【 ဆောင်းပါး 】 ဒြပ်မဲ့ယဉ်ကျေးမှုများထဲမှ မီးထွန်းပွဲတော်

【 ဆောင်းပါး 】 ဒြပ်မဲ့ယဉ်ကျေးမှုများထဲမှ မီးထွန်းပွဲတော်

ရိုးရာဓလေ့အဖြစ် ကျင်းပလာကြသော မီးထွန်းပွဲတော်များသည် မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အစရှိသော အာရှနိုင်ငံအချို့တွင် အထင်ကရပွဲတော်များအဖြစ် ယနေ့တိုင် နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြပါသည်။

နိုင်ငံအလိုက် မီးထွန်းပွဲတော်များကို မတူညီသော သမိုင်းကြောင်းဆိုင်ရာများနှင့် ကျင်းပကြသည်။

မီးထွန်းပွဲတော်များကို အာရှနိုင်ငံအချို့သာမက အမေရိကန်နိုင်ငံရှိ Maryland ပြည်နယ်မှာလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည်ဟု သိရသည်။ MaryLand ပြည်နယ် Annapolis မြို့၏ ဆိပ်ကမ်းတွင် မီးထွန်းပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံရှိ ကျီလင်ပြည်နယ်၊ ဖူကျန်းကျေးရွာမှ တောင်သူလယ်သမားများအပါအဝင် ရွာသူရွာသားများစုပေါင်း၍ ရေပေါ်မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။သီးနှံအထွက်ကောင်းစေရန် ရည်ရွယ်ကျင်းပခဲ့သော ဖူကျန်းကျေးရွာ၏ ရေပေါ်မီးထွန်းပွဲတော်သည် နှစ်ပေါင်းတစ်ရာကျော်သည့်တိုင်အောင် ရှိလာပြီဖြစ်သည်။

ရေပေါ်မီးထွန်းပွဲတော် ကျင်းပမည့်နေ့တွင် ရွာသူရွာသားများနှင့် လာရောက်ဆင်နွှဲကြသည့် ခရီးသွားများသည် စွန်းဟွာရေကန်တွင် မီးပုံးများ ပျော်ရွှင်စွာ မျှောကြသည်။နှစ်ပေါင်း ၁၀၀ ကျော်ရှိလာသော ၎င်းယဉ်ကျေးမှုကို ကျီလင်ပြည်နယ်၊ ကျီလင်မြို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အသိအမှတ်ပြုထားသည်။

ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးတိုင်းမှာရှိသည့် ရှေးသမိုင်းအစဉ်အဆက်ကာလက သုံးစွဲခဲ့သော ပစ္စည်း၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ ရိုးရာဓလေ့များ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုပညာနှင့် အနုသုခုမပညာတို့ဖြစ်သည်။လူသားတို့ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံ စသည်တို့လည်း ပါဝင်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဒြပ်ရှိ၊ ဒြပ်မဲ့ အမွေအနှစ်များစွာရှိသော သမိုင်းကြောင်းစုံလင်လှသည့် ဆွေးမျိုးပေါက်ဖော် နှစ်နိုင်ငံဖြစ်သည်။ရေပေါ်မီးထွန်းပွဲတော် ကျင်းပသော ကျီလင်မြို့နှင့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့သည် ချစ်ကြည်ရေးမြို့အဖြစ် တည်ဆောက်မည့် မြို့နှစ်မြို့ဖြစ်သည်။

ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာတွင် ကူးသန်းရောင်းဝယ်ရေးများ ဖလှယ်ကြသကဲ့သို့ မတူညီသော ယဉ်ကျေးမှုတို့ကိုလည်း ဖလှယ်ကြသည်။

ကျီလင်မြို့သည် စက်မှုထွန်းကားနေသော မြို့ကြီးတစ်မြို့ဖြစ်သကဲ့သို့ ရိုးရာဓလေ့ ယဉ်ကျေးမှုများ စုံလင်နေသော မြို့လည်းဖြစ်သည်။မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှု ကူးလူးဆက်ဆံမှုများသည် ခရစ်နှစ် ၈၀၂ ခုနှစ်ကပင် စတင်ခဲ့သည်ဟု အဆိုရှိသည်။  

မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာ သမိုင်းကြောင်းစဉ်လာများနှင့် မီးထွန်းပွဲတော်များကို သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ဗုဒ္ဓမြတ်စွာဘုရားကို ဆီမီးပူဇော်ခြင်းသည် မြန်မာလူမျိုးတို့အတွက် အထွဋ်အမြတ် ပူဇော်ခြင်းဖြစ်သည်။သီတင်းကျွတ်လပြည်နေ့တွင် မိမိတို့ဒေသရှိ ဘုရားများတွင် ဆီမီးကိုးထောင် ပူဇော်ခြင်းတို့အပြင် နေအိမ်၊ လမ်းမတို့တွင်လည်း ရောင်စုံမီးများဖြင့် လင်းလက်နေအောင် ထွန်းညှိခြင်း၊ ဖယောင်းတိုင်မီးများထွန်းခြင်းတို့ဖြင့် ကျင်းပကြသည်။  

