【 ဆောင်းပါး 】 ထောင်ထဲမှာ တိုက်ထဲမှာ

【 ဆောင်းပါး 】 ထောင်ထဲမှာ တိုက်ထဲမှာ

ထောင်ဆိုတာကို ထူထဲလှတဲ့ အုတ်ရိုးခပ်မြင့်မြင့် ကာထားရုံတင်မက အုတ်ရိုးတွေပေါ်မှာလည်း ကင်းတဲတွေရှိကာ အဲဒီကင်းတဲပေါ်မှာ ထောင်ဝန်ထမ်းတွေက ၂၄ နာရီပြည့် အလှည့်ကျ ဂျူတီဝင်ရတယ်။
 
ကင်းတဲပေါ် တာဝန်ကျတဲ့ ဝန်ထမ်းတွေကို အရေးပေါ်ဖြစ်လာရင် ပစ်ဖို့ သေနတ်ပေးထားလေ့ရှိတယ်။ကင်းတာဝန်ကျ ထောင်ဝန်ထမ်းတွေ မအိပ်ဘူးဆိုတာကို သက်သေပြစေလိုတာကြောင့်လား မပြောတတ်။အဲဒီကင်းတဲပေါ်ကနေ ၁၅ မိနစ် တစ်ကြိမ် သံချောင်းခေါက်ရသေးတယ်။အဲဒီကင်းတဲတစ်ခုမှာ ဝန်ထမ်း ၂ ယောက် စောင့်ရတယ်လို့လည်း ကြားဖူးတယ်။အုတ်ရိုးပေါ် ကင်းတဲထားရတဲ့ အဓိကရည်ရွယ်ချက်က အုတ် ရိုးကျော်ပြီး ထွက်ပြေးမယ့် အကျဉ်းသားတွေကို သိရှိကာကွယ် အချက်ပေးဖို့ပဲ ဖြစ်ပါတယ်။
 
ပြီးတော့ အုတ်ရိုးကြီးရဲ့အတွင်းဘက် ထောင်ထဲမှာက အုတ်ရိုးအသေးတွေ၊ ဂိတ်တံခါးတွေ အထပ်ထပ်လည်းရှိသေးတယ်။အဲဒါတွေက ထောင်ထဲက အကျဉ်းသားတွေကို သွားချင်ရာသွားလို့မရအောင် တားဆီးထားခြင်းဖြစ်ပါတယ်။ဘာ့ကြောင့်တားဆီးထားသလဲဆိုတော့ လုံခြုံရေးအရနဲ့ ထိန်းရသိမ်းရလွယ်အောင်လို့။ကိုယ်နဲ့မဆိုင်တဲ့နေရာ သွားလို့မရဘူးဆိုတာ ထောင်ရဲ့ အရေးကြီးတဲ့ တားမြစ်ချက်။စားဖိုနဲ့ဆိုင်တဲ့လူ စားဖိုလာ၊ မဆိုင်သူ ပါမလာစေနဲ့။ထောင်ထဲက တောင်ယာစိုက်ခင်းတွေဆီလည်း မဆိုင်တဲ့သူ မလာရ။
 
ထောင်ထဲမှာ နေမကောင်းလို့ ဆေးခန်းသွားပြဖို့တောင် မလွယ်။ဆေးခန်းပြမယ့်သူတွေ တကယ်နေမကောင်းတာ ဟုတ်၊ မဟုတ် တန်းစီးတွေ၊ အခန်းစာရေးတွေက စစ်ပြီး ခွင့်ပြုချက်ရတော့မှ ဆေးခန်းသွားမယ့် အုပ်စုထဲ တန်းသွားစီရ။ ၅ မိနစ်ကျော် လမ်းလျှောက်ရင် ရောက်မယ့် မန္တလေးနန်းတွင်းထောင်ထဲက ထောင်ကျအဆောင်ကနေ ဆေးရုံကို အနည်းဆုံး ဂိတ်တံခါး ၄-၅ ခုလောက် ဖြတ်ပြီးမှ ရောက်တယ်။
 
တိုက်တွေထဲဆို ပိုဆိုးသေး။မဆိုင်တဲ့အကျဉ်းသား တိုက်တွေထဲ ဝင်ဖို့ဆိုတာ တော်တော့်ကိုမလွယ်။တိုက်ထဲမှာက ဒဏ်ပေးခံရတဲ့ အကျဉ်းသားနဲ့ သီးသန့်ထားချင်တဲ့အကျဉ်းသားတွေကိုပဲ ထားတာဆိုတော့ တိုက်ထဲက ငါ့သူငယ်ချင်းနဲ့ သွားတွေ့လိုက်ဦးမယ်ဆိုတာက တော်တော့်ကိုပိုင်တဲ့လူ (သို့မဟုတ်) ထောင်အုပ်ချုပ်ရေးထဲက အကျဉ်းသားအရာရှိတွေလိုမျိုးမှ။
 
တချို့က တိုက်ပိတ်တယ်ဆိုရင် နေ့လား ညလား မသိတဲ့ လုံးဝအမှောင်တိုက်ခန်းထဲ ပိတ်ပစ်ထားတာလို့ ထင်ကြတယ်။တကယ်တော့ ထောင်ထဲက တိုက်ဆိုတာက လူ ၃ ယောက်လောက် အိပ်လို့အဆင်ပြေမယ့် တိုက်ခန်းမျိုးတွေ အတန်းလိုက်ဆောက်ထားလေ့ရှိတယ်။တိုက်ခန်းဝင်ပေါက်၊ ထွက်ပေါက် တံခါးက လက်တစ်ဖက် အပြင်ထုတ်လို့ရတဲ့ အကွာအဝေးရှိ သံတိုင်တွေနဲ့ ဖွဲ့စည်းထားတယ်။တိုက်ခန်းရဲ့ ထောင့်တစ်နေရာမှာ တော့ ချီးပါ သေးပေါက် ကော်ခွက်။တစ်ယောက်က အိမ်သာတက်နေရင် ကျန်တဲ့လူတွေက သံတိုင်တံခါးရှေ့ရပ်ကာ အပြင်ဘက်လှည့်ချင်လှည့်။ကြာလာတော့လည်း အိမ်သာတက်တဲ့သူကလည်း မရှက်တော့သလို နံဘေးကလူတွေကလည်း မရွံနိုင်တော့။သူလည်း သူ့ဘာသာပါ၊ ကိုယ်လည်း ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်။အိမ်သာခွက်ကိုတော့ မနက်အခန်းတံခါးဖွင့်ပြီး မကြာခင် တာဝန်ကျ အကျဉ်းသားတစ်ယောက်ယောက်က လာသိမ်းသွားပြီး သန့်စင်ပြီး အိမ်သာခွက် လာပြန်ထားပေးတယ်။အိမ်သာခွက်ကို သံခွက်တွေ ဒန်ခွက်တွေ ဘာ့ကြောင့် မထားဘဲ ကော်ခွက်ထားရတာလဲဆိုတော့ တိုက်ထဲနေသူအချင်းချင်း ရန်ဖြစ်ပြီး ရိုက်နှက်တာမျိုး၊ အိမ်သာခွက်ကိုဖြတ်ပြီး လှီးဖြတ်ခုတ်ထစ်ရတဲ့ အချွန်အတက်တွေ လုပ်မှာစိုးတာကြောင့်လို့ ဆိုတယ်။
 
စကားစပ်လို့ ထပ်ပြောရရင် အင်္ဂလိပ်အစိုးရရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲဥပဒေဆိုတာ ရေပက်မဝင်အောင် အသေးစိတ်ကျလွန်းကြောင်း ထောင်မှူးအဆင့်ကနေ ထောင်ပိုင်ကြီးအထိ တစ်သက်တာ ထောင်အမှုထမ်းလုပ်ခဲ့တဲ့ စာရေးဆရာကြီး ရန်အောင်မောင်မောင်က ဆိုခဲ့ဖူးတယ်။
 
ဘယ်လောက်ထိ အသေးစိတ်သလဲဆို မိန်းမထောင်ထဲ ထောင်ဝင်စာ စားစရာပို့ရာမှာ ခရမ်းသီးနဲ့ သခွါးသီးတို့လို အသီးမျိုးဆိုရင် အလုံးအတိုင်း သွင်းလို့မရ။သွင်းချင်ရင် အဲဒီအသီးတွေကို စိပ်ပြီးမှသာ သွင်းရမယ်တဲ့။ဘာလို့လဲဆိုတော့ ခရမ်းသီး၊ သခွားသီးတွေနဲ့ အကျဉ်းသူတွေ လိင်ဖျော်ဖြေမှာ စိုးတာကြောင့်တဲ့။အဲဒီ လို အသေးစိတ်လွန်းတဲ့ အကျဉ်းထောင်လက်စွဲဥပဒေတဲ့။ထားတော့။
 
တိုက်အကြောင်း ပြန်ဆက်ရရင် မြင်ခဲ့ဖူးတဲ့ မန္တလေးထောင်၊ ထောင်မကြီးဘက်ခြမ်း တိုက်တွေက မျက်နှာချင်းဆိုင်တိုက်တွေမရှိ။တိုက်တံခါးကိုဖွင့်လိုက်ရင် ခြေလှမ်း လေး၊ ငါး၊ ခြောက်လှမ်းလောက် လှမ်းနိုင်တဲ့ တိုက်ပရဝဏ် မြေနည်းနည်း။ဟိုဘက်ဒီဘက် သွပ်ပြားတွေနဲ့ကာထားပြီး အရှေ့မှာတော့ သော့မခတ်ထားဘူးလို့ ထင်ရတဲ့ သစ်သားတံခါးတစ်ချပ်။အဲဒီသစ်သားတံခါးရဲ့အရှေ့မှာတော့ တိုက်ထဲကို မျက်နှာချင်းဆိုင်က ဘယ်သူမှ မမြင်နိုင်အောင် သွပ်ပြားအရှည်ကြီးနဲ့ တိုက်တန်းတောက်လျှောက် ကာထားသေးတယ်။တိုက်ပရဝဏ် မြေကွက်လပ်မှာက ရေချိုးဖို့ရာနေရာနဲ့ အညောင်းပြေ လမ်းလျှောက်လို့ရ။တိုက်ခန်း ဟိုဘက်ဒီဘက် အခန်းတွေဆီတော့ တိုက်တာဝန်ခံနဲ့ အဆင်ပြေတယ်ဆို နေ့ခင်းဘက်တွေမှာ ဝင်ထွက်သွားလာ စကားပြောဆို ထမင်းအတူစားလို့ရတာပေါ့။
 
ပြစ်ဒဏ်ကျ အကျဉ်းသားတွေထားတဲ့ တိုက်ကျတော့ အခန်းကူးခွင့်မရှိ။ပြစ်ဒဏ်ကျတယ်ဆိုတာက ထောင်တွင်း ထောင်စည်းကမ်းတစ်ခုခုကို ချိုးဖောက်တာမျိုး။ထောင်တွင်း လူသတ်တာတို့ ထောင်ဖောက်ပြေးတာတို့လို ပြစ်ဒဏ်ကြီးတဲ့သူတွေကျ တိုက်ခန်းသံတံခါးကို ဖွင့်ပေးလေ့မရှိသလို ထမင်းအစား ကော်လို့ခေါ်တဲ့ ထမင်းပျစ်ခဲကိုသာ ရက်အကန့်အသတ်နဲ့ ကျွေးလေ့ရှိတယ်။ကော်စားဖူးတဲ့ မိတ်ဆွေတစ်ဦးကတော့ ဘယ်လိုမှ စားမဝင်ဘူးလို့ဆိုရဲ့။တမင်နှိပ်စက် ဒုက္ခပေးချင်တာမျိုးကျတော့ တိုက်ထဲကို အိမ်သာခွက်တောင် ထည့်မပေးတာမို့ အိမ်သာသွားချင်ရင် တိုက်ခန်းထဲမှာပဲ ကိုယ့်ဘာသာပါချ။နည်းနည်းကြာလာတော့ ပါထားတဲ့ ချေးတွေ သေးတွေကနေ လောက်တွေဖြစ်လာပြီး တိုက်ခန်းတစ်ခုလုံး လူနဲ့လောက်အတူနေရသလို ဖြစ်လာရော။
 
ဒါ့အပြင် ပြစ်ဒဏ်ကျ တိုက်ပိတ်အကျဉ်းသားကို ဒေါင့်လည်း တပ်ထားတာမို့ နေရထိုင်ရ သွားရလာရ အဆင်မပြေ။ဒေါင့်ဆိုတာက ခြေကျင်းဝတ်မှာတပ်ထားတဲ့ သံခြေကျင်း ၂ ခုကြား သံချောင်းတစ်ချောင်း ထပ်တပ်ထားခြင်း။ခြေထောက် ၂ ခုကြား သံတန်းတစ်ခု ခံထားသလိုမို့ လမ်းလျှောက်တဲ့အခါ ကွတတ။
 
တချို့ကျတော့ တစ်ဦးချင်းစီမှာ ဒေါင့်တစ်ခုစီ ထည့်ထားရုံတင်မက ကိုယ်နဲ့အတူ အပြစ်ကျူးလွန်တဲ့ လူ ၃ ယောက်ဆို အဲဒီ ၃ ယောက်ရဲ့ ကြားထဲမှာလည်း ဒေါင့်တစ်ချောင်းစီနဲ့ ထပ်ဆက်ထားတာမို့ နည်းနည်းလှုပ်တာနဲ့ နာကနာ၊ သွားရလာရခက်။တစ်ယောက်က တစ်ခုခုလုပ်ရင် ကျန်တဲ့သူတွေပါ လိုက်ပါပေးရတာမျိုး။တစ်ယောက်က အိမ်သာတက်ရင် ကျန် ၂ ယောက်ကပါ လိုက်ပေးရတာမျိုး။အဆိုးဆုံးက အလယ်ကလူ။ကျန် ၂ ယောက်က ခြေထောက်တစ်ဖက်ဆီ လွတ်လပ်နေပေမယ့် အလယ်လူက ခြေ ၂ ဖက်စလုံး သံဒေါင့်တန်းလန်းနဲ့ဆိုတော့ သူ့က မစားသာ။လမ်းသွားရင်လည်း ၃ ယောက်စလုံး ခြေလှမ်းညီညီ ကွတတနဲ့ သွားရ။ညအိပ်တဲ့အခါ ၃ ယောက်စလုံး ပက်လက်အနေအထားသာ အိပ်ရ။
 
ဒါပေမဲ့ ထောင်ထဲရောက်ပြီးတာတောင် ထောင်စည်းကမ်းချိုးဖောက်လို့ တိုက်ပိတ်၊ ဒေါင့်ခတ်ခံရသူများစွာ။ထောင်ထဲမှာ တိုက်လည်းမကျွတ်၊ဒေါင့်လည်း မကျွတ်ဘူးဆိုတဲ့သူတွေက မနည်းလှ။
 
ကိုဆက်