【 ဆောင်းပါး 】 ဒီရာသီမှာ ပူလှလွန်းသည်

【 ဆောင်းပါး 】 ဒီရာသီမှာ ပူလှလွန်းသည်

နွေရာသီ၊ ဒီရာသီမှာ ပူလွန်းလှသည်ဟုသာ ဆိုချင်တော့သည်။

ကျနော်နေသည့်အိမ်မှာ ပျည်ထောင်သွပ်မိုးဖြစ်လေရာ ယနေ့အချိန်ကာလတွင် အတော်လေးကိုရှားပါးသည့် အိမ်ပုံစံဟု ဆိုနိုင်ပေသည်။သို့သော် ကျနော်နေရာ မြို့သစ်တွင်တော့ ဒီလိုအိမ်ဆောက်လုပ်သည့်ပုံတွေက များသဖြင့် အဆန်းတကျယ်တော့ မဖြစ်။အိမ်မှာ ဝန်ထမ်းချေးငွေရစဉ်က ဆောက်ခဲ့သည့် အိမ်ကို ပြန်ဝယ်ထားတာဖြစ်သဖြင့် ဘတ်ဂျက်ကိုက်အောင် ဆောက်ကြသဖြင့် ခေါင်နိမ့်သည်။အမိုးနိမ့်သဖြင့် လေလာလျှင် အဆင်ပြေသော်လည်း ယခုလို နွေရာသီဆို အိမ်ပေါ်မှာ နေ့လယ်နေ့ခင်းဘက် နေလို့မရအောင် ပူသည်။ယခင့် ယခင်ကတော့ ခေါင်ကိုမြင့်လျှင်ကောင်းမည်ဟု စဉ်းစားမိသော်လည်း မလုပ်ဖြစ်။ယခုတော့ ထိုသို့စဉ်းစားခြင်း အကျိုးဆက်ကြောင့် ယခုနွေမှာ နေစရာမရှိအောင် ပူလေတော့သည်။

ယခုနှစ် နွေရာသီက လူပြောများသလို မကြားဖူးတာတွေ ကြားနေရသည်။ကျနော်က ၁၉၆၀ နှင့် ၁၉၇၀ ကြား မွေးခဲ့သူဖြစ်သဖြင့် လူမှန်းသိချိန်တွင် ၁၉၈၀ ဝန်းကျင်ဖြစ်နေပြီ။ထိုကာလတွင် လူနေထိုင်မှုက ရန်ကုန်မှာ ဒီလောက်မစိပ်သေး။အိမ်တစ်လုံးကို ငွေငါးထောင်ဖြင့် ဝယ်လို့ရနိုင်သည်ဆိုသော်လည်း ဝန်ထမ်းလစာမှာ ၈၀ ကျော်သာရှိသည့်အချိန်။ဒီလိုအချိန်မှာ အပင်ကြီးတွေက အတော်များများရှိသေးသည်။ယခုသီးသန့်လိုဖြစ်နေသည့် ပြည်လမ်းလိုနေရာမှာ လမ်းက ယခုလောက် မကျယ်သေး။ဘေးတစ်ဘက်တစ်ချက်မှာ အပင်ကြီးတွေဖြစ်သည့် ကုက္ကို၊ မန်ကျည်း စသည့် အပင်တွေရှိနေသည်။ရန်ကုန်မှာ အပင်တွေ သိပ်သည်းလွန်းသဖြင့် ညဘက်ဆို လမ်းလျှောက်ရတာ တောထဲလမ်းလျှောက်နေရသလို။မနက်ဘက် လမ်းလျှောက်သည်ဆို ဦးဝိဇာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက် ဆိပ်ဖလူးပန်းတွေ၊ ကံကော်ပန်းရနံ့တွေ၊ စပ္ပယ်ပန်းရနံ့တွေ၊ တစ်ခါတစ်ခါ စကားဝါပန်း ရနံ့တွေပါရသည်။ယခုလို ရာသီဆို ပိတောက်ပန်းရနံ့တွေပါ ရတတ်သည်။ထို့ကြောင့် ရန်ကုန်နှင့် နွေအပူမှာ လားလားမှ မဆိုင်သလို။