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ရိုးရာဓလေ့အဖြစ် ကျင်းပသော ရေပေါ်မီးထွန်းပွဲတော် များစွာရှိသည်။ရှမ်းနီလူမျိုးများ၏ ရေပေါ်တွင် ဆီမီးထွန်းပွဲနှင့်အတူ ဥပဂုတ္တထေရ် (ရှင်ဥပဂုတ်) ဖောင်ဖွဲ့၍ မျှောသည့် ပွဲများရှိသကဲ့သို့ တာချီလိတ်ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာပန်းဆီမီးမျှောပွဲကလည်း ထင်ရှားသော ပွဲတော်များ ဖြစ်ကြသည်။

တရုတ်နိုင်ငံတွင်လည်း ကျီလင်မြို့၊ ဖူကျန်းကျေးရွာတွင် ကျင်းပသည့် ရေပေါ်မီးထွန်းပွဲတော်အပြင် ကွမ်းရှီးဒေသမှ မြစ်ထဲတွင် မီးပုံးများရေမျှော်ပွဲတော်ကလည်း ဒေသခံများ နှစ်စဉ်ကျင်းပနေသော ပွဲတော်များဖြစ်သည်။  

ထိုင်းနိုင်ငံတွင်လည်း လွယ်ကထုံး (ခေါ်) မီးမျှောပွဲတော်သည် နှစ်စဉ်ကျင်းပသော ပွဲတော်ဖြစ်သည်။ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကလည်း စိတ်ဝင်တစား ပါဝင်ဆင်နွှဲကြသည်။၎င်းပွဲတော်ကို လာအိုနိုင်ငံအပါအဝင် မြန်မာပြည်မှ မွန်၊ တနင်္သာရီ၊ ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း ကျင်းပကြသည်။လွယ်ကထုံး အထိမ်းအမှတ်မှာ မြစ်အတွင်းရှိ နတ်သမီးကို စောင့်ရှောက်ရန် ပူဇော်ပသကြသည့် ဓလေ့ဖြစ်ပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပသည်။

ကမ္ဘာပေါ်တွင်လည်း ဂျူးလူမျိုးများ နှစ်စဉ်ကျင်းပလေ့ရှိသော Hanukkah ရိုးရာမီးထွန်းပွဲတော်ကလည်း အထင်ကရပွဲတော်တစ်ခုဖြစ်ပြီး ဂျူးလူမျိုးများ၏ အလွန်အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ဂျူးလူမျိုးများ၏ Hanukkah ရိုးရာမီးထွန်းပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလ၏ နောက်ဆုံးသီတင်းပတ်များတွင် ကျင်းပကြသည်။

မြန်မာနိုင်ငံတွင်လည်း Hanukkah မီးထွန်းပွဲတော်တို့  အစ္စရေးသံရုံး၊ ဂျူးဘုရားကျောင်းတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ဂျူးလူမျိုးများ၏ Hanukkah ရိုးရာမီးထွန်းပွဲတော် ပေါ်ပေါက်လာပုံမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ဂျူးလူမျိုးများ တိုက်ခိုက်ခဲ့ရသည့် ဂျူးလွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်ပင် နိုင်ငံတိုင်း၊ လူမျိုးစုတိုင်းတွင် သမိုင်းကြောင်းဆိုင်ရာများနှင့် ကျင်းပလာကြသော ပွဲတော်များ တိမ် မြုပ်ပျောက်ကွယ်မသွားအောင် လက်ဆင့်ကမ်း ထိန်းသိမ်းနေကြသည်။ရိုးရာအမွေအနှစ်များအား အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထင်ဟပ်စေသည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) သို့ တင်သွင်းရန် ကောက်ယူထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမျိုးပေါင်း ၃၀၀ နီးပါးရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်များရှိသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မိမိတို့နှင့်သက်ဆိုင်သည့် လူမျိုးတိုင်းအတွက် တာဝန်ရှိသည့်အရာ ဖြစ်လာပါသည်။

ခေတ်ကာလ နည်းပညာများ မည်ကဲ့သို့ပင် ရှေ့ရောက်နေပါစေ သမိုင်းအဆက်ဆက်က ထင်ထင်ရှားရှား ပြုလုပ်လာသည့် ဒြပ်ရှိ၊ဒြပ်မဲ့ အမွေအနှစ်များကတော့ နောင်လာနောင်သားများအထိ ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

အမွန်