသားများက သိသွားသည်။သူ့ကို ဘာအလုပ်မှမလုပ်စေဘဲ လူအများက သူ့အနားမှာ ခစားလာကြသည်။ဘုရင့်ထံသို့ ပေးဆောင်ရမည့် အခွန်အကောက်များကိုလည်း ကင်းလွတ်ခွင့်တောင်းပြီး သူ့ကိုပေးဆောင်ကြသည်။ဘုရင်ကလည်း နောင်တော် စိတ်ချမ်းသာရင်ပြီးရောဆိုပြီး ထိုနယ်မှ အခွန်အကောက်များကို နောင်တော်ယူစေသည်။သူသည် ဒေသတစ်ခုလုံး၏ အကြီးအကဲတစ်ယောက်ဖြစ်လာသည်။အာဏာလည်းရ ငွေကြေးဥစ္စာများလည်းရပြီး နယ်သူနယ်သားအားလုံးကလည်း ဘုရင်ထက် သူ့ကို ပိုမိုလေးစား အားကိုးလာကြသည်။ထိုအခါ အရင်ကလောဘမရှိဘဲ သာမန်ပြည်သူလိုနေလာသူသည် လောဘတဏှာ၏ ဝင်ပူးခြင်းကို ခံလာရသည်။ထို့ကြောင့် သူနေသောနယ်မှ နယ်သားများကို ဦးစီးကာ ညီဖြစ်သူကိုတိုက်ခိုက်ပြီး ဘုရင်လုပ်တော့မည့်အကြောင်း ညီငယ်ကို စစ်ကြေငြာသည်။သူ့နောင်တော်နှင့် တိုက်ခိုက်လျှင် ပြည်သူအားလုံး စစ်ဒဏ်ခံရမည်မို့ ညီငယ်က နောင်တော်ကို ထီးနန်းဖယ်ပေးလိုက်သည်။ထိုအချိန်မှစ၍ နောင်တော်သည် ဘုရင်လုပ်ကာ တိုင်းပြည်အုပ်ချုပ်လေသည်။ညီငယ်ကို အိမ်ရှေ့မင်းသားနေရာပေးသည်။

ယခင်က လောဘမရှိသော နောင်တော်ဘုရင်သည် ယခုတော့ တကယ့်လောဘသားကောင်ကြီး ဖြစ်နေလေပြီ။သိကြားမင်းသည် နောင်တော်ဘုရင်ကို ပညာပေးရန်အတွက် လုလင်ငယ်တစ်ယောက်အသွင် ဟန်ဆောင်ကာ သူ့ဆီကိုရောက်လာသည်။သူ့ကိုခစားပြီး စည်ပင်ဝပြောသော တိုင်းပြည်သုံးခုကို တစ်ပြိုင်တည်းသိမ်းပိုက်ချင်လား မေးသည်။သူက သိမ်းပိုက်ချင်ကြောင်း လက်ခံတော့ လုလင်က သူ့မှာအကြံဉာဏ်ရှိကြောင်းပြောကာ ပြန်သွားသည်။

ထိုနေ့ကစ၍ လုလင်ငယ်ကို မျှော်နေသော်လည်း လုလင်ငယ်က တစ်ရက်လည်းပေါ်မလာ နှစ်ရက်လည်းပေါ်မလာနှင့် ရက်အတန်ကြာသွားသည်။သူလည်း သုံးပြည်ထောင်ပိုင်လိုသော လောဘနှင့် လုလင်ငယ်၏နေရပ်ကို မမေးလိုက်ရသော သူ့ကိုယ်သူအပြစ်တင်နေမိသည်။သူ့လောဘက သူ့ကို သောကတွေ ပင်လယ်ဝေစေလေပြီ။ပူပန်သောကဖိစီးသဖြင့် အအိပ်ပျက်အစားပျက်ဖြစ်ကာ နောက်ဆုံး သွေးဝမ်းရောဂါခံစားရပြီး အိပ်ရာထဲ လဲပါတော့သည်။