သို့သော် ပူသည့်နေရာတွေတော့ရှိသည်။ဆူးလေတစ်ဝိုက်၊ ကမ်းနားလမ်းဘက်တွေ၊ နောက် အပင်ကြဲပါးသည့် နေရာအချို့ ဒီလိုနေရာတွေမှာတော့ ပူသည်။ထိုစဉ်က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာမှာ တည်ကာစ မြို့သက်တမ်းနုသေးသဖြင့် ကွင်းပြောင်ပြောင်တွေများသည်။ဒီတော့ ထိုဘက်သို့ အခြေချသူတွေမှာ နွေရာသီဆို အပင်ရိပ်နည်းသဖြင့် ပူလှသည်ချည်းဟုသာ ငြီးကြသည်ကို တွေ့ဖူးသည်။သို့သော် ထိုအပူမှာ ယခုအပူကို မမီ။

မနက်ကတည်းက လေကပူ၊ အငွေ့အသက်ကပူသည်။နေ့လယ်ဆို နေလို့မရတော့။ညနေကျတော့ ကျနော်ဖြင့် အပူကပြင်း။ညဘက်ဆို ချွေးတလုံးလုံးဖြင့်။ဒီထဲ လျှပ်စစ်မီးမလာတာကြောင့် အလင်းပါမရသဖြင့် ပူသည့် အပူက ဆိုးသည်။ဒီတော့ အိပ်မရသဖြင့် အတွေးက ဟိုတွေးဒီတွေး။စိတ်က ငယ်ငယ်တုန်းက နွေရာသီကာလတွေကို စိတ်ကပြန်ရောက်သည်။

ကန်စွန်းခင်းတွေပေါသည့် ကျနော်တို့အရပ်တွင် နွေရာသီဆို ကန်စွန်းသီးလေးတွေ သီးပြီ။ထိုအသီးတွေကို ကန်ဇွန်းခင်းပိုင်ရှင်တွေက မကြိုက်သော်လည်း ကလေးတွေကို ပေးမခူး။နေ့လယ်ဘက်ဆို ကန်စွန်းခင်းတွင် အခင်းပိုင်ရှင်လည်းမရှိ။ဒီအချိန်ကို ကျနော်တို့ ကလေးတွေချောင်းပြီး ခူးကြရသည်။သရေစာရှားသလို အစစအရာရာ ရှားပါးလှသည့် ကျနော်တို့ခေတ်တွင် ကန်စွန်းသီးကလည်း နွေရာသီမှရသည့် သရေစာတစ်မျိုးဖြစ်သည်။တချို့နေရာများတွင် ကန်စွန်းကြီးလို့ခေါ်သည့် မြန်မာကန်စွန်းပင်တွေ ပေါက်လေ့ရှိသည်။ထိုနေရာတွေကိုရှာကာ ကန်စွန်းဥတူးရသည်။ထိုကန်စွန်းဥကို အစိမ်းတိုင်း တစ်ယောက် တစ်ကိုက်စီ ကိုက်စားကြသည်မှာ ယခုတွေးမိတော့ ပျော်စရာ။

မနက်ဆို လမ်းထိပ် ကျောင်းဝိုင်းထဲရှိ မန်ကျည်းပင်အောက်တွင် သွားကစားကြသည်။ဘူတာသို့သွားရာ လမ်းမှာ ဘုန်းကြီးကျောင်းနှင့် ရေကန်ကြားရှိသဖြင့် ထိုလမ်းတွင် နေ့လယ်ဘက် သစ်ပင်အောက် ငါးမျှားနေသူများရှိသလို ဝက်ဆီဖတ်ကြော်နေသူများလည်းရှိသည်။နွေရာသီဆို ထိုလမ်းလေးမှာ သာမန်နေ့များထက်ပိုပြီး စည်ကားသည်။ကုက္ကိုတန်းရှိရာ အဆိုပါလမ်းတွင် ကလေးများက အပင်အောက်မှာ ကစားလို့ရသလို ကုက္ကိုစေ့ကောက်ကာ လှော်ပြီး ပြန်ရောင်းကြ စားကြနှင့်။ညနေရောက်လို့ ခပ်လှမ်းလှမ်းမှ စက်ရုံကနေ ဥဩဆွဲသည့်အခါ နေစောင်းပြီဖြစ်သဖြင့် ဘောလုံးကန်ကြဖို့ ပြင်သည်။ထို့သို့ဖြတ်သန်းရသည့် ကလေးဘဝ နွေရက်များမှာ နေ့အပူချိန် ဘယ်လောက်ရှိသည်၊ ဘာတွေ စံချိန်တင်သလဲဆိုသည်ကို မသိ။သိသည်အချက်ကတော့ နွေရောက်မည့် ကျောင်းပိတ်ချိန်ကာလတွေကို မျှော်နေမိခြင်းပင်ဖြစ်သည်။

ယခု ကလေးတွေ နွေရာသီဆိုတာ ဒီလိုကစားရသောကာလဆိုတာတောင် မသိ။ကျနော်တို့ငယ်စဉ်က နွေရာသီဆိုတာ အရွယ်အလိုက် သိသင့်သိထိုက်သော ရင့်ကျက်မှုကိုရသည့် သဘာဝသင်တန်းဖြစ်သည်။နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးသဘာ၀ကနေ  အဆင့်ဆင့်ကြီးပြင်းလာသည်အထိ မြန်မာ့လူနေမှုစရိုက်၊ ဆောင်ရန် ရှောင်ရန်၊ ဘယ်လိုနေထိုင်ရှင်သန်သည်ကို ဘေးအမြင်ဖြင့် သင်ရသည်။ငါးမျှားနည်း၊ ရေကူးနည်း၊ သစ်ပင်တက်နည်း စတာတွေကို ဒီလိုအချိန်မှာ သူများလုပ်တာကြည့်ပြီး တတ်သွားကြတာ များသည်။ဘယ်နေရာမှာ ဘာအပင်မျိုးရှိသည် ဘယ်အပင်က စားလို့ရသည်။ဘယ်အပင်က ထိခိုက်ဒဏ်ရာတွေအတွက် ညှစ်ထည့်ရသည်။ကစားနည်းတွေမှာလည်း ထိုးကြိတ်ကြသည်မှ ပြေးလွှားရသည်အထိ လူ့ဘဝတွင် ကြုံရနိုင်သည့် အခြေအနေများအတွက် ပြင်ဆင်မှုကို နွေရာသီတွင် သစ်ပင်များအောက် နေထိုင်ရင်း ပြင်ဆင်ကြသလိုဖြစ်သည်။

ယခုခေတ်ကာလတွင်တော့ နွေရာသီကျောင်းပိတ်ရက်ဆိုတာ ကျနော်တို့ခေတ်ကလို မဟုတ်တော့။ကျနော်တို့ခေတ်ကတော့ နွေရာသီဆိုသည်မှာ ပြီးခဲ့သည့် စာသင်နှစ်အတွက် အမောဖြေသည့်ကာလ၊ လာမည့် စာသင်နှစ်အတွက် ပြင်ဆင်ရသည့်ကာလဖြစ်သည်။ယခုတော့ နွေရာသီဆိုသည်မှာ အပူဒဏ်ကြောင့်မသေရန် ပြင်ဆင်ရသည့်ကာလဖြစ်လို့ ဖြစ်မှန်းမသိဖြစ်နေကာ ကလေးသဘာဝ ဆော့ကစားရန်ဆိုသည်မှာ ဝေလာဝေးဖြစ်နေလေသည်။

ယခုတစ်လော မကြာခဏ အပူဒဏ်ကြောင့် မေ့လဲပြီး သေဆုံးတာ၊ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်တာတွေကြောင့် သေဆုံးတာတွေ၊ အောက်ဆီဂျင်ပြတ်ပြီး မူးမေ့တာတွေ ဖြစ်ကုန်သည်။ဒီတော့ ငယ်ငယ်က အဖွားပြောသလို နေပူထဲ အဝတ်လှန်းတာ မီးထလောင်မယ် မြန်မြန်အဝတ်ရုတ်ဆိုသလိုအဖြစ်မျိုး တကယ်ဖြစ်လာတော့မလားဟု တွေးမိသည်။  

အပူဒဏ်ကိုခံရင်း နှီးယပ်တောင်ကို တဖျပ်ဖျပ်ခပ်ရင်း နွေရာသီအကြောင်းတွေးတာ တောရောက် တောင်ရောက်နှင့် ငယ်ဘဝထိ ရောက်သွားသည်။နားထဲလည်း နွေရာသီနှင့်ပတ်သက်သော သီချင်းတစ်ပုဒ်ကို ညည်းမိသည်။ထိုသီချင်းမှာ နွေရာသီ နွေရာသီမှာ ပျော်စရာကောင်းသည် .. ဆိုသော သီချင်း။

ယခုတော့ နွေရာသီ နွေရာသီဟု ပျော်စရာမကောင်းပြီဆိုတာ ဖြစ်လေနေပြီ။

ဖြိုးဝေလှ