【 ဆောင်းပါး 】 ဒီဇင်ဘာရက်စွဲများထဲက လသာ တရုတ်တန်း

【 ဆောင်းပါး 】 ဒီဇင်ဘာရက်စွဲများထဲက လသာ တရုတ်တန်း

ရန်ကုန်မြို့တွင် ညချမ်းအချိန်အခါ၌ အပန်းဖြေလည်ပတ်စရာ စည်ကားလှသည့် နေရာများလည်းရှိကြသည်။မြို့ခံများက အဆိုပါစည်ကားရာ နေရာများသို့ Night Out ထွက်ကာ သွားလာလည်ပတ်ရင်း စားကြသောက်ကြခြင်းဖြင့် တစ်ရက်တာ၏ ပင်ပန်းနွမ်းနယ်မှုများကို ဖြေသိမ့်လေ့ရှိကြသည်။ထိုစည်ကားလှသည့် နေရာများအနက် ရန်ကုန်မြို့လယ် Downtown ဧရိယာအတွင်း၌ တည်ရှိနေသော လသာ တရုတ်တန်းက အပါအဝင်တစ်ခုလည်းဖြစ်သည်။
 
ရန်ကုန်မြို့အတွင်း လသာမြို့နယ်အတွင်း၌လည်း တည်ရှိနေသလို ရန်ကုန်မြို့၏ China Town ဟု ဆိုလိုက်လျှင် လသာ တရုတ်တန်းကို ဆိုလိုသည်မှာ လူတိုင်းနီးပါးလိုလိုသိကြသည့် အခြေအနေမျိုးအထိ ကျော်ကြားသော နေရာတစ်ခုလည်းဖြစ်သည်။ယင်းနေရာတွင်ရှိသော အစားအသောက်မျိုးစုံ၊ အဖျော်ရည်ယမကာမျိုးစုံအပါအဝင် စုံလင်လှသည့် စားသောက်ဖွယ်ရာများက အပန်းဖြေလာရောက်ရင်း စားသောက်ကြသူများအတွက် နှစ်သက်စွဲမက်ဖွယ်ရာဖြစ်သည်။မိုးတွင်းကာလကဲ့သို့သော ကာလများအတွင်းတွင် အခြားသော မြို့နယ်များမှ စားသောက်ဆိုင်များ၌ အ ရောင်းပါးနေချိန်၌မူ ယင်းနေရာမှ ဆိုင်များမှာ ရောင်းအဝယ်သွက်နေဆဲ အခြေအနေမျိုးကို ကြုံကြရသည်။မဟာဗန္ဓုလလမ်းမကြီး၏ လမ်းမတော်လမ်းမီးပွိုင့်လောက်မှ လသာလမ်း မီးပွိုင့်အကျော် ၂၃ လမ်းနားလောက်အထိ လမ်းဘေးဝဲယာ၌ ဆိုင်များစွာဖြင့် ပွဲစျေးတန်းကြီးသဖွယ် စည်ကားနေသော မြင်ကွင်းမျိုးကို ယင်းနေရာသို့ ရောက်ရှိခဲ့ဖူးသူများမှ မြင်တွေ့ဖူးကြမည်ဖြစ်သည်။
 
မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးမှ ထွက်သည့် အသီးအနှံများ၊ သားငါးမျိုးစုံနှင့် စားသောက်ဖွယ်ရာများလည်း ယင်းနေရာတွင် စုံလင်အောင် ဝယ်ယူရရှိနိုင်ပြီး ချက်ပြုတ်ထားသည့် ဟင်းလျာနှင့် အစားအစာများမှာလည်း တိုင်းရင်းသားဟင်းလျာ အစားအစာမျိုးစုံသာမကဘဲ ပြည်ပနိုင်ငံများရှိ စားသောက်ဖွယ်ရာများ၏ လက်ရာများအတိုင်း တစ်ထေရာတည်း ချက်ပြုတ်ထားခြင်းများလည်းရှိသည်။ထိုကဲ့သို့သော အရသာရှိစွာ စားသုံးနိုင်သော အခြေအနေများကို ပိုင်ဆိုင်ထားခြင်းကြောင့် ရန်ကုန်မြို့အတွင်း နေထိုင်သူများသာမကဘဲ ရန်ကုန်မြို့သို့ ရောက်ရှိကြသည့် ကမ္ဘာလှည့်ဧည့်သည်များလည်း လာရောက်လေ့ရှိကြပြီး နယ်မြို့များမှ ရန်ကုန်မြို့သို့ အလည်လာသူများပင်လျှင် ယင်းနေရာသို့ အလည်အပတ်အဖြစ် ရောက်ဖူးအောင် လာရောက်ရင်း ကောင်းမွန်သော လက်ရာများအတွက် မြိန်ရှက်စွာ စားသောက်ကြသည့် နေရာလည်းဖြစ်သည်။
 
ယခင် ကပ်ရောဂါပြင်းထန်သည့်ကာလက ရက်အနည်းငယ်ဝန်းကျင်ပိုင်းလောက်သာ လာရောက်သူ လျော့ပါးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ယခင်အတိုင်း ရောင်းဝယ်ဖောက်ကားသူများ၊ စားသောက်သူများဖြင့် ပြန်လည်သက်ဝင်လှုပ်ရှားလာကာ စည်ကားမြဲ စည်ကားနေဆဲလည်းဖြစ်သည်။
 
ယခုအခါ မြန်မာနိုင်ငံ၏ မိုးရာသီအကုန် ဆောင်းရာသီအတွင်းသို့ ကူးပြောင်းဝင်ရောက်လျက်ရှိပေသည်။ဆောင်းကာလနှင့်အတူ ပွင့်လင်းရာသီဘက်သို့ တဖြေးဖြေးကူးပြောင်းလာခဲ့ရာ စျေးရောင်းပွဲတော်များအပါအဝင် နေရာအချို့၌ ပွဲလမ်းသဘင်များကို လုပ်ဆောင်လာလေ့ရှိကြသည်။ထိုလသာ တရုတ်တန်းတွင်မူ ပွဲလမ်းသဘင်များနှင့် အခါကြီးရက်ကြီးမဟုတ်သည့် သာမန်ရက်များ၌ပင် စည်ကားနေလျက်ရှိသည်။ထိုသို့ စည်ကားသည့် အခြေအနေများကြောင့်လည်း ယင်းဒေသနှင့် ယင်းဒေသအနီးတစ်ဝိုက်တွင် နေထိုင်သူများသာမကဘဲ အခြားသောအရပ်ဒေသများမှ အစားအသောက်ရောင်းချသူအသီးသီးကလည်း ယင်းနေရာသို့ လာရောက်ရောင်းချခြင်းဖြင့် မိမိတို့အရောင်းအဝယ်ကောင်းရန် လုပ်ဆောင်လာကြသည်။အစားအသောက်နှင့် အဖျော်ယမကာ ရောင်းချသည့် ကုမ္ပဏီများပင်လျှင် အခြားနေရာများတွင် မပေးသည့် ပရိုမိုးရှင်းလက်ဆောင်အစီအစဉ်များ လုပ်ဆောင်ခြင်း၊ ပရိုမိုးရှင်း Discount အစီအစဉ်များ ပြုလုပ်ခြင်းဖြင့် ပိုမိုမြိုင်ဆိုင်လာစေရန်အတွက် အားဖြည့်ပေးသည့်အခြေအနေမျိုး ဖြစ်လာစေခဲ့သည်။
 
ရန်ကုန်မြို့၏ ညဘက် မီးရောင်ထိန်ထိန်အောက်တွင် ပွဲစျေးတန်းကြီးသဖွယ်ဖြစ်နေသော လသာတရုတ်တန်းတွင် ကြာဇံချက်၊ ကြက်၊ ဘဲ၊ ငါးရံ့၊ အီကြာကွေး ဆန်ပြုတ်များ၊ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ ကြာဇံ အစရှိသည့် ဆိုင်များ၊ နို့ဆီခွက်ပူတင်းဟုခေါ်သည့် နို့ကြက်ဥပေါင်း၊ မလေးရှားခေါက်ဆွဲကြော်၊ ဂဏန်းကော်ကြော် စသည်တို့ ရောင်းချသည့် ဆိုင်များမှာ လမ်း ၂၀ တစ်ဝိုက်တွင် တစ်စုတစ်စည်းတည်းဖြင့်ရှိနေကြသည်။ ၁၉ လမ်း အလယ်ဘလောက်တွင်မူ အဖျော်ယမကာဆိုင်များ၊ အကင်ဆိုင်များ၊ အမြည်းအဖြစ် စားသောက်နိုင်သော ဟင်းလျာဆိုင်များဖြင့် ပြည့်နှက်စွာ တည်ရှိနေပြီး အောက်ဘက်တွင် အုပ်သုပ်နှင့် နို့ဆီဘူးပူတင်း၊ ကြက်ဥပူတင်း၊ ယုန်တံဆိပ် တရုတ်မုန့်မျိုးစုံအပါအဝင် အရသာရှိလှသည့် တရုတ်မုန့်မျိုးစုံကိုလည်း အလွယ်တကူဝယ်ယူရနိုင်သည့် နေရာအဖြစ် တည်ရှိနေသည်။ထို့အပြင် ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ Tea Black၊ မူကထ၊ ဆူရှီ၊ ကျိုင်းတုံအကင် အစရှိသည့် အရသာထူးကဲသော စားသောက်ဖွယ်ရာများကလည်း စဉ့်အိုးတန်းလမ်းအတွင်း ရောင်းချကြသလို လမ်းဘေးဝဲယာ တွင် သစ်သီးများနှင့် အစားအသောက်ဆိုင်အချို့ကလည်း ပျံကျအနေအထားဖြင့် ရောင်းချခြင်းများလည်းရှိကြသည်။တရုတ်တန်း၏ နာမည်ကြီးဖက်ထုပ်ကြော်နှင့် ဆာတေးများ၊ ခေါက်ဆွဲသုပ်များကို ၁၈ လမ်းတွင် ရောင်းချကြပြီး ဝက်သားတုတ်ထိုးဆိုင်များ၊ ဝက်သားကောက်ညှင်းထုပ်ဆိုင်များနှင့် တရုတ်တန်း၏ မစားမဖြစ် နာမည် ကျော် ဘောဂနံရိုးပေါင်းဆီချက်များက ၁၇ လမ်းတစ်ဝိုက်မှနေ၍ လာရောက်သူများအတွက် စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။
 
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဘဲသားဆီချက်များ၊ ကိတ်နှင့် ဖျော်ရည်မျိုးစုံဆိုင်များက ၂၁ လမ်းမှ ဗိုလ်ရွဲလမ်းဘက်တွင် အစီအရီရောင်းချနေလျက်ရှိသည်။ထိုလသာတရုတ်တန်းတွင် အဖျော်ယမကာမျိုးစုံနှင့် အကင်မျိုးစုံ အပါအဝင် စားသောက်ဖွယ်ရာမျိုးစုံရှိနေသည့် ၁၉ လမ်းကလည်း နာမည်ကြီးလျက်ရှိသည်။ယင်း ၁၉ လမ်း ကို အမှီပြု၍ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက အခြေတည်ကာ စီးပွားဖြစ်သွားခဲ့သူများလည်းရှိသလို လက်ရှိတွင်လည်း အမှီပြု၍ လုပ်ကိုင်နေသူများလည်း အများအပြားရှိသည်။သက်တမ်းရင့်နေရာလည်းဖြစ်သည့် ယင်းနေရာကို အမှီပြု၍ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်သူများသာမက အနှေးယာဉ်လုပ်သားများ၊ အငှားယာဉ်များ၊ အစားအသောက်အစီအစဉ် Vlog ရိုက်ကူးသူများ၊ အလှူခံများပါမကျန် Supply Change တစ်လျှောက်၌ အကျိုးရှိစေသော အခြေအနေမျိုးကို ကြုံခဲ့ကြသည်။အခါကြီး ရက်ကြီးများ၏ ညပိုင်းအခါမျိုးတွင် အဆိုပါ လမ်းအတွင်း ဖွင့်ထားသည့် ဆိုင်များ၌ ထိုင်စရာခုံ အခက်အခဲဖြစ်လောက်သည်အထိ ရောင်းအားကောင်းခဲ့ဖူးပြီး ည ၁၁ နာရီကျော်လောက်အထိပင် စည်ကားနေဆဲဖြစ်သည်။
 
အပတ်စဉ် Weekend ပရိုမိုးရှင်းအစီအစဉ်များသာမက ဖျော်ဖြေမှုအစီအစဉ်များစွာဖြင့် စည်ကားနေသည့် လသာ တရုတ်တန်းတွင် ယခုလို နှစ်ကုန်ကာလရက်များအတွင်း၌လည်း စည်ကားလျက်ပြီး ဒီဇင်ဘာလဆန်းလောက်ကတည်းက ပြက္ခဒိန်နှစ်တစ်နှစ် ကုန်ဆုံးသည့်အခါသမယနှစ်ကုန် New Year အစီအစဉ်များကို လုပ်ကိုင်လာလျက်ရှိသည်။ဆိုင်များကလည်း သူ့ထက်ငါ ပိုမို၍ရောင်းအားကောင်းကြရန် အပြင်အဆင်အပိုင်းသာမကဘဲ ချက်ပြုတ်သည့် လက်ရာများ၏ အရသာကောင်းမွန်မှုမှာ အပြိုင်အဆိုင်ဖြစ်၍နေလျက်ရှိသည်။ထို့အပြင် သန့်ရှင်းလတ်ဆတ်မှုအပါအဝင် ဝန်ဆောင်မှုများကလည်း စားသုံးသူများနှစ်သက်စေမည့် အခြေအနေဖြစ်အောင် အားပြိုင်နေလျက်ရှိသည်။ယမကာကုမ္ပဏီများနှင့် ပူးပေါင်း၍လည်း စားသောက်သူများအတွက် မှာယူစားသောက်မှုပေါ် မူတည်၍ အပိုလက်ဆောင်များပေးခြင်းဖြင့်လည်းကောင်း Discount များဖြင့် လျှော့ပေး၍လည်းကောင်း၊ ထူးကဲသော ဟင်းလျာများကို ဖန်တီး၍လည်းကောင်း စသည်ဖြင့် New Year အစီအစဉ်များကို လုပ်ဆောင်လာခဲ့ကြသည်။
 
လသာ တရုတ်တန်းကို အမှီပြုရောင်းချရင်း စားသုံးသူများမှ အားပေးမှုကလည်း များလာပြီး တဖြေးဖြေးအောင်မြင်လာကာ နာမည်တစ်လုံးအဖြစ် အခိုင်အမာရသွားခဲ့သည့် စားသောက်ဆိုင်များလည်း ရန်ကုန်မြို့၌ လက်ချိုး၍ မရေတွက်နိုင်အောင်ပင် ရှိနေကြသည်။ထိုသို့စည်ကားခြင်းများနှင့်အတူ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးပွဲတော်ကိုလည်း လသာ တရုတ်တန်း၌ပင် စည်စည်ကားကားပြုလုပ်လျက်ရှိပြီး လမ်းများတွင် ချိတ်ဆွဲထားသော အလှဆင်မီးပုံးများ၊ လမ်းထိပ်ရှိ ခန့်ငြားလှသည့် မုခ်ဦးကြီးများက လာရောက်သူများအဖို့ အင်မတန်တင့်တယ်ဖွယ် ရာကောင်းသည့် မြင်ကွင်းမျိုးဖြင့် မြင်တွေ့စေခဲ့သည်။
 
နှစ်စဉ် ဒီဇင်ဘာလသည် အဆိုပါ လသာတရုတ်တန်းအတွင်း အလွန်စည်ကားသည့်ကာလလည်းဖြစ်သလို မကြာခင်ရောက်ရှိတော့မည့် တရုတ်နှစ်သစ်ကူးအတွက် ပိုမိုစည်ကားစေမည့် အရှိန်အဟုန်မျိုးကို ဖန်တီးရန် အစပျိုးရာ ရက်များလည်းဖြစ်သည်။
 
နှစ်ကာလ မည်သို့ပင် ကြာမြင့်သွားသော်လည်း စားသောက်ဖွယ်ရာမျိုးစုံဖြင့် ပွဲစျေးတန်းကြီးသဖွယ် စည်ကားနေသည့် ရန်ကုန်မြို့က လသာ တရုတ်တန်းမှာ ရောက်ဖူးသူတိုင်းအတွက် အမှတ်ရစရာ အောက်မေ့ဖွယ်ရှိလို့နေဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်