တက္ကသိုလ်မှ ပြန်လာသော ဘုရားလောင်းသည် ဘုရင်ကြီး၏ ရောဂါကို ကုသရန် နန်းတော်သို့လာခဲ့သည်။ဘုရင်ကြီး၏ အခြေအနေကို စစ်ဆေးကြည့်သောအခါ ဘုရင်ကြီးမှာ တခြားရောဂါ ကြီးကြီးမားမားမရှိဘဲ စိတ္တဇရောဂါဝေဒနာသာဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ဘုရင်ကြီးကို ရောဂါစဖြစ်ပုံကို မေးကြည့်သည်။ဘုရင်ကြီးသည် ပထမတော့ မပြောပြပေ။လုလင်က စိတ်ရှည်လက်ရှည်နှင့် ဆက်မေးသည်။လုလင်၏ အပြောအဆို စေတနာထားပုံတို့ကို အားနာလာပြီး သုံးပြည်ထောင်ကို တစ်ခါတည်းနှင့်သိမ်းပိုက်နိုင်မည်ပြောပြီး သူ့ရှေ့မှောက်မှ ပျောက်ကွယ်ကာ ပြန်ပေါ်မလာတော့သော လူငယ်အကြောင်းကို အစပြန်ပြောကာ ထိုလူငယ်ကိုမျှော်လင့်ရင်း စိတ်ဝေဒနာခံစားလာခဲ့ရကြောင်း ပြောပြသည်။

ထိုအခါ လုလင်က မင်းကြီးတစ်ယောက်တည်းနှင့် ထမင်းသုံးပန်းကန်ကို တစ်ပြိုင်တည်းစားလို့ ဖြစ်ပါ့မလား။အိပ်ရာသုံးခုမှာ တစ်ပြိုင်တည်းအိပ်လို့ဖြစ်ပါ့မလား။သုံးပြည်ထောင်အုပ်ချုပ်ခွင့်ရခဲ့လျှင်လည်း တစ်ယောက်တည်းနှင့် မနိုင်မနင်းဖြစ်ပြီး စိတ်သောများခြင်းသာ အဖတ်တင်မည်ဖြစ်ကြောင်း ကာမဂုဏ်၏ အပြစ်များကို ဟောပြောပြသည်။

မကြာမီ ဘုရင်ကြီးလည်း ဝေဒနာသက်သာလာသည်။သူ့လောဘစိတ်ကိုလည်း သတ်နိုင်ခဲ့လေသည်။

ဘုရားလောင်း လုလင်လည်း ဘုရင်ကြီး၏ ထီးဖြူကိုကြည့်ကာ ကသိုဏ်းပွားများပြီး ဈာန်သမာပတ်များရရှိခဲ့သည့်နောက် ဟိမဝန္တာသို့ ကောင်းကင်ခရီးဖြင့်သွားကာ ရသေ့ဝတ်ခဲ့လေသည်။

နောင်တော်ဘုရင်ကြီးသည် ယခင်လောဘစိတ်မရှိခဲ့စဉ်က ထီးနန်းကိုတောင် မမက်မောဘဲ စွန့်လွှတ်ခဲ့သည်။နန်းတော်မှာလည်း ကောင်းကောင်းမွန်မွန်မစံစားဘဲ ကျေးလက်နယ်ဘက်သို့သွားကာ သာမန်ပြည်သူတစ်ယောက်လိုနေခဲ့သည်။စည်းစိမ်အဆောင်အယောင်ကြားမှာ နေရသော်လည်း ရိုးသားခဲ့သည်။စည်းစိမ်ချမ်းသာမှုသည် သူနှင့်လုံးဝမသက်ဆိုင်သလို နေခဲ့သည်။လောဘစိတ်ဝင်လာချိန်တွင် တောနယ်မှာနေသော်လည်း ထီးနန်းစိုးစံချင်လာသည်။အာဏာလိုချင်လာသည်။တစ်ပြည်တွင်မကတော့ဘဲ သုံးပြည်ထောင် ပိုင်ချင်လာသည်။

လောဘနှင့် ထိတွေ့သည်နှင့် ထိုလောဘနှင့်ငြိကာ ရုန်းထွက်မရအောင် အရူးအမူးဖြစ်ခဲ့ရသည်။လောကမှာ ရှိသမျှ စည်းစိမ်အဆောင်အယောင်တိုင်းသည် သူ့အပိုင်လို့ပဲ ထင်နေမိလေသည်။

မြက်သည် မိုးရွာသောအခါ အလွန်ကြီးပွားသကဲ့သို့ ကပ်ငြိတွယ်တာတတ်၍ ယုတ်မာသော လောဘတဏှာ၏ ဖိစီးနှိပ်စက်ခံနေရသည့်သူမှာ  စိုးရိမ်ကြောင့်ကြ သောကပွားစေ၏။ (ဓမ္မပဒ)

ရိုက်မောင်